Wednesday, May 28, 2014

ပုစွန်ကိုက်လန်ကြော်





စားလို့သိပ်ကောင်းတဲ့ အမေ့လက်ရာ ပုစွန်ကိုက်လန်ံကြော်လေးတစ်ပွဲပါ။ ပုစွန်ရဲ့ ချိုတဲ့အရသာက ကိုက်လန်ထဲစိမ့်ဝင်နေပြီး ခပ်စိမ်းစိမ်းလေးကြော်ထားတာကြောင့် ကိုက်လံဖူးလေးများက ဆတ်ထုပ်ထုပ်နဲ့အရမ်းအရသာရှိပါတယ်။ ဒါ့အပြင် ကိုက်လန်ကို  ရေနွေးဖျောနည်းနဲ့ အရင်ချက်ထားတာကြောင့် အာဟာရစွမ်းအင်ကိုပါ ထိန်းသိမ်းပြီးသားလည်း ဖြစ်နေပါတယ်။

ပါဝင်ပစ္စည်းများ

ကိုက်လန် - ၁၀ ပင်ခန့် (ခြွေထားပါ)
ကြက်သွန်နီဥသေးတစ်လုံး
ကြက်သွန်ဖြူ ၃ မွှာ
ပုဇွန် ၁၀ ကောင်
ခရုဆီ လက်ဖက်ရည် ၂ ဇွန်း
ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းမောက်မောက်
ကော်ရည် စားပွဲဇွန်း ၃ ဇွန်းခန့်

ကြော်နည်း
ကိုက်လံများကို ရေနွေးဆူဆူမှာ ၂ မိနစ်ခန့်စိမ်ကာ ရေခဲရေဖြင့်ပြန်စိမ်ပေးပါ
ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးကာ ကြက်သွန်ဖြူ၊နီထည့်ကြော်ပါ
၁မိနစ်ခန့်ကြာပြီး ကြက်သွန်ပျော့လာလျှင် ပုစွန်များထည့်ပါ
ရေနွေးဖျောပြီးသားကိုက်လံများကိုလည်းထည့်ကာ ခရုဆီ၊ ပဲငံပျာရည်၊ သကြား ထည့်ကာ ၃ မိနစ်ခန့်ကြော်ပါ
ထို့နောက်ကော်ရည်ထည့်ကာ မီးပိတ်ပြီးလျှင် ထမင်းဖြူဖြင့် ပူပူနွေးနွေး သုံးဆောင်ပါ

Thursday, May 22, 2014

Whipping Cream


Photo courtesy of Google Image

Whipped Cream အကြောင်းမေးထားသူတွေအတွက် အထောက်အကူဖြစ်မယ့် ပို့စ်လို့ထင်ပါတယ်။

ကိတ်တွေကို အလှဆင်တဲ့ ခရင်မ်အမျိုးမျိုးရှိပါတယ်။ မိမိလိုအပ်ချက်နဲ့လိုက်ပြီး သုံးတဲ့ခရင်မ်အမျိုးမျိုးကွာပါတယ်။ ဥပမာ Butter Cream/ Whipped Cream စသဖြင့် ကိတ်ပေါ်မှာ အလှဆင်သည်ဖြစ်စေ၊ ကိတ်တစ်ခုလုံးကို ဖုံးအုပ်သည်အတွက် ဖြစ်စေအသုံးပြုပါတယ်။ ဒီပို့စ်မှာတော့ Whipping Cream အကြောင်းကိုပဲ ပြောပြသွားပါမယ်။

Whipping cream မှာ ၂ မျိုးရှိပါတယ် Dairy နဲ့ Non Dairy Whipping Cream ဆိုပြီးတော့ပါ။ Dairy ကတော့ နို့ထွက်ပစ္စည်းကနေပြုလုပ်ပြီး Non Dairy ကတော့ Vegetable oil ကနေပြုလုပ်တယ်လို့ ဖတ်မှတ်ခဲ့ဖူးပါတယ်။ Non Dairy က ကိုင်တွယ်ဖို့ နဲနဲခက်ပေမယ့် အရသာပိုကောင်းပါတယ်။ အခုမှမုန့်စလုပ်မယ့်သူ ကိတ်အလှဆင်မယ့်သူတွေကိုတော့ Non Dairy Whipping Cream သုံးဖို့ အကြံပေးလိုပါတယ်။


အေးနေသော Non Dairy Whipping Cream ကို မွှေစက်ထဲထည့်ကာ whisk attachment နဲ့ခေါက်ပေးရပါမယ်။ စုစုပေါင်း ၆ မိနစ်လောက်ကြာပြီး Stiff peak ရောက်အောင်ခေါက်ပေးရမှာပါ။ Soft peak နဲ့ stiff peak ဘာကွာလဲဆိုတာ ပုံမှပြထားပေးပါတယ်။ ပြီးမှ လိုအပ်သလိုအသုံးပြုနိုင်ပါတယ်။ ခေါက်ပြီးသားခရင်မ်က အပြင်မှာ အကြာကြီး မခံပါဘူး။ အလှဆင်ပြီး ၂ နာရီလောက်အပြင်မှာထားရင်တအားပျော့လာပြီး ပုံပျက်နိုင်တာကြောင့် ရေခဲသေတ္တာထဲမှာ ထားဖို့လိုပါတယ်။

Tuesday, May 20, 2014

ခရမ်းသီးမှို အစပ်ချက်






ထူးကဲစွာအရသာရှိတဲ့ ဟင်းတစ်ခွက်ကတော့ ခရမ်းသီးနဲ့ မှိုကိုရောကာ ငရုပ်သီးနဲ့ အစပ်ချက်ထားတဲ့ဟင်းတစ်ခွက်ပါ။ မိုးအေးတဲ့ ကာလတွေမှာ ပူပူစပ်စပ်နဲ့ ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ဆိုတာ အသေအချာပါပဲ။

ပါဝင်ပစ္စည်းများ
ခရမ်းသီးအကြီး ၂ လုံး (စိတ်ထားပါ)
မှို လက်တစ်ဆုပ်စာ (သေးသေးဖဲ့ထားပါ)
ငရုပ်သီး အစိမ်း၎ တောင့်၊ အနီ ၃ တောင့်
ကြက်သွန်ဖြူ ၅ မွှာ
ကြက်သားလက်တစ်ဆုပ်စာ (သေးသေးစဉ်းထား)


ချက်နည်း
ကြက်သားကို ငရုပ်သီးအရောင်တင်၊ ဟင်းခပ်မှုန့် ၊ ဆားများနှင့်ရောနယ်ကာ နာရီဝက်ခန့်ထားပါ။
ငရုပ်သီး နဲ့ ကြက်သွန်ဖြူကိုညက်ညက်ထောင်းထားပါ (သို့မဟုတ်) ရောကြိတ်ထားပါ.
ဆီစားပွဲဇွန်း ၂ ဇွန်းကို အပူပေးကာ ကြက်သားကို အရင်ထည့်ကြော်ပါ။
ထို့နောက် ငရုပ်သီးကြက်သွန်ဖြူထောင်းကို ရောမွှေကာ အရောင်တင် အနည်းငယ်ထည့်ပါ။
၂ မိနစ်ခန့်ကြာလျှင် ခရမ်းသီး၊ မှိုများကိုထည့်ကာ ဆား၊ ငံပျာရည် နှင့် ဟင်းခတ်မှုန့်ထည့်ပေးပါ။
ခရမ်းသီးအနည်းငယ် နွမ်းစပြုလျှင် ရေနည်းနည်းချင်းစီထည့်ကာ ခရမ်းသီးလုံးဝနူးသည်အထိ တည်ပါ။
ဆီပြန်ရေကျန်အနေအထားရောက်လျှင် မီးပေါ်မှချကာ ပူပူနွေးနွေးသုံးဆောင်ပါ။

Friday, May 9, 2014

ရသာထူးခြား အရှေ့တိုင်း ဟင်းလျာများ စာအုပ်မိတ်ဆက်




Evy's Kitchen ရဲ့ ဒုတိယစာအုပ် ဖြစ်တဲ့ "ရသာထူးခြား အရှေ့တိုင်းဟင်းလျာများ" ဆိုတဲ့ ဟင်းချက်နည်းသီးသန့်စုစည်းထားတဲ့ စာအုပ်ကို စာဖတ်သူများဆီကို အရောက်ပို့လိုက်ပါပြီ။.....မေလ ၇ ရက်နေ့မှာ စတင်ဖြန့်ချီပြီး စီးတီးမတ်အပါအ၀င် ရန်ကုန်မြို့တွင်းမှာရှိတဲ့ ဆိုင်များမှာ ရနိုင်ပါပြီ။ အာရှတခွင်မှာ နာမည်ကြီးတဲ့ ဟင်းချက်နည်း စုစုပေါင်း အမျိုး၈၀ပါဝင်ပါတယ်။ ပထမစာအုပ်တုန်းကလိုပဲ အားပေးကြပါဦးလို့....


တစ်ဆက်တည်းမှာပဲ ပထမ စာအုပ်ပုံလေးကိုပါ ထပ်ပြီး ကြော်ငြာပါရစေရှင်။...


Once again, Thank you very much all for your support.
All these books are available in CityMart and most book stores in Myanmar.

Tuesday, May 6, 2014

တူနာပေါင်မုန် (၂)






အရသာကောင်းလှတဲ့ တူနာပေါင်မုန့်လေးတွေကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ လုပ်နည်းလေးကို ထပ်မံဖော်ပြပေးလိုက်ပါရစေရှင်။ အရင်နှစ်တုန်းက ပေါင်မုန့်လုပ်နည်းမျိုးစုံထဲမှာ တစ်ခါလုပ်ပြဖူးပါတယ်။ ဒါပေမယ့် လုပ်တဲ့ပုံအနည်းငယ် ကွာခြားပါတယ်။ ဒီတစ်ခါကတော့ သုံးမြှောင့်ပုံလေးတွေလုပ်ပြပြီး တူနာအဆာများကို အထဲမှာထည့်သောနည်းသုံးထားပါတယ်။

ပါဝင်ပစ္စည်းများ (ပေါင်မုန့် အသေး ၅ ခုစာ၊ များများလုပ်ချင်ရင် ၂ ဆတိုးပါ)
အစု (၁)
·         ပေါင်မုန့်ဂျုံ ၁၁၅ ဂရမ်
·         Yeast ၂.၅ ဂရမ်
·         ရေ ၈၅ မီလီလီတာ
အစု (၂)
·         ကြက်ဥ ၁၀ ဂရမ် (ခေါက်ပြီးသား)
·         သကြား ၃၀ ဂရမ်
·         ဆား ပါရုံမျှ
·         ရေအေး ၁၂ ဂရမ် (ချိန်တဲ့ဇွန်းလေးနဲ့ ချိန်နော်)
·         Yeast  ၁.၂၅ ဂရမ်

အစု (၃)
·         ထောပတ် ၁၅ ဂရမ် (အခန်းအပူချိန်)
·         ပေါင်မုန့်ဂျုံ ၅၀ ဂရမ်

တူနာအဆာ
·         တူနာ ၁၅၀ ဂရမ်
·         ကြက်သွန်နီအသေး တစ်လုံး (သေးသေးလှီး)
·         မရိုးနိစ် စားပွဲဇွန်း ၁ ဇွန်းခွဲမောက်မောက်

ပြုလုပ်နည်း
ပထမဆုံး အစု (၁)ကို ရောမွှေပြီး ၁ နာရီခွဲထားပေးပါ
နောက် အစု (၂) နဲ့ အစု (၃) -ဂျုံ ကို ရောထည့်ပြီး ၇ မိနစ်လောက်မွှေပါ။
နောက်ထောပတ်  ကိုပါထည့်ပြီး ဂျုံသား ချောမွတ်အောင် နယ်ပေးပါ (၂၀ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)
၁၀ မိနစ်လောက် ဂျုံသားကို ဒီတိုင်းထားပေးပါ
နောက် ၅ပိုင်း အညီအမျှဖြတ်ပြီး တစ်ပိုင်းစီကို ပုံပါအတိုင်း ခပ်ရှည်ရှည်ရအောင ဒလိမ့်တုံးဖြင့် လှိမ့်ပေးပါ။
တူနာအဆာ စားပွဲဇွန်းတစ်ဇွန်းခန့် ထည့်ကာ တြိဂံပုံလိပ်ပေးပါ။
ထို့နောက်ပွလာအောင် မိနစ် ၄၀ထားပေးပါ။
နောက် ကြက်ဥရည်ကို Brush လေးနဲ့သုတ်ပေးပြီး ၁၇၀ ဒီဂရီအာဗင်မှာ ၁၅ မိနစ်ဖုတ်ပေးပါ။
လုံးဝအေးသွားမှသုံးဆောင်ပါ။