Saturday, April 28, 2012

ကန်ဇွန်းရွက် ငါးပိကြော်

ဒီဟင်းကို အရမ်းကြိုက်လို့ ဆိုင်မှာသွားစားတိုင်း ဟင်းရွက်ဆိုရင် သူ့ကိုပဲရွေးချယ်မိတာများပါတယ်။ ငါးပိ၊ ငရုပ်သီးနဲ့ ပုဇွန်ခြောက်ပါတော့ ခပ်စပ်စပ်လေးနဲ့ စားလို့ကောင်းပါတယ်။ စင်္ကာပူကလူတွေတော့ စားဖူးကြမှာပါ။ မစားဖူးသေးတဲ့ သူများစမ်းကြည့်နိုင်အောင် လုပ်နည်းလေးရေးလိုက်တယ်နော်

  • ကန်ဇွန်းရွက် ၄၀၀ ဂရမ် (အရွက်ခြွေထားပါ)
  • ငါးပိကင် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)
  • ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
  • ငရုပ်သီးစိမ်း ၂ တောင့်
  • ကြက်သွန်ဖြူ ၃ မွှာ

ဆော့စ်
  • ပဲငံပျာရည် အပျစ် ထမင်းစားဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည် ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် 

  1. ပထမဆုံး ကြက်သွန်ဖြူ ၊ငရုပ်သီး ၊ငါးပိနဲ့ ပုဇွန်ခြောက်ကိုရောပြီးထောင်းထားပါတယ်။
  2. ဆီစားပွဲဇွန်း ၂ ဇွန်းကို ပူအောင်တည်ပြီး ခုနကထောင်းထားတာများကိုထည့်ကြော်ပါ
  3. ပြီးရင် ကန်ဇွန်းရွက်ထည့်ပြီး မီးပြင်းပြင်းနဲ့  ၁ မိနစ်လောက်ကြော်ပေးပါ
  4. နောက်ဆုံးမှ ဆော့စ်အရောကိုထည့်မွှေပေးပြီး ကန်ဇွန်းရွက်နွမ်းသွားအောင်ကြော်ပေးရင်ရပါပြီ

Tuesday, April 24, 2012

ငါးသေတ္တာထမင်းနယ်နဲ့ ကြက်သားတီရီယာကီ




တစ်ခါတစ်လေကျရင် တစ်ယောက်စာ (ကိုယ့်အတွက်ကိုယ်) ဆိုရင် ဟင်းမချက်ဖြစ်တာများပါတယ်။ အလုပ်ရှုပ်တာနဲ့ စားတဲ့အချိန်နဲ့ဆိုရင် မတန်ဘူးထင်လို့လေ။ အဲဒီတော့ လွယ်လွယ်ကူကူနဲ့ မြန်မယ့်ဟင်းမျိုးလေးတွေရှာပြီး လုပ်ဖြစ်ပါတယ်။ ခုလည်း  လွယ်မယ့်ဟာမျိုးလိုက်ရှာရင်းနဲ့ ငါးသေတ္တာကို တွေ့ပြီးအကြံရတာနဲ့ ထမင်းနယ်စီစဉ်လိုက်တယ်။  

ပါမယ့်ပစ္စည်းလေးတွေကလည်း အလွယ်တကူရနိုင်တာမျိုးလေးတွေပါ။ ငါးသေတ္တာရယ် ထမင်းရယ်ရှိရင် အဆင်ပြေပြီ။ ပထမဆုံးငါးသေတ္တာထဲက ငါးတစ်တုံးနဲ့ အနှစ်နဲနဲကိုယူပြီး ဆီပူပူမှာ ၂ မိနစ်လောက်ကြော်လိုက်ပါတယ်။ ပြီးတော့ ငါးကိုခြေပြီး ထမင်း ပန်းကန်လုံး ၁ လုံးကိုရောနယ်ပေးလိုက်ပါ။ ဆားအချိုမှုန့်ကတော့ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက်အရာသာညှိပြီးထည့်ပေါ့နော်။ ဒါဆိုရင် စားကောင်းတဲ့ ငါးသေတ္တာ ထမင်းနယ်ရပါပြီ။

သူနဲ့တွဲပြီး စားဖို့အတွက်ကို Teriyaki ဆော့ ဆမ်းထားတဲ့ ကြက်သားကြော်လေးလုပ်လိုက်ပါတယ်။

Chicken Teriyaki

  • ကြက်သားရင်ပုံ အသေးတစ်ခု
  • ခေါက်ထားသောကြက်ဥ ၁လုံး
  • ဆား လက်ဖက်ရည်ဇွန်း ၁ ၀က်
  • အချိုမှုန့် အနည်းငယ်
  • ပြောင်းဖူးမှုန့် (သို့)အကြော်မှုန့်ု
  • Teriyaki sauce

  1. ပထမဆုံး ကြက်သားကို အတုံးသေးသေးလေးတွေတုံးထာလိုက်ပြီး ဆား၊အချိုမှုန်နဲ့ နယ်ထားလိုက်ပါ။
  2. ကြက်သားများကို ကြက်ဥခေါက်တဲ့အထဲရောမွှေပေးပြီးမှ ပြောင်းဖူးမှုန့်လူးပြီး ဆီပူပူမှာကြွပ်လာအောင်ကြော် ပြီးဆီစစ်ထားပေးပါ။
  3. စားကာနီးမှ တီရီယာကီဆော့လေး ဆမ်းပါ။

တစ်ယောက်ထည်းစားပေမယ့် ဖြစ်သလိုမဟုတ်ပဲ အရသာရှိတဲ့ ထမင်းနဲ့ ဟင်းလေးကို အချိန်တိုအတွင်းမှာ ပြင်ဆင်ပြီိး စားနိုင်ပါပြီ။ 

Saturday, April 21, 2012

ကြက်သားကြံမဆိုင်ကြော်



တစ်နေ့တစ်နေ့ဘာဟင်းချက်ရပါ့မလဲ ဆိုပြီးစဉ်းစားရတဲ့ ဒုက္ခက မသေးဘူးဆိုတာ အိမ်ရှင်မများ သိကြတဲ့ အတိုင်းပါပဲနော်။ ငယ်ငယ်ကဆိုရင်လဲ အမေအဲလိုညည်းနေတာကို ကြားဖူးနေကြပါ။ ကျွန်မတို့အိမ်မှာလည်း ဟင်းတွေက အမြဲတမ်းထပ်လေ့ရှိပါတယ်။ ကိုယ်တိုင် အိမ်ရှင်မဖြစ်လာတော့မှ အဲဒီကိစ္စကို တကယ်ခေါင်းခြောက်ရတော့တာ။ အလုပ်တစ်ဖက်နဲ့မို့ ရုံးပိတ်ရက် ၂ ရက်မှာပဲ ဟင်းချက်ဖြစ်တာတောင် ဟင်းကထပ်ချင်နေသေးတယ်။ အဲဒီတော့ အပြင်သွားရင်းနဲ့ စားကောင်းတာလေးတွေ့ရင် မှတ်ထား အိမ်မှာပြန်ချက်ပေါ့လေ။ ဒီက အစားအစာတွေဆိုတော့လည်း တရုပ်စာတွေပေါ့။

ဒါပေမယ့် ဒီကြံမဆိုင် ဟင်းလေးကတော့ ချဉ်ချဉ်စပ်စပ်နဲ့  ဗမာပါးစပ်နဲ့ ကိုက်ပါတယ်။လုပ်ရတာ မခက်ပဲ အချိန်တိုအတွင်းမှာ ချက်နိုင်တာမို့ တော်တော်အဆင်ပြေပါတယ်။ မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုးကိုသုံးနိုင်ပါတယ်။ ဒီမှာတော့ ကြက်သားကို သုံးပြထားပါတယ်။ 

(မှတ်ချက် ၊ ဗမာပြည်မှာလဲ မုန်ညှင်းချဉ်နဲ့ အမဲသား၊၀က်သားကြော်စားလေ့ရှိတယ်လို့ ကြားဖူးပါတယ်။ ကျွန်မကတော့ ခုမှစစားဖူးလို့ အရသာကို သိတာပါ။ အိမ်မှာက အဲလိုမုန်ညှင်းချဉ်ကို ကြော်စားလေ့မရှိတော့ အရသာကိုမသိခဲ့ပါဘူး) 


ပါဝင်ပစ္စည်းများ
  • ကြက်သား (သို့) ၀က်သား ၁၅၀ ဂရမ်
  • ကြံမဆိုင် အချဉ်  ၂၀၀ ဂရမ်
  • ငရုပ်သီးအစိမ်း ၃ တောင့်ကို ၂ ပိုင်းစီလောက် ပိုင်းထားလိုက်ပါ (အစပ်မစားနိုင်ရင်လျော့ထည့်နိုင်ပါတယ်)
  • ကြက်သားမှုန့် လက်ဖက်ရည် ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ပုံ
  • ဆီ


ချက်နည်း
  1. ပထမဆုံး အသားတွေကို သေးသေးလေးတွေ လှီးထားပြီး ဆား၊ အချိုမှုန့် နယ်ထားပေးပါ
  2. ကြံမဆိုင်ကို ရေဆေးပြီး လက်တစ်လုံးစာလောက် လေးတွေလှီးထားပေးပါ (ကြံမဆိုင်က သိပ်ချဉ်သွားမှာစိုးလို့ ရေနဲ့ အရင်ဆေးထားလိုက်တာပါ)
  3. ပထမဆုံး ဆီ (စားပွဲဇွန်း ၄ ဇွန်းလောက်မှန်းခြေပေါ့) ကိုပူအောင်တည်ပြီး အသားတွေကို ထည့်ကြော်ပေးပါ။ အပေါ်ယံအရေခွံလေးတွေ တင်းလာပြီဆိုရင် ဆယ်ထားလိုက်ပါ။
  4. ပိုတဲ့ဆီတွေကိုခပ်ထုတ်ထားပြီး စားပွဲဇွန်း ၁ ဇွန်းလောက်သာချန်ထားလိုက်ပါ။ အဲဒီဆီကို အပူပေးပြီး မီးပြင်းပြင်းနဲ့ ကြံမဆိုင်များကို ထည့်ကြော်ပါ။ ဟင်းခတ်မှုန့်နဲ့ သကြားကို ပါထည့်ပြီး သမအောင်မွှေပေးပါ။
  5. ပြီးရင်ရေလက်ဖက်ရေပန်းကန်လုံးတစ်လုံးနီးပါးခန့်ကို ထည့်၊ မီးကိုနဲနဲလျော့၊ အဖုံးအုပ်ပြီး ကြံမဆိုင်နူးအောင် ၁၀မိနစ်လောက်ကြော်ပါ။
  6. ကြံမဆိုင်နူးရင် ကြော်ထားသော အသားနဲ့ ငရုပ်သီးကိုထည့်ပြီး ၂ မိနစ်လောက်ထပ်တည်ပေးပြီးရင် မီးပေါ်မှချလို့ရပါပြီ

ဒါဆိုရင်တော့ ထမင်းဖြူဖြူလေးနဲ့ တွဲစားလို့ လိုက်ဖက်လှတဲ့ ကြက်သားကြံမဆိုင်ကြော်ရပါပြီ။

 

Saturday, April 14, 2012

၁၀မိနစ်ဘိန်းမုန့်၊ Burmese Style Pancake



ဖြတ်လမ်းလိုက်ထားတဲ့ ၁၀ မိနစ်ဘိန်းမုန့်ပါ။ မပြည့်မစုံအလွယ်ဘိန်းမုန့်ပေါ့။ မစုံသာမစုံတာ အရသာကတော့ အပြည့်ပါဘဲ။ တနေ့က အိုင်အိုရာက ဘိန်းမုန့်လုပ်တာတင်ပါတယ်။ သူ့ဘိန်းမုန့်ကိုကြည့်ပြီး သဘောကျတာနဲ့ အိမ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ စမ်းထားတာပါ။ မြန်မြန်ဆန်ဆန်စားချင်တာနဲ့ ချက်ချင်းမုန့်နှစ်စပ်ပြီး ချက်ခြင်းလုပ်လိုက်တာ အရမ်းကိုစားလို့ကောင်းပါတယ်။ အစုံထည့်နိုင်ရင်ပိုတောင် ကောင်းဦးမှာ။ အဲဒါပထမတစ်ခေါက် လုပ်စားပြီး သဘောကျလို့ ထပ်လုပ်တာ ၃ ခါရှိပြီ။ နောက်ဆုံးတစ်ခေါက်တော့ မုန့်နှစ်ကို ညသိပ်ကြည့်လိုက်သေးတယ်။ အရသာကအတူတူပါပဲ။ စမ်းကြည့်ချင်သူများအတွက် လုပ်နည်းရေးပေးထားပါတယ်

ပါဝင်ပစ္စည်းများ
  • ပန်ကိတ်လုပ်သောမုန့်နှစ် (NTUC မှာ ရနိုင်ပါတယ်)
  • ဆန်မှုန့်
  • ညောင်စေးကျအောင် ကျိုထားသော ထန်းလျက်
  • သကြား
  • ထောပါတ်
  • မုန့်ဖုတ်ဆော်ဒါ
  1. မုန့်တစ်ခုစာ အချိုးနဲ့ပဲရေးမယ်နော်။ ပန်ကိတ်မှုန့် ၂ ဇွန်း (စားပွဲတင်ဇွန်း)၊ ဆန်မှုန့်၁ ဇွန်း (စားပွဲတင်ဇွန်း) ကို ရေ၂ဇွန်းခွဲ (စားပွဲတင်ဇွန်း) နဲ့ရောဖျော်ပေးပါ။ မုန့်ဖုတ်ဆော်ဒါ နဲနဲလေး (ပါတယ်ဆိုရုံမျှ) ကိုထည့်ပြီးမွှေပါ။ 
  2. ထန်းလျက် လက်ဖက်ရည်ဇွန်း၁ ထက်ဝက်၊သကြား လက်ဖက်ရည်ဇွန်းဝက် ကိုလည်း ထည့်မွှေလိုက်ပါ။
  3. သမအောင်မွှေပြီးရင် ထောပတ်ကို အပူပေးပြီး မုန့်နှစ်အားလုံးကို ထည့်ပေးပါ။
  4. (အုန်းသီးရှိရင်လည်းထည့်ပေါ့နော်) ဘိန်းစေ့ဖြူးပြီး မုန့်သားမှာ အပေါက်ကလေးတွေဖြစ်လာပြီဆိုရင် တစ်ဖက်လှန်ပေးပါ။ ၂မိနစ်လောက်ထားရင်ရပါပြီ။


This pancake is a little different from usual pancake as I've adjusted the recipe by adding some rice flour. In fact, I am trying to make Burmese pancake using store bought pancake mix. Personally, I prefer Burmese version with a firm texture. Thanks to my fellow blogger, Iora, who shared this lovely recipe. With limited ingredients available at home, I tweak the recipe further. To my surprise, the result is amazing and it is simply delicious. 

Here is the recipe ( for 1 pan cake)
  • 2 Tbsp of pancake mix
  • 1Tbsp of rice flour
  • a pinch of baking soda
  • 2.5 Tbsp of water
  • 1/2 tsp of sugar
  • 1/2 tsp molasses
  • some poppy seeds
  • 1/2 tsp of butter

Mix all ingredients, set it aside. Heat butter in small pan and add in the batter. Sprinkle the poppy seed and allow it to cook for about 2 mins. Then turn to the other side and cook for another 2 mins. Serve hot.

Thursday, April 12, 2012

သင်္ကြန်ဆုတောင်း၊ Happy Burmese New Year

Courtesy of Google Image
နှစ်တစ်နှစ်ရဲ့ အချိန်ကျရောက်လို့လာပါပြီ။ အားလုံးပဲပျော်စရာနှစ်သစ် အခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ လွမ်းလို့ကောင်းအောင် ပန်းတောက်ခက်လေးပါ လက်ဆောင်ထည့်ပေးလိုက်ပါတယ်။  (ပုံတွေအားလုံးကို Google မှကူးပါသည်).

Courtesy of Google Image - The Padauk (Blossom only in April during festive time)

Monday, April 9, 2012

ငါးခြောက်ထမင်းကြော်/ Fried rice with salted fish


လွယ်လွယ်ကူကူ ငါးခြောက်ထမင်းကြော်လေးပါ။ ကြော်နည်းကတော့ လွယ်လွန်းလို့ ရေးရမှာတောင် အားနာမိပါရဲ့။  ဒါပေမယ့်ကျွန်မကလည်း ချက်သမျှလေးတွေ မှတ်တမ်းတင်ထားချင်တော့လည်း မနေနိုင်ပဲ ဘလော့ထဲတင်မိပြန်ပါတယ်။

တစ်ယောက်စာဆိုတော့လည်း ထမင်းလဲ ပန်းကန်လုံး တစ်ဝက်လောက်ပဲသုံးပါတယ်။ ပထမဆုံး ငါးခြောက်လက်တစ်ဆစ်စာလောက်ကို သေးသေးလေးတွေလှီးထားပြီး အရင်ဆီပူပူမှာကြော်ပါတယ်။ နောက် အသီးအရွက်ကိုရောထည့်ပြီး ၂ မိနစ်လောက်ကြော်ပါတယ်။ နောက်တော့ ကြက်ဥကိုထည့်မွှေလိုက်ပြီး ထမင်းကိုနောက်ဆုံးမှ ထည့်ပါတယ်။ ပဲငံပျာရည်အကြည်၊ ကြက်သားမှုန့်အနဲငယ်ထည့်ပြီး ၂ မိနစ်လောက်နေရင် ရပါပြီ။ ငါးခြောက်ပါနေတော့ သိပ်ငံသွားမှာစိုးလို့ ဆားမထည့်တော့ပါဘူး။ စားလို့တော့ အရမ်းကောင်းပါတယ်။


It was a simple dish that I cooked for my weekend lunch. Not many ingredients were used, but the taste was so good that I am going to make it again very soon. Besides, it took me only 10mins to complete this dish. I used only 1/2 cup of cooked rice ( obviously 1 serving ), some mixed veggies (frozen), an egg and finally a small amount of salted fish. The best thing about the dish is the salted fish, which make the fried rice even tastier than ever.

My simple preparation steps as follows:  First, cut the fish into small pieces (sorry I cant remember the exact weight of the fish that I've used). Then heat a table spoon of oil in wok and fry those fish till fragrant. Then add mix veggie and stir fry it for about 2 min with the lid on. Next, add the egg and continue to fry until they are fully cooked (about 1 min). Finally add in rice together with 1/2 Tbsp of light soy sauce as well as 1/2 tsp of seasoning powder and fry for about another 2 mins. Dish out and ready to serve.

Thursday, April 5, 2012

ပြည်ကြီးငါးဆီပြန်၊ Squid Si Pyan


ကြာလှပါပြီ တစ်လောက သူငယ်ချင်းတစ်ယောက်အိမ် အလှုသွားတော့ ဒီဟင်းမျိုးပါတယ်။ စားကောင်းလွန်းလို့ အိမ်မှာပြန်ချက်စားပြီး ဘလော့ပေါ်တင်လိုက်တာပါ။ ဘုန်းကြီးဆွမ်းကပ်ဆိုတော့လည်း ဟင်းတွေက အမယ်စုံ အမျိုးမျိုးပေါ့။ သူငယ်ချင်းအမေက ဟင်းချက်အရမ်းကောင်းတာ ခုမှသိတယ်။ ခါတိုင်းလဲ သွားနေတာပါပဲ ဒါပေမယ့် မသိခဲ့ဘူး။ ဒီလောက်ဟင်းအမယ်များများကို အကုန်လက်ရာကောင်းအောင် ချက်နိုင်တယ် ဆိုတာ မနည်းဘူးလေ။ ဒီပြည်ကြီးငါးဟင်းကတော့ သူငယ်ချင်းကိုယ်တိုင်ချက်တာဆိုပဲ။ တော်တော်ကောင်းလို့ ပြည်ကြီးငါးတစ်မျိုးထဲကို ထပ်ကာထပ်ကာယူမိတယ်။ ဟင်းတွေများလွန်းတော့ ဟင်းခွက်အကုန်မနိုက်နိုင်ပါဘူး။ သူ့ကို ချက်နည်းမေးကြည့်တော့လည်း ရိုးရိုးဆီပြန်ပဲ အဲဒါကိုက စားလို့ကောင်းနေတာ။ ဗမာဆီပြန်ဟင်းကတော့ တော်တော်များများ ချက်တတ်မယ်ထင်ပါတယ်နော်။

လုပ်နည်းလည်း အထူးတလယ်မရေးတော့ပါဘူးနော်။ ပြည်ကြီးငါးကို သန့်ရှင်းရေးလုပ် သေးသေးလေးတွေလှီး။ ကြက်သွန်ဖြူ၊နီ၊ ခရမ်းချဉ်သီး ဆီသတ်၊ နံနံပင်ထည့်၊ ပြည်ကြီးငါးထည့် ခဏနေဆိုရပြီ။ အောက်မှာတော့ ဘလော့လာလည်တဲ့ ဗမာမဟုတ်တဲ့ သူငယ်ချင်းတွေ စမ်းချင်ရင်စမ်းနိုင်အောင် အင်္ဂလိပ်လိုရေးပေးထားလိုက်တယ်။ ပြည်ကြီးငါးဆီပြန်မချက်ကြည့်သေးရင် ချက်ကြည့်စေချင်တယ်။ အရမ်းကိုစားလို့ကောင်းပါတယ်။























Here is the recipe

  • 2 medium size squid (clean and cut into small pieces and season with salt and pepper)
  • 1 big tomato (thinly sliced)
  • 2 onions (chopped or you can use food processor)
  • 3 cloves of garlic
  • some coriander (chopped)
  • some red chili
  • about 10 Tbsp of vegetable oil
  • 1 Tbsp of chili powder
  • 1 tsp of seasoning powder 
  • some fish sauce to taste

Method
  1. Heat oil in work and fry onions and garlic until they become soft.
  2. Add tomato, chopped coriander, red chili , seasoning powder, 1Tbs of chili powder and some fish sauce (adjust to your taste).
  3. Cook for about 5 to 7 mins or until the tomatoes are fully cooked ( you should see some clear oil by then - that is called "Si Pyan")
  4. Finally, add the seasoned squids and cook for a few minutes only. Note, don't over cook as it will make the texture of the squid rubbery instead of just soft.
  5. Dish out and  garnish with some fresh coriander. Enjoy.