Friday, June 20, 2014

ကြွက်နားရွက်မှိုထမင်းကြော်





ချင်းနံ့သင်းသင်းမွှေးတဲ့ ထမင်းကြော်နည်းတစ်မျိုးကို ကြည့်ကြရအောင်။ အဓိက အဖြစ်ကြွက်နားရွက်မှိုနဲ့ ကြက်သားကို သုံးထားပါတယ်။

ပါဝင်ပစ္စည်းများ


  • ကြွက်နားရွက်မှု အနည်းငယ် (ရေစိမ်ထားပါကာ သေးသေးလှီးထားပါ)
  • ထမင်း တရုပ်ပန်းကန်လုံး ၂ လုံး
  • ကြက်သား အနည်းငယ် (သေးသေးလှီးကာ ပဲငံပျာရည်၊ ဆားနယ်ထားပါ)
  • ကြက်ဥ ၂ လုံး (ခေါက်ထားပါ)
  • ချင်း လက်တစ်ဆစ်စာ (သေးသေးလှီးထားပါ)
  • ကြက်သွန်ဖြူ အနည်းငယ်



ပြုလုပ်နည်း


  • ဆီစားပွဲဇွန်း ၂ ဇွန်းခန့်ကို အပူပေးကာ ကြက်သားနှင့် မှိုများကို ထည့်ကြော်ပါ။
  •  ၃ မိနစ်ခန့်ကြော်ပြီးလျှင်ဆယ်ထားပါ။
  • ထိုနောက်ဆီစားပွဲဇွန်း ၃ ဇွန်းခန့်ကို အပူပေးကာ ချင်း ထည့်ကြော်ပါ။
  • ကြက်ဥကိုလည်းထည့်ကြော်ပါ။
  • ထို့နောက် ထမင်း၊ ကြက်သား နှင့်မှိုများကိုလည်း ထည့်ကြောပေးပါ။
  • ကြက်သားမှုန့် လက်ဖက်ရည် ၁ ဇွန်း၊ ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်းခွဲခန့်ထည့်ကာ အပေါ့အငံညှိပါ။
  • ၃ မိနစ်ခန့်ကြော်ပြီးလျှင်သုံးဆောင်ပါ။

Friday, June 13, 2014

ပုစွန် appetizer





လွယ်ကူရိုးရှင်းတဲ့ appetizer တစ်ပွဲပါ။ ပုံမှန်အားဖြင့်ဆိုရင်တော့ ပုစွန်ပြုပ်ကိုတကူးတကပြင်ဆင်ပြီး ဧည့်ခံဖို့စိတ်ကူးရမှာ မဟုတ်ကြပါဘူး။ ဒါပေမယ့် အပြင်အဆင်နဲ့ လိုက်ဖက်တဲ့ ဆော့စ်နဲ့သာတွဲဖက်လိုက်ရင်တော့ မျက်နှာပန်းလှပြီး အချိန်ကုန်သက်သာလှတဲ့ ဟင်းတစ်ပွဲရမှာ အသေအချာပါဘဲ။ ဒီဟင်းပွဲမှာတော့ ပုစွန်ကို အဓိကထားစားသုံးပေမယ့် သူ့ထက်အဓိကပိုကျတာကတော့ တွဲဖက်စားသုံးရမယ့် ဆော့စ်ပါပဲ။ ၅ မိနစ်အတွင်းအလုပ်ဖြစ်မယ့် ပုစွန်ဟင်းပွဲလုပ်နည်းလေးကို ရေးပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ပုစွန်ကျား - ၁၀ကောင်
ချင်း အနည်းငယ်
ဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်

ရေနွေးဆူဆူထဲတွင် ချင်း၊ ဆီထည့်ကာ ပုစွန်များ ထည့်ပြုပ်ကာ ၃ မိနစ်ခန့်ကြာလျှင်ဆယ်ထားလိုက်ပါ။


ဆော့စ်အတွက်
Olive oil (သို့) နေကြာဆီ  စားပွဲဇွန်း ၆ ဇွန်း
ကြက်သွန်မိတ် လက်တစ်ဆုပ်စာ
ကြက်သွန်ဖြူ ၅ မွှာ
ဆားအနည်းငယ်
ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
ငရုပ်သီး ၂ တောင့်


  • ပန်းကန်လုံးတစ်ခုတွင် ကြက်သွန်မိတ်ပါးပါးလှီး ကြက်သွန်ဖြူကိုခြစ်ထားပြီး သေးသေးလှီးထားသော ငရုပ်သီးများနှင့်ရောမွှေကာ ထည့်ထားပါ
  • ထို့နောက် ဆားအနည်းငယ်ကိုထည့်ပါ။
  • ဆီကိုအပူပေးကာ ကြက်သွန်အရောထဲကိုလောင်းထည့်ပါ။
  • ထို့နောက် ပဲငံပျာရည်ကိုပါထည့်မွှေကာ ပုစွန်ပြုပ်နှင့်တွဲဖက်သုံးဆောင်ပါ။


Thursday, June 5, 2014

တူနာကြက်ဥကြော်






ရိုးရိုးကြက်ဥကြော်များကို ငြီးငွေ့လာရင် တူနာကြက်ဥကြော်လေး ကြော်စားကြည့်ကြပါလို့ အကြံပေးချင်ပါတယ်။ ဒီနည်းကိုတော့ ကျွန်မရဲ့ ညီမငယ်တစ်ယောက်က ပြောပြပေးခဲ့တာပါ။ ဘယ်အရာမဆို ဆရာမပြနည်းမကျဆိုသလို ဘယ်လောက်လွယ်လွယ် ဒီလိုကြော်စားရင်စားကောင်းမှန်း မသိခဲ့တော့လည်း ကြော်မစားဖြစ်ခဲ့ဘူးပေါ့။ သူပြောပြသလိုလေးကြော်လိုက်တော့လည်း စားလို့ကောင်းလွန်းတာကြောင့် အိမ်မှာကြက်ဥကြော်ဆိုရင် တူနာပါမှဆိုသလိုကို ဖြစ်သွားတော့တာပါပဲ။

ပါဝင်ပစ္စည်းများ

တူနာအသင့်သုံးဗူးတစ်ဗူး
ကြက်ဥ ၆ လုံး
ငရုပ်သီးအနည်းငယ်


ပြုလုပ်နည်း

ကြက်ဥကိုခေါက်ကာ ပွလာလျှင် တူနာရောထည့်ကာ အသာမွှေပေးပါ။
ဆီစားပွဲဇွန်း ၄ ဇွန်းခန့်ကို အပူပေးကာ ခေါက်ထားသော ကြက်ဥနှင့်တူနာကို ရောမွှေပါ။
ကြက်ဥတစ်ဖက်စီကို ရွှေညိုရောင်သမ်းအောင်ကြော်ကာ ပူပူနွေးနွေးသုံးဆောင်ပါ။