Thursday, May 31, 2012

ဆွမ်းမွှေးထောပတ်ကိတ်



အမြဲတန်း marble cake စားရတာရိုးနေပြီ ထင်ပါတယ်။ အဲဒါကြောင့် ဆန်းမယ်ထင်တဲ့ ကိတ်မုန့်လေးကို စမ်းလုပ်ကြည့်ခဲ့ပါတယ်။ ဆွမ်းမွှေးရွက်အနှစ်ကို ထည့်ထားတာကြောင့် စိမ်းစိမ်းလေး ဖြစ်နေပြီး ထောပတ်နံ့ရယ် ဆွမ်းမွှေးရွက်အနံ့ရယ်ကြောင့် အနံ့လေးက အတော်သင်းပါတယ်။ အမြင်လေးလဲ ဆန်းတာကြောင့် ဧည့်သည်လာရင် ဧည့်ခံလို့ အကောင်းဆုံးကိတ်တစ်ခု ဖြစ်မယ်ထင်ပါတယ်။ ဒါ့အပြင် နွားနို့အစား နို့စိမ်းကို သုံးထားတာကြောင့် အရသာလေးက ပိုပြီးဆိမ့်ပါတယ်။ မုန့်သားကလည်း မချောက်ပဲ တော်တော်ကို နူးညံ့ပျော့ပြောင်းနေတာကြောင့် ဒီမုန့်ကလေးကို နှစ်သက်သွားခဲ့တာပါ။ အထူးခြားဆုံးကတော့ မုန့်သားအလွှာလေးတွေကို ကိုကိုးပေါင်ဒါ အမှုန့်နဲ့ ခြားထားတာကြောင့် ခဲနဲ့ဆွဲထားသလိုတိတိကျကျလိုင်း
ကလေးတွေ ဖြစ်နေတာပါပဲ။

 ပါဝင်ပစ္စည်းများ
  • ထောပတ် 200gm
  • သကြား 200gm
  • ကြက်ဥ ၄ လုံး
  • ဂျုံ ၂၀၀ ဂရမ်
  • 1 tsp baking powder
  • နို့စိမ်း ၁၀၀ ml
  • ဗနီလာအနံ့ လက်ဖက်ရည် ၁ ဇွန်း
  • ဆွမ်းမွှေးအနှစ် လက်ဖက်ရည် ၁ ဇွန်း
  • ကိုကိုး ပေါင်ဒါ စားပွဲဇွန်း ၃ ဇွန်းခန့်

Pandan paste (ဆွမ်းမွှေးအနှစ်) photo courtesy of google image.


မုန့်လုပ်နည်းအဆင့်ဆင့်ကတော့ ဟိုတုန်းကဟာတွေလိုပါပဲ

  1.  သကြားနဲ့ ထောပတ်ကို ပွအောင်မွှေ
  2. ကြက်ဥကို တစ်လုံးချင်းစီထည့်၊ သမအောင်မွှေ
  3. ပြီးရင် စကာစစ်ထားတဲ့ ဂျုံ+ ပွဆေး တစ်ဝက်ထည့်
  4. နို့စိမ်း+ ဗနီလာ ထည့်မွှေ ပြီးနောက်ဆုံးမှာ ကျန်တဲ့ဂျုံကို ထည့်ပြီး အဆုံးသတ်။ ဒါကလုပ်နေကျအစီအစဉ်အတိုင်းပေါ့
  5. ရလာတဲ့ မုန့်နှစ်တွေကို ထက်ဝက် ခွဲ ပြီးရင် ဆွမ်းမွှေးနှစ် နဲ့ရောမွှေလိုက်ပါ။ ဒါဆို အစိမ်းရောင် နဲ့ အဖြူရောင် မုန့်နှစ်ရပါပြီ
  6. ပထမဆုံး နှစ်သက်ရာ မုန့်နှစ်ကို ဗန်းထဲထည့် မျက်နှာပြင် ညီအောင်ညှိပေးပါ
  7. ပြီးရင် ကိုကိုးမှုန့်ကို မျက်နှာပြင် အပြည့် စကာချပေးပါ (ပုံထဲမှာပြထားပေးပါတယ်)
  8. ပြီးရင် နောက်အလွှာ (အရောင်မတူတဲ့ မုန့်နှစ်)တစ်လွှာထည့် ကိုကိုးမှုန့်ခင်းပြီး မုန့်နှစ်ကုန်အောင် ဆက်လုပ်သွားပါ
  9. နောက်ဆုံး အလွှာပြီးရင် ကိုကိုးမဖြူးပါနဲ့။ ၁၆၀ ဒီဂရီ အာဗင်မှာ ၁ နာရီဖုတ်ပြီး ရင် သိပ်လှတဲ့ အလွှာလိုက်မုန့်လေးတွေ ထွက်လာပါပြီ

ဒီမုန့်မျိုးနဲ့ ဧည့်သည်တွေကို ဧည့်ခံရင်တော့ မျက်နှာပန်းလှစေမှာ အသေအချာပါပဲ။
**This recipe is adapted from Wendy@ Table for two or more. Thanks Wendy for sharing such a beautiful recipe.

Friday, May 25, 2012

ချောကလက် ပေါင်မုန့်ကြက်ဥကြော်



ခုတစ်ခါတော့ အလွယ်လမ်းလေး လိုက်လိုက်ဦးမယ်။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ မနက်စာပေါင်မုန့်ကြော်လေးပါ။ ရိုးရိုးကြော်တာကို နဲနဲလေးထူးသွားအောင် ထပ်ကွန့်လိုက်ပြီး အထဲမှာချောကလက်ထည့်လိုက်တာ။ တကယ်တမ်း ဒီအိုင်ဒီယာက စာအုပ်လေးတစ်အုပ်ထဲက ရတာပါ။ စာအုပ်ဆိုင်ရောက်ရင် အရင်ဆုံးကြည့်မိတဲ့ အတန်းကအစားအသောက်စာအုပ်တန်း။ အမြဲတမ်း ဟိုမွှေဒီမွှေနဲ့ ဟင်းချက်စာအုပ်တွေအားလုံးကို အငမ်းမရကြည့်တာက အကျင့်တစ်ခုကို ဖြစ်လို့။ လိုချင်တာကတော့ အကုန်လုံး ဒါပေမယ့် လိုချင်တိုင်းလည်း ၀ယ်လို့မဖြစ်နိုင်ဘူးမလား။ တစ်ခါတစ်လေကြရင် ကြိုက်တာလေးတစ်ခုနဲ့ တစ်အုပ်လုံးဝယ်မိတဲ့ အခါမျိုးတွေလဲ ဖြစ်လားဖြစ်ရဲ့။ အဲဒါနဲ့ပဲ ဆင်ခြင်ဦးမှဆိုပြီး ကြိုက်တာတွေ့ရင် စိတ်ထဲမှတ်လာ မှတ်မိရင်လဲ ပြန်ချက် မမှတ်မိတဲ့ဟာကျတော့လည်း ထားလိုက်နဲ့လုပ်နေတာ။ ဒီဟာလေးက လွယ်လွယ်လေးဆိုတော့ မှတ်မိနေတာ။

နိုင်ငံခြားမှာနေရတဲ့ ကျွန်မတို့အတွက်က မနက်စာကို ပေါင်မုန့်စားရင်စား မစားရင် ကွေကာအုပ်လိုဟာမျိုးပဲစားဖို့
အဆင်ပြေပါတယ်။  ကမန်းကတမ်းစားပြီး ရုံးသွားရတာကိုးနော်။ တကယ်စားချင်တာကတော့ မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲ၊ နန်းကြီးသုပ်....စတဲ့မြန်မာအစားအစာတွေ.ရေးပြရင်ကုန်မယ်မထင်ဘူး။ ပေါင်မုန့်ကို အမြဲတမ်းရိုးရိုးကြီးစားရတာလဲ ပျင်းစရာကြီးနော်။ အဲဒါနဲ့ပဲ ဒီနည်းကို စမ်းလုပ်ကြည့်လိုက်တာ။ မဆိုးပါဘူး အပြောင်းအလဲလေးပေါ့။

ပါဝင်ပစ္စည်းများ
  • ပေါင်မုန့်
  • ချောကလက်
  • ကြက်ဥ
  • ထောပတ်




လုပ်နည်းက လွယ်လွယ်လေးပဲနော်။ ပေါင်မုန့်ကြားထဲ ချောကလက်ညှပ် ထွက်မကျအောင် သွားကြားထိုးတံလေးနဲ့ထိုး။ ကြက်ဥခေါက်ထားတဲ့အထဲနှစ်ပြီး ထောပတ်ကိုအပူပေးထားတဲ့ အထဲထည့်ကြော်ရင်ရပြီ။ စားခါနီးအလှဆင်ချင်ရင် သကြားမှုန့်လေး ဖြူးလိုက်ရင် စားဖို့အသင့်ဖြစ်နေပါပြီ။ နောက်မှပဲဟင်းချက်နည်း အဆန်းလေးတွေရေးတော့ ခုတော့ လွယ်လွယ်ကူကူလေးကိုပဲ အားပေးကြပါဦး။

Monday, May 21, 2012

Delicious Egg Tarts


မုန့်တွေလုပ်တာကြာပြီဖြစ်ပေမယ့်လို့ မလုပ်ကြည့်ရသေးတာ ဒီမုန့်လေးပါ။ အကြောင်းကြောင်းကြောင့် သူ့အလှည့်မရောက်နိုင်ပဲ တခြားမုန့်တွေနဲ့သာ အချိန်ကုန်သွားတာများပါတယ်။ ဒီတစ်ခါတော့ ဖြစ်အောင်လုပ်စားမယ်ဆိုပြီး လိုအပ်တဲ့ ပစ္စည်းလေးတွေဝယ်လာပြီးတဲ့နောက်တော့ တကယ်လုပ်ဖြစ်သွားပါတော့တယ်။ တခြားမုန့်တွေလိုသိပ်ဇယားမရှုပ်ပဲ စားလို့ကောင်းတဲ့ မုန့်လေးမို့လို့ ခဏခဏလုပ်စားဖြစ်မှာတော့ မြင်ယောင်နေပါတယ်။ စာအုပ်ထဲက မုန့်လုပ်နည်းနဲ့ အင်တာနက်ပေါ်က ရှာတွေ့သော မုန့်လုပ်နည်းကို ၂ မျိုးရောမွှေထားသော ကျွန်မရဲ့နည်းပေါ့နော်။

ဒီလိုဆိုဒ်မုန့်မျိုးလေးတွေ ၁၁ ခု ထွက်ပါတယ်။ ပိုတဲ့ကြက်ဥအရည်တွေကိုတော့ ပေါင်းလိုက်ပြီး ကြက်ဥပေါင်းလုပ်စားလိုက်တယ်။

ဂျုံသားအတွက်
  • ဂျုံ ၂၀၀ ဂရမ်
  • icing sugar -  ၆၀ ဂရမ်
  • ထောပတ် ၁၀၀ ဂရမ်
  • ကြက်ဥ အနှစ် ၁ခု
  1. ဂျုံနဲ့ သကြားမှုန့်ကို ရောမွှေထားပြီး ထောပတ်နဲ့ နယ်ပေးပါ။ 
  2. ပုံမှာ ပြထားသလို အဖတ်အဖတ်ကလေးတွေ ဖြစ်လာပြီဆိုရင် ကြက်ဥအနှစ် ၁ ခုကိုရောမွှေပြီး ဂျုံအလုံးဖြစ်အောင် လုံးထားပါ။ 
  3. ပြီးရင် ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်လောက်ထားပေးပါ။ ပြီးရင် 1/2 စင်တီမီတာ လောက်အထူအပြားရအောင် ဆီစိမ်စက္ကူ ၂ခုကြားမှာ ဒလိမ့်တုံးနဲ့ လှိမ့်ပေးပါ။
  4. မုန့်ဖုတ်မယ့် ခွက်ကလေးထက်နဲနဲကြီးကြီးအောင် ဖြတ်ပေးပြီး ခွက်ကလေးတွေထဲကို အသာအယာဖိသိပ်ပေးပါ။ ခွက်အောက်ခြေကို ခက်ရင်းလေးနဲ့ ၃ ချက်လောက်ထိုးပေးပါ။ ဒါဆိုရင် မုန့်ဖုတ်မယ့် ခွက်ကလေးတွေ အသင့်ဖြစ်နေပါပြီ။ ကြက်ဥရည် အဆင်သင့်မဖြစ်ခင် အဲဒီခွက်ကလေးတွေကို ရေခဲသေတ္တာထဲမှာ ထားပေးပါ

ကြက်ဥရည် ပြင်ဆင်ခြင်း
  • ကြက်ဥ၃ လုံး
  • ကြက်ဥအကာ၁ခု
  • သကြား ၁၀၀ ဂရမ်
  • ရေ ၁၀၀ ဂရမ်
  • နွားနို့ ၂၀၀ ဂရမ်
  1. ရေနဲ့ သကြားကိုအရင်ကျိုပြီး အအေးခံထားပါ
  2. ကြက်ဥနဲ့ နွားနို့ကိုခေါက်ထည့်ပြီး သမအောင်မွှေပေးပါ။
  3. ပြီးရင်အဲဒီကြက်ဥ ရည်ကို စကာ ၂ ခါလောက်ချပေးပါ (ဒါမှ မုန့်သားချောချောမွတ်မွတ်လေးတွေရမှာ)
  4. ပြီးရင် ခုနကလုပ်ထားတဲ့ ခွက်ကလေးတွေထဲထည့်ပြီး ၁၇၀ ဒီဂရီအာဗင်မှာ မိနစ်၂၀ဖုတ်ပေးပါ ပြီးရင် ၁၆၀ ဒီဂရီကိုလျော့ချပြီး ၁၀ မိနစ်ထပ်ဖုတ်ပေးပါ။
  5. ဒါဆိုရင် စားလို့ကောင်းတဲ့ ကြက်ဥမုန့်လေးတွေရပါပြီ

 

Friday, May 18, 2012

Coffee Liquor Cake/ ကော်ဖီအရက်နဲ့ လုပ်ထားတဲ့ကိတ်



ဒီတစ်ခါတော့ အရက်နဲ့လုပ်ထားတဲ့ ကိတ်ကလေးတွေကို တင်ပါ့မယ်။ အတိအကျဆိုရင် ကော်ဖီအရက်ပေါ့။ တလောက Ann ရဲ့ ဘလော့ကိုသွားကြည့်ပြီး သူ့မုန့်လေးတွေကိုချစ်တာနဲ့ သူ့အတိုင်းလိုက်လုပ်ချင်တဲ့ ရောဂါတက်တော့တာပဲ။ အညွှန်းတွေကလဲ ခပ်ကောင်းကောင်းဆိုတော့ ဒီမုန့်ကို ငါရအောင်လုပ်မယ်လို့ အားခဲပြီး အဓိကကျတဲ့ Ingredient အသဲအသန်ရှာတော့ပါပဲ။ အဲဒီမှာ ပါတဲ့ အဓိကမင်းသားက coffee liquor ။ ဈေးပတ်ရင် အရက်တန်းကို မိန်းမတန်မယ့် အသည်းအသန်ကြည့်လဲကြည့်ရဲ့ ။ ဒါပေမယ့်လဲမတွေ့ပြန်ဘူး။ အဲဒါနဲ့ပဲ သူ့ကိုပဲမေးလိုက်တော့ cold storage မှာရှိပါတယ်တဲ့ ဈေးတော့နဲနဲကြီးတယ်လို့ ဆိုလာ
တယ်။ သူ့ဆီကသိရရခြင်း အလုပ်အပြီး ဆိုင်ကိုပြေးတော့တာပဲ။ တွေ့လိုက်တော့ $S 70တဲ့။ သုံးရမှာက ၃ ၊၄ ဇွန်းသာသာ ပေးရမယ့်ပိုက်ဆံက ၇၀ဆိုတော့ အောင်မြင်စွာနဲ့ပဲ တပ်ခေါက်ပြန်လာခဲ့တော့တယ်။ တခြားအကြံကလည်း ရှိသေးတာကိုး။ ဘာလဲဆိုတော့ အဲဒီအချိန်မှာ အိမ်ကလူကြီးက ဂျပန်ကို သင်တန်းသွားလို့ ပြန်လာခါနီးတစ်လ အလိုလောက်ဆိုတော့ လေဆိပ်မှာဝယ်ရင် သက်သာနိုင်တယ်ဆိုပြီး သူ့ကိုရအောင်ဝယ်ခဲ့ပေးပါဆိုပြီး မှာလိုက်ပါတယ်။ ပြန်ရောက်တဲ့နေ့မှာ သူ့ကိုသွားကြိုရင်း အဲဒီပုလင်းပါလာတာကို မြင်လိုက်တော့ ၀မ်းသာလိုက်တာဆိုတော့ မပြောပါနဲ့တော့။ ဈေးကို မြင်တော့ ဘာပြောကောင်းမလဲ ကောင်းလိုက်တဲ့အကြံဆိုပြီး ကိုယ့်ဘာသာကိုယ် ချီးမွမ်းမဆုံးဖြစ်နေတာ။ ဈေးက S$ 27...ပါ။ ဟုတ်ပ့ါ အဲသလောက်ကိုကွာတာ။

လိုချင်တာရတော့ မုန့်ဖုတ်ခြင်းအလုပ်ကို အကောင်အထည်ဖော်ပါတော့တယ်။ Mini Muffin ခွက်လေးတွေကလည်း ရှိတော့ အသင့်ပါပဲ။ လွယ်ကလည်းလွယ်။ ရှိသမျှ ပစ္စည်းအားလုံးကို ရောမွှေပြီး အာဗင်ထဲထည့်ရင် မုန့်ဖြစ်ပြီ။ အရသာက ကော်ဖီနဲ့ အရက်နဲ့ရောထားတာကြောင့် ခါးသက်သက် ကော်ဖီအရသာမျိုးလေးထွက်ပါတယ်။ မုန့်အသေးလေး ၁၂ခု ထွက်ပါတယ်။ မုန့်လုပ်ပြီး ဓာတ်ပုံရိုက်ပြီးတော့ ညနေ ၄နာရီခွဲ ကော်ဖီသောက်ချိန်အမီပေါ့နော်။ အဲဒါ အိမ်ကလူကြီးကို မြည်းခိုင်းတော့ သူကသိပ်အကြိုက်ကြီးတော့ မဟုတ်ဘူးလို့ဆိုတယ်။ ကျွန်မကလည်း ဩော်ဟုတ်လားပေါ့ ခဏနေမှ မြည်းကြည့်မယ်ဆိုပြီး ပုံတွေ edit လုပ်ဖို့အခန်းထဲဝင်သွားလိုက်ပါတယ်။  မိနစ်၂၀လောက်ကြာပြီး အိမ်ရှေ့ထွက်လိုက်တော့ မုန့်တွေထည့်ထားတဲ့ ပန်းကန်မှာ ၄ ခုလား၊ ၅ ခုလားပဲကျန်တော့တယ်။ မြတ်စွာဘုရား မုန့်တွေဘယ်ရောက်ကုန်တုန်းဆိုတော့ ကျေးဇူးရှင်က ရယ်ကျဲကျဲနဲ့ တစ်ခါစားတစ်လုတ် နဲ့ မြည်းလိုက်တာ အဲလောက်ပဲကျန်တော့တယ်တဲ့။ သူသိပ်မကြိုက်တာက အဲသလို :D. မုန့်လေးတွေကလဲ သေးသေးလေးတွေဆိုတော့ တစ်လုတ်စာလေးတွေနဲ့ ဟုတ်နေတာ။ အဲဒါသူနဲ့ အတင်းလုစားပြီး ညနေ ၅ နာရီမှာပဲ မုန့်တဗန်းလုံးက တက်တက်ပြောင်ပါတော့တယ်။

ကဲစိတ်ဝင်စားရင်စမ်းကြည့်ကြနော်။ တကယ်လို့ coffee liquor ကိုမရခဲ့ရင် Rum နဲ့ အစားထိုးနိုင်ပါတယ်တဲ့။ အဲဒီတော့ အရက်ကြိုက်တတ်သော အိမ်ရှင်များသတိပြုပါ။ ရမ်ပုလင်းတွေဘာတွေလုံအောင်ဖွက်ကြပါ။ မဟုတ်လို့ မုန့်ထဲရောက်ကုန်ရင် တာဝန်မယူပါ :D



ပါဝင် ပစ္စည်းများ

  •     2 tbsp Plain flour, sifted
  •     1/2 cup Icing sugar ~ 40g
  •     1/4 cup Almond meal ~ 30g
  •     2 tsp Instant coffee powder
  •     40g Butter, melted
  •     2 Egg whites ~ 80g
  •     1/4 cup Kahlua coffee liquour

အာဗင်ကို ၁၈၀ ဒီဂရီ အပူပေးထားလိုက်ပါ။ ကော်ဖီအရက်ကလွဲပြီး ကျန်တာအားလုံးကို လက်နဲ့ပဲရောမွှေထားပြီး ဆီသုတ်ထားတဲ့ မုန့်ဖုတ်ခွက်ကလေးတွေထဲမှာ ထည့်ပါ။ ပြီးရင် မိနစ် ၂၀-၂၅ မိနစ်လောက်ဖုတ်ပြီး အာဗင်ပေါ်က ချချခြင်း ကော်ဖီအရက်ကိုမုန့်လေးတွေပေါ်လောင်းပေးပါ။ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲလောက်စီပေါ့။ နဲနဲကြီးတဲ့ ခွက်နဲ့လုပ်ရင်ပိုလောင်းပါ။ လုံးဝအေးသွားပြီဆိုရင် icing sugar ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
 
I'd like to say thank you Ann for sharing Donna hay's recipe. I find her recipes are very easy to follow too.. 

Monday, May 14, 2012

Coca Cola Chicken/ ကိုကာကိုလာနဲ့ ချက်တဲ့ကြက်သားဟင်း


ဒီတစ်ခါမှာ စားလို့သိပ်ကောင်းတဲ့ ကိုကာကိုလာကြက်သားဟင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟုတ်ပါတယ် ကြက်သားကို ကိုကာကိုလာနဲ့ ချက်ထားတာပါ။ ကျွန်မလဲ ကြားခါစကတော့ အထူးအဆန်းဖြစ်မိပါတယ်။ ဘယ်လိုဟင်းမျိုးပါလိမ့်ပေါ့။ ဒါပေမယ့် စမ်းကြည့်ပြီးသွားတဲ့ အခါမှာတော့ နောက်ထပ် အခါခါချက်ရမယ့်ဟင်းစာရင်းထဲကို ပါသွားပါတော့တယ်။ အရသာက ခပ်ချိုချိုနဲ့မို့ ထမင်းနဲ့စားမှာထက် Appetizer လိုမျိုးစားဖို့ပိုသင့်တော်ပါလိမ့်မယ်။ ဒင်ဆမ်းမှာပါလေ့ရှိတဲ့ ကြက်ခြေထောက်ပေါင်းသဘောမျိုးပေါ့။ ကျွန်မရဲ့ guinea pig တစ်ဖြစ်လဲ အိမ်ဦးနတ်ကတော့ ဒီဟင်းလေးကို အရမ်းကိုသဘောကျပါတယ် :P ။ recipe ကို share ပေးတဲ့  HBS ကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း။ Thanks much HBS for sharing such a wonderful recipe. This is going to be a keeper for me.

ပါဝင်ပစ္စည်းများ
  • Chicken drumettes 5
  • Coke 250ml
  • ငရုပ်ပွရောင်စုံ
  • ဆား လက်ဖက်ရည်တစ်ဇွန်း
  • ငရုပ်ကောင်း လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပျာရည်အနောက် စားပွဲဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ အကြီး ၁လုံး - ပါးပါးလှီးထား
  • ကြက်သွန်ဖြူ ၃ မွှာ - ဓါးပြားရိုက်ထား
  • ဂျင်း လက်တစ်ဆစ်စာ- ပါးပါးလှီးထား


 
  1. ပထမဆုံးကြက်သား drumettes ၅ ခုကို ဆား၊ ငရုပ်ကောင်း၊ကြက်သားမှုန့်၊ ပဲငံပျာရည် အနောက် နှမ်းဆီတို့နဲ့ ရောနယ်ပြီး နာရီဝက်လောက် နှပ်ထားလိုက်ပါ
  2. ဆီ စားပွဲဇွန်း ၁ ဇွန်ကိုအပူပေးပြီး ကြက်သွန်ဖြူ၊နီ၊ဂျင်းကို ဆီသတ်ပေးပါ။
  3. ကြက်သွန်တွေ နွမ်းသွားပြီဆိုရင် ကြက်သားကိုထည့်ပြီးခဏလုံးပေးပါ။ ပြီးရင် ရေအနည်းငယ်ထည့်ပြီး ကိုကာကိုလာတွေကိုပါ ထည့်ပေးပါ။
  4. ဆူပြီဆိုရင် မီးလျော့အဖုံးအုပ်ပြီ်း၄၅ မိနစ်လောက်တယ်ရပါမယ်။ ချကာနီး ၅ မိနစ်အလိုလောက်မှာမှ ပါးပါးလှီးထားတဲ့ ပန်းငရုပ်ပွတွေကိုထည့်လိုက်ပါ။
  5. အနှစ်တွေတော်တော်ပျစ်လာပြီဆိုရင် ချပြီးသုံးဆောင်လို့ရပါပြီ။

အရမ်းကိုစားကောင်းတဲ့ ဟင်းတစ်ခွက်မို့ စမ်းကြည့်စေချင်ပါတယ်

Thursday, May 10, 2012

သရက်သီးကိတ်

ခုနောက်ပိုင်းပို့စ်တစ်ခု အပြီးမှာရော side bar မှာပါ နောက်တင်မယ့် ဟင်းလေးမုန့်လေးတွေကို ကြိုပြောလေ့ရှိပါတယ်။ အဲဒါကလည်း မေ့သွားမှာစိုးလို့ရယ် အစီအစဉ်တကျလေးတင်ချင်လို့ရယ်ပါ။ ဒါပေမယ့်လည်း မနေ့က ကွန်ပြူတာထဲကဖိုင်တွေကို လျောက်ကြည့်လိုက်တော့ မတင်ရသေးတဲ့ မုန့်တွေတော်တော်များနေတာတွေ့လိုက်ရတယ်။ ဒါနဲ့ အရင်တုန်းကလုပ်ပြီးသားမုန့်လေးေ
တွ သိပ်ကြာသွားမှာစိုးလို့ ဒီမုန့်လေးကို ကြားဖြတ်အစီအစဉ်အနေနဲ့ ထည့်လိုက်ရတာပါ။ သရက်သီးကြိုက်တဲ့သူတွေ နှစ်သက်ကြမှာပါ။

မုန့်လေးကတော့ သေးသေးလေး။ အဲလိုပဲ သရက်သီးလေးတွေကလည်း သေးသေးလေးတွေ။ ကျွန်မတို့ရုံးမှာတစ်ပတ်တစ်ခါ အသီးတွေလာရောင်းလေ့ရှိပါတယ်။ ရုံးက၀န်ထမ်းတွေ အဆင်ပြေအောင် သူတို့ညှိပြီးလုပ်ပေးတယ်လို့ပြောကြတာပဲ။ ဈေးကတော့ အပြင်ကနဲ့ သိပ်မကွာပါဘူး။ ဒါပေမယ့် တစ်ချို့ကားရှိတဲ့လူတွေကျတော့လည်း ဈေးသပ်သပ်သွားစရာမလိုပဲ အိမ်ကိုပြန်သယ်သွားရတော့ အဆင်ပြေကြတာပေါ့လေ။ တစ်ခါတစ်လေလဲ အပြင်မှာ မရနိုင်တဲ့ သစ်သီးလေးတွေပါလာလေ့ရှိတယ်။ ဒီသရက်သီးလေးတွေလဲပါတယ်။ တကယ်သေးသေးလေးတွေ ၃ လက်မလောက်လေးတွေပေါ့။ အဲဒါလေးတွေတစ်ထုပ်ဝယ်လာပြီး မကုန်နိုင်ဖြစ်နေတာနဲ့ မုန့်လုပ်တဲ့အထဲရောက်သွားတာ။ မုန့်ကလည်း ကျွန်မအမျိုးသားခရီးသွားတုန်း လုပ်ထားတာဆိုတော့ ကျွန်မတစ်ယောက်စာ မကုန်နိုင်မှာစိုးတာနဲ့ အသေးဆုံးဗန်းလေးကို ရွေးလိုက်တာ။

မုန့်လုပ်နည်းကတော့ ထောပတ်ကိတ်ကို သရက်သီးထည့်လိုက်တာပဲကွာတာပါ။ အားလုံးကတော့ ထောပတ်ကိတ်လုပ်နည်းအတိုင်းပဲ။


 Note : ဒီသရက်သီးကိတ်ရဲ့ ဗန်းက အသေးလေးမို့လို့ recipe အချိုးကိုလည်း ထက်ဝက်ဝက်ထားပါတယ်။
တကယ်လို့ ပုံမှန်း ဗန်းဆိုဒ် ၈ x ၁၁ ဆိုရင် recipe ကို ၂ ဆ တိုးပေးပါ။

  
ပါဝင်ပစ္စည်းများ

  • ဂျုံ ၇၅ ဂရမ်
  • baking powder 1/2 teaspoon
  • သကြား ၆၅ ဂရမ်
  • ထောပတ် ၄၅ ဂရမ်
  • နွားနို့် ၂၅ မီလီလီတာ
  • ကြက်ဥ ၁လုံး
  • သရက်သီး (အစိတ်ကလေးတွေလှီးထား)

သကြား စားပွဲဇွန်း ၁ ဇွန်းနဲ့ထောပတ် စားပွဲဇွန်း၂ဇွန်းလောက်ကိုအပူပေးပြီး သကြားတူးအောင်လုပ်ထားလိုက်ပါ။ ပြီးရင် အဲဒီသကြားထောပတ်ပျော်ရည်ကို မုန့်ဖုတ်မယ့်ဗန်းထဲထည့်ပြီး အအေးခံထားလိုက်ပါ။ အေးသွားရင်သရက်သီးစိတ်ကလေးတွေကို စီထည့်ထားလိုက်ပါ

ကဲမုန့်စဖုတ်မယ်နော်

  1. ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေတံလေးနဲ့ မွှေပေးပါ
  2. အေ၇ာင်ခပ်ဖြူဖြူဖြစ်လာပြီဆိုရင် ကြက်ဥကိုထည့်ပေးပါ
  3. ခုနကဂျုံအရောကို ၂ ခါခွဲပြီး ထည့်မွှေပေးရပါမယ်
  4. ပထမဆုံးဂျုံကို ထည့်ပြီးရင် နွားနို့ကို ထည့်မွှေပါ။ ပြီးမှ ကျန်တဲ့ဂျုံကို တစ်ခါထပ်ထည့်ပြီး သမအောင်မွှေပါ။
  5. ပြီးရင် ခုနက ပုံစံခွက်လေးထဲထည့်ပြီး ၁၇၀ အာဗင်မှာ မိနစ် ၂၅ မိနစ်လောက်ဖုတ်ရင်ရပါပြီ။
  6. အအေးခံပြီးမှောက်ချလိုက်ရင် သရက်သီးမုန့်ကိုရပါပြီ


Monday, May 7, 2012

Chicken Veggie Egg Roll




ပြီးခဲ့ recipe မှာ ကြက်ဥယို လုပ်ပြီးသွားပြီဆိုတော့ ပိုနေတဲ့ ကြက်ဥအကာတွေကို အလေအလွင့်မဖြစ်ရအောင် ဘယ်လိုသုံးမလဲလို့စဉ်းစားရပါတယ်။ ဒါကလည်း အထူးတလည်ကြံစရာမလိုဘဲ အမေပြောပြတဲ့ အဖွားရဲ့ နည်းနဲ့ပဲ အဆင်ပြေသွားပါတယ်။ ကိုယ့်အလှည့်ကျတော့ သူပြောတဲ့အတိုင်းမဟုတ်ပဲ နဲနဲပြုပြင်ဖန်တီးထားတာပေါ့လေ။ လုပ်ရတာနဲနဲလက်ဝင်ပေမယ့်လို့ စားလိုက်တဲ့အခါ အရသာရှိလွန်းလို့ ပင်ပန်းတာကို မေ့သွားပါတယ်။ အိမ်မှာ အကြောင်းကြောင်းကြောင့် ကြက်ဥအကာတွေပိုနေရင် ဒီနည်းလေးကိုစမ်းကြည့်နိုင်ပါတယ်။ 


ပါဝင်ပစ္စည်းများ

  • ကြက်ဥအကာ ၄ ခု
  • ကြက်ဥအနှစ် ၂ ခု (မထည့်လည်းဖြစ်ပါတယ်၊ မုန့်လုပ်လိုက်လို့
  • ကြက်ဥအနှစ်ပိုနေတာနဲ့ ထည့်လိုက်တာ)
  • ကြက်သား အနည်းငယ်
  • ကြွက်နားရွက်မှို အနည်းငယ်
  • ဂေါ်ဖီ အနည်းငယ်
  • ပဲငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ၀က်
  • ဆီ


  1. ပထမဆုံးကြက်ဥ အကာတွေကို ဆားနဲနဲထည့်ပြီးခေါက်ထားပါ။
  2. အဆာပလာကိုပြင်ပါမယ်။ ပထမဆုံး ဆီစားပွဲဇွန်း ၁ဇွန်းလောက်ကိုပူအောင်အပူပေးပြီး ကြက်သားနုတ်နုတ်စဉ်းထားတာကိုအရင်ကြော်ပါ။ တဆက်ထည်း ဆား၊ပဲငံပျာရည်ကို ထည့်ပေးပါ။ ၂မိနစ်လောက်ကြော်ပြီးရင် ကြက်ဥနှစ်၊ မှိုနဲ့ ဂေါ်ဖီကိုထည့်ပြီး အဖုံးအုပ်ထားပါ။ ဂေါ်ဖီတွေပျော့လာပြီဆိုအိုးပေါ်မှ ချပြီး အအေးခံပါ။
  3. ဆီနဲနဲကို မကပ်တဲ့အိုးမှာအပူပေးပါ။ ပြီးရင် ကြက်ဥ ထမင်းစားဇွန်း ၂ ဇွန်းသာသာလောက်ကို ထည့်မွှေပြီးဒယ်အိုးကို ၀ိုက်ချလိုက်ပါ။ ဒါမှ အစာပလာထည့်ဖို့ ခပ်ကြီးကြီးနဲ့ခပ်ပါးပါးရမှာမို့ပါ။
  4. ပြီးရင်မီးပိတ်ပြီး ခုနကကြော်ထားတဲ့အစာတွေထည့်ပြီး ညင်ညင်သာသာလေး လိပ်ပေးပါ။
  5. အဲဒီအတိုင်းပဲ ကြက်ဥအရည်ကုန်အောင် ဆက်လုပ်သွားပါး ( ၄ခုလောက်ထွက်တယ်)
  6. ပြီးရင် ကြက်ဥအသစ်တစ်လုံးကို ယူပြီးခေါက်မွှေပေးပါ။ ခုနကကြော်ထားတဲ့ ကြက်ဥလိပ်အစာသွပ် ကိုကြက်ဥရည်ထဲနှစ်၊ ဂျုံထဲပြန်နှစ်ပြီး ဆီပူပူမှာ ခဏပြန်ကြော်ပေးပါ။ နဲနဲလေးအညိုရောင်သမ်းရင်ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥလိပ် အစာသွပ်ကိုရပါပြီ

 
 
 

Thursday, May 3, 2012

ကြက်ဥယို ( Homemade Kaya)


ခုတစ်ခါတော့ အိမ်မှာလုပ်နေကြဖြစ်တဲ့ ကြက်ဥယို ထိုးနည်းလေးကို ဝေမျှချင်ပါတယ်။ ဒီနည်းကတော့ အဖွားလက်ထက်ကတည်းက လုပ်ခဲ့တဲ့နည်းလေးပါ။ ဒီဇင်ဘာ ဗမာပြည်ပြန်တော့ ကြီးဒေါ်ကြီးက လုပ်ကျွေးတာနဲ့ ပြန်လုပ်စားဖို့ကို သတိရသွားတယ်။ အပြင်မှာရောင်းတန်းကြက်ဥယိုနဲ့ (ဒီမှာတော့ kaya လို့ခေါ်ကြတယ်) အရသာက တခြားစီပါ။ အိမ်မှာ ကိုယ့်ဘာသာကိုယ် လုပ်စားကြည့်ပြီးရင် အပြင်ကရောင်းတန်းကို လုံးဝမစားချင်တော့တာပါ။ အဲလောက်ကိုကောင်းပါတယ်။ ပြီးတော့ သူတို့က ဆွမ်းမွှေးရွက်အပြင် အစိမ်းရောင်ဆိုးဆေးထည့်တယ်လို့ ထင်ပါတယ်။ ကြက်ဥယိုက စိမ်းစိမ်းကြီးဖြစ်နေတာလေ။ အိမ်မှာလုပ်တော့ သဘာဝ ကြက်ဥရောင် ၀ါဝါလေးရပါတယ်။

လုပ်နည်းကတော့ မထင်ရလောက်အောင်လွယ်ပါတယ်။ ကြက်ဥ (သို့)ဘဲဥ အနှစ် နှစ်သက်ရာကိုသုံးနိုင်ပါတယ်။ အကောင်းဆုံးကတော့ ဘဲဥပေါ့။ ဒီမှာတော့ ကြက်ဥပဲရှိလို့ အဲဒါပဲသုံးလိုက်တယ်။ ပုံမှာပြထားတဲ့ ခွက်လေး တစ်ခွက်စာ အချိုးအစားတွေကိုရေးပါမယ်။ များများလိုချင်ရင် အချိုးအတိုင်းထပ်တိုးပါ။ အဓိကကတော့ ကြက်ဥနှစ်နဲ့ အုန်းနို့က ဆတူဖြစ်ရပါမယ်။

  • ကြက်ဥ အနှစ် ၄လုံး ( ၁၂၀ ဂရမ်ခန့်)
  • အုန်းနို့ဦးရေ (၁၂၀ ဂရမ်)
  • သကြား (၁၂၀ ဂရမ်)

ဒီမှာအရေးကြီးတာ အုန်းနို့ဦးရေ ဖြစ်ဖို့အရေးကြီးပါတယ်။ မဟုတ်ရင် ဒီလိုယိုမဖြစ်ပဲ အဖတ်ဖတ်တွေဖြစ်သွားတတ်လို့ အုန်းနို့ခရင်မ်ဘူးကို မသုံးစေချင်ပါ။ ဗမာပြည်မှာတော့ အုန်းနို့ဦးရေက ရတာလွယ်မှာပါနော်။ ဒီမှာတော့ NTUC မှာအုန်းသီးခြစ်ပြီးသားတွေရောင်းတော့ အဲဒါလေးတွေကိုပဲအရည်ညှစ်ယူလိုက်ပါတယ်။
အပေါ်ရေးထားတဲ့ သုံးခုလုံးကို သေချာအောင်ရောမွှေပြီး ပေါင်းအိုး (ထမင်းချက်တဲ့ အပေါ်ကအံလေး)ထဲမှာ ပေါင်းပါတယ်။ စုစုပေါင်း နာရီဝက်လောက်ကြာအောင် ပေါင်းရပါတယ်။ အရေးကြီးတဲ့ အချက်က ပေါင်းနေတုန်းကို ခဏခဏမွှေပေးရပါမယ်။ မဟုတ်ရင် ပုံမှာပြထားသလို ချောချောမွတ်မွတ်လေး မဖြစ်နိုင်ပါဘူး။ နာရီဝက်ကြာ ပေါင်းပြီးသွားပြီး  ၅မိနစ်လောက်ထပ်မွှေပေးလိုက်ရင် အရသာရှိတဲ့ ကြက်ဥယိုလေးရပါပြီ။ 


****နောက်ပို့စ်မှာ ပိုနေတဲ့ ကြက်ဥအကာတွေကို အသုံးချမယ့် ကြက်ဥလိပ်လုပ်နည်းတင်ပါမယ်*****
အုန်းသီးထုပ်ပုံပါ - Photo courtesy of google image

Tuesday, May 1, 2012

ကြက်ဥရောင်စုံကြော်

ခုတစ်လောတော့ ကြက်ဥနဲ့လုပ်ထားတဲ့ အစားအစာတွေချည်းပဲ တင်ဖို့စိတ်ကူးထားပါတယ်။ အဲဒီတော့ နောက်ပို့စ်တွေမှာလည်း ကြက်ဥနဲ့လုပ်တဲ့ အစားအစာတွေချည်းပဲ ဖြစ်ပါလိမ်မယ်။ ကြက်ဥမကြိုက်သူများ ခဏတော့သည်းခံပေးကြနော်။ ဒါကတော့ ကြက်ဥရောင်စုံကြော်ပါ။ လွယ်လွယ်လေးနဲ့ မြန်ဆန်ပြီး အရသာရှိတဲ့ ဟင်းလေးတစ်ခွက်ပါ။ ဟင်းရံပေါ့။


ပါတဲ့ပစ္စည်းတွေက
  • ကြက်ဥ ၂လုံး
  • ဆေးဘဲဥ (၁ ခြမ်း လှီးထားပါ)
  • ဆားဘဲဥ ပြုပ်ပြီးသား (၁ ခြမ်း လှီးထားပါ)
  • ခရမ်းချဉ်သီး ၁လုံး (အစေ့ထုတ်၊ လှီးထားပါ)
  • နံနံပင် လက်တစ်ဆုပ်စာ
  • ဆီ စားပွဲဇွန်း ၂ ဇွန်း
  • ငံပျာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

များများစားချင်ရင် အားလုံးကို ၂ ဆတိုးပါ။ ဒါကတော့ ၂ယောက်စာလောက်ရပါတယ်။ ပထဆုံး ခရမ်းချဉ်သီးကို အရင် ဆီနဲနဲ နဲ့ ၂မိနစ်လောက် လှိမ့်ပေးပါ။ ပြီးရင်ဒယ်အိုးထဲကဆယ်ပြီး ပြောင်းဖူးမှုန့် လက်ဖက်ရည်တစ်ဇွန်းနဲ့ ရောမွှေပေးလိုက်ပါ။ ကျန်တဲ့ ကြက်ဥမျိုးစုံနဲ့ ခုနကခရမ်းချဉ်၊ နံနံပင်၊ ငံပျာရည်အားလုံးကို သမအောင်ခေါက်မွှေပေးပြီး ဆီပူပူမှာ မွှေကြော်ပေးလိုက်ရင် အရသာရှိတဲ့ ဟင်းတစ်ခွက်ရပါပြီ။



****နောက်ပို့စ်ကို Kaya (ကြက်ဥယို) လုပ်နည်းတင်ပါမယ်။