Sunday, March 29, 2015

ထောပတ်ချိစ်ကိတ်




အရင်လုပ်ဖူးနေကျ ချောကလက်ချိစ်ကိတ်ကို အခြေခံထားတဲ့ မွေးနေ့ကိတ်လုပ်နည်းတစ်မျိုးပါ။ မွေးနေ့ကိတ်အနေနဲ့လည်း သုံးလို့ရတာကြောင့် ခရင်မ်နဲ့ အလှမဆင်တတ်သေးသူတွေအတွက် အထောက်အကူဖြစ်မယ်ထင်ပါတယ်။ လွယ်ကူမြန်ဆန်တဲ့ အပြင်ထောပတ်နဲ့ ချိစ်ရောထားတဲ့ မုန့်သားအပြင် ချောကလက်အလွှာပါ အပေါ်ကကူထားတာကြောင့် အရသာကောင်းလွန်းတဲ့ ကိတ်တစ်မျိုးပါ။
ပါဝင်ပစ္စည်းများ
  • Cream Cheese 150g
  • Sugar 25g
  • 1 Egg

အဲဒါတွေအားလုံးကို သမအောင်ရောမွှေထားလိုက်ပါ
မုန့်နှစ် အတွက်
  • ထောပတ် 200g
  • သကြား 150g
  • ဂျုံ 200g
  • ကြက်ဥ ၃ လုံး
  • baking powder လက်ဖက်ရည်ဇွန်း တစ်ဇွန်း(5g )
  • နွားနို့ စားပွဲဇွန်း ၃ ဇွန်း

ပြုလုပ်နည်း
  1. ဂျုံ၊ ပွဆေးကို စကာ ချထားပါ
  2. သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
  3. ကြက်ဥကို တစ်လုံးချင်းစီ သမအောင် ထည့်မွှေပေးပါ။
  4. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။
  5. ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို ချောကလက် တစ်လွှာ၊ Cheese တစ်လွှာထည့်ပြီး ၁၇၀ ဒီဂရီမှာ ၄၀-၄၅ မိနစ် ဖုတ်ပေးပါ။
  6. မုန့်ကျက်မကျက်ကို စူးတံလေးထိုးပြီး စမ်းပါ။ မုန့်နှစ်ကပ်ပါမလာရင် ရပါပြီ

မုန့်ပေါ်မှအလှဆင်ရန်အတွက်
  • Non Dairy Whipping Cream - ၂၀၀ ဂရမ်
  • မုန့်ဖုတ်သုံး ချောကလက် - ၂၀၀ ဂရမ်
  • ထောပတ် ၂၀ ဂရမ်
ခရင်မ်နဲ့ ချောကလက်ကို Double boiler နဲ့အပူပေးပါ။ ချောကလက်ပျော်မှ ထောပတ်ကိုထည့်ကာ မွှေပေးပါ။
ရလာတဲ့ ချောကလက်အရည်ကို အေးသည်အထိ အအေးခံကာ ကိတ်ပေါ်သို့လောင်းကာ အလှဆင်ပါ။
ကိတ်မုန့်တစ်ခုလုံးကို ချောကလက်အုပ်သွားပြီဆိုမှ ကျန်သောပန်းပွင့်များနဲ့ ဆက်ပြီး အလှဆင်ပါ။
အမြင်လှပြီး အရသာရှိသော မွေးနေ့ကိတ်ရပါပြီ။



Tuesday, March 24, 2015

တူနာကော်ပြန့်လိပ်





ရိုးရိုးကော်ပြန့်လိပ်အစား တူနာငါးနဲ့ အစားထိုးထားတဲ့ ကော်ပြန့်ပါ။ ပဲပင်ပေါက်ရဲ့ ချိုသောအရသာနဲ့ တူနာရဲ့ ဆိမ့်သောအရသာ နှစ်မျိုးပေါင်းပြီး ကြွပ်နေတဲ့ကော်ပြန့်ပါ ပေါင်းစပ်လိုက်တဲ့အခါမှာ အရသာရှိလှတဲ့ ကော်ပြန့်ကြော်တစ်ပွဲဖြစ်လာပါတယ်။ ငရုပ်ဆီချဉ်လေးနဲ့ တွဲစားလိုက်ရင်တော့ မအီတာကြောင့် ကြော်မလောက်ဖြစ်မှာ အသေအချာပါ။

ပါဝင်ပစ္စည်းများ
တူနာငါး ၁ ဗူး - ရေစစ်ထားပါ
ပဲပင်ပေါက်လက်တစ်ဆုပ်စာသာသာ
ဆား
ငရုပ်ကောင်း
ကော်ပြန့်ဖတ်



ပြုလုပ်နည်း
ပဲပင်ပေါက်များကို ရေဆေးကာ ဆီပူပူမှာလှိမ့်ကာ ဆား၊ငရုပ်ကောင်းထည့်ထားပါ
ရေစစ်ထားသော တူနာငါးများကိုလည်း ထည့်မွှေကာ ခြောက်အောင်ကြော်ကာ အအေးခံထားပါ။
ရလာသော အဆာများကို ကော်ပြန့်ဖတ်တွင်ပုံပါအတိုင်းထည့်ကာ လိပ်ပေးပါ
ကော်ပြန့်အသေး ၁၅ ခုခန့်ထွက်ပါတယ်
ရလာသော ကော်ပြန့်များကို မီးအသင့်အတင့်မှာ ကြွပ်နေအောင်ကြော်ပြီး ရင်သုံးဆောင်ရန်အသင့်ဖြစ်ပြါီ့။

Wednesday, March 18, 2015

မုန်လာဥဖြူသုပ်





နွေရာသီပူပူမှာဆိုရင် ချဉ်စပ်အသုပ်ကလေးတွေကလည်း ထမင်းမြိန်စေပါတယ်။ ဒီတစ်ခါမှာတော့ မုန်လာဥဖြူကို ငရုပ်သီး၊ မြေပဲဆံများနဲ့ ဆိမ့်ဆိမ့်စပ်စပ်လေးသုပ်ပြပေးထားပါတယ်။ ဆီချက်မွှေးမွှေးနဲ့ ငရုပ်သီးလှော်ထောင်း အနံ့ကတင် စားချင်စဖွယ်ဖြစ်စေပါတယ်။

ပါဝင်ပစ္စည်းများ
မုန်လာဥဖြူ အသေးတစ်ဥ - အမျှင်ရအောင်ခြစ်ထားပါ။
ကြက်သွန်နီအသေးတစ်ဥ - ပါးပါးလှီးကာရေစိမ်ပါ
ငရုပ်သီးအတောင့်- အစိမ်း၊အနီ (အစပ်စားနိုင်သလောက်ထည့်ပါ)
ငရုပ်သီးအလှော်မှုန့်
ပုစွန်ခြောက်မှုန့် - စားပွဲဇွန်း ၁ ဇွန်းခန့်
မြေပဲဆံထောင်း စားပွဲဇွန်း ၁ ဇွန်းခွဲခန့်
ကြက်သွန်ဖြူဆီချက်
ငံပျာရည်


ပြင်ဆင်နည်း
ခြစ်ထားသော မုန်လာဥများကို ရေမြုပ်အောင်စိမ်ပြီး ရှာလကာရည် စားပွဲဇွန်း ၃ ဇွန်းခန့်ထည့်ကာ ၁ နာရီခန့်စိမ်ပါ။
ထို့နောက်ရေစစ်ပြီး ပါဝင်ပစ္စည်းအားလုံးနဲ့ ရောနယ်လိုက်ရင်တော့ ထမင်းမြိန်စေတဲ့ အသုပ်တစ်ပွဲရပါပြီ။

Friday, March 13, 2015

Cream Cheese ထောပတ်ကိတ်





ခရင်မ်ချိစ်ထည့်သွင်းပြုလုပ်ထားတဲ့ ထောပတ်ကိတ်တစ်မျိုးပါ။ အီအီဆိမ့်ဆိမ့်အရသာရှိပြီး ကော်ဖီခါးခါးနဲ့ လိုက်ဖက်လှပါတယ်။ ထောပတ်ကိတ်ကို ဆန်းသစ်ကြည့်ချင်တဲ့သူများလည်း သဘောကျနှစ်သက်နိုင်မယ်ထင်ပါတယ်။


ပါဝင်ပစ္စည်းများ (၈လက်မx ၈လက်မ ကိတ်မုန့်တစ်လုံးစာ)
  • ဂျုံ ၂၅၀ ဂရမ်
  • baking powder 1 teaspoon
  • သကြား ၂၀၀ ဂရမ်
  • ခရင်မ်ချိစ် ၂၀၀ ဂရမ်
  • ထောပတ် ၁၃၀ ဂရမ်
  • နွားနို့် ၆၀ မီလီလီတာ
  • ကြက်ဥ ၄လုံး

မုန့်မဖုတ်ခင် ဂျုံနဲ့ ဘိတ်ကင် ပေါင်ဒါကို ရောမွှေဇကာချထားပါ။



မုန့်ဖုတ်နည်း

  1. ပထမဆုံး မုန့်ဖုတ်မယ့်ဗန်းကို ထောပတ်သုတ်ပြီး ဆီစိမ်စက္ကူခင်းပေးထားပါ။
  2.  သကြား၊ ခရင်မ်ချိစ် နဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် စက်နဲ့ သို့မဟုတ် မွှေတံလေးနဲ့ မွှေပေးပါ
  3. အေ၇ာင်ခပ်ဖြူဖြူဖြစ်လာပြီဆိုရင် ကြက်ဥကိုထည့်ပေးပါ
  4. ခုနကဂျုံအရောကို ၃ ခါခွဲပြီး ထည့်မွှေပေးရပါမယ်
  5. ပထမဆုံးဂျုံကို ထည့်ပြီးရင် နွားနို့တစ်ဝက်ကို ထည့်မွှေပါ။ ပြီးမှ ကျန်တဲ့ဂျုံကို တစ်ခါထပ်ထည့်ပြီး သမအောင်မွှေပြီး ကျန်တဲ့နွားကိုထည့်မွှေပြီး နောက်ဆုံးပိတ်ဂျုံကို ထည့်မွှေပေးပါ။
  6. ၁၆၀ဒီဂရီ အပူပေးထားတဲ့ အာဗင်မှာ ၆၀ မိနစ်ခန့်ဖုတ်ပါ။
  7. မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ

Thursday, March 5, 2015

Mango Sago Pomelo




ဆိမ့်ပြီး သရက်သီးနံ့မွှေးမွှေးနဲ့ အရသာရှိလှတဲ့ အချိုပွဲ။ နွားနို့၊ နို့စိမ်း၊ သရက်သီးအနှစ်နဲ့ ပြုလုပ်ထားတဲ့ အချိုရည်ထဲမှာ သာကူ၊ သရက်သီးအတုံးလေးများနဲ့ ကျွဲကောသီးများရောထဲ့ထားတဲ့ အချိုပွဲကို Mango Sago Pomelo လို့ခေါ်ပါတယ်။ စလုံးကလူတွေတော့ သိကြမှာပါ။

ပြီးခဲ့တဲ့ ရုံးပိတ်ရက်က လုပ်စားတာပေါ့။ လုပ်တုန်းတော့ နေ့ဖို့ညစာ ၂ ခါစာပါပဲ။ ဒါပေမယ့် စားလို့ကောင်းတာနဲ့ တစ်ခါတည်းနဲ့ကိုကုန်ရောပဲ။ ရလာတဲ့ သရက်သီးကလည်း အရမ်းချိုပြီး ကျွဲကောသီးကလည်း အချိုများတဲ့ ကျွဲကောသီးဖြစ်နေတာအပြင် နို့စိမ်းနွားနို့ရောလိုက်တော့ ပြီးပါလေရော.။ လုပ်စားကြည့် ကြိုက်မှာသေချာတယ်



ပါဝင်ပစ္စည်းများ (၄ ယောက်စာ)

  • သာကူ -  ၃၅ ဂရမ်
  • နို့စိမ်း- ၂၀၀ ဂရမ်
  • နွားနို့ ၁၅၀ ဂရမ်
  • ရေ ၁၀၀ ဂရမ်
  • သကြား- စားပွဲတင် ၃ ဇွန်း
  • သရက်သီး ၂ လုံး
  • ကျွဲကောသီးအနည်းငယ်




ပြုလုပ်ပုံအဆင့်ဆင့်

  • ဦးစွာသာကူကို ၅ မိနစ်ခန့်ရေစိမ်ကာ ရေနွေးဆူဆူထဲတွင် ပြုတ်ပေးပါ။ မျက်စေ့ပျောက်ကာနီးအထိ ( ၅မိနစ်ခန့်) ပြုပ်ပြီး ရေစစ်ကာ ရေအေးအေးနဲ့ ဆေးထားပါ။
  • ရေ၊နွားနို့၊ နို့စိမ်း နဲ့ သကြားများကို ဆူအောင်ကြိုကာ အအေးခံထားပါ
  • သရက်သီးတစ်ခြမ်းကို ခပ်သေးသေးစိတ်ထားပြီး ကျန်သရက်သီးများကို အနှစ်တိုက်ပါ ( Blender နဲ့ကြိတ်နိုင်ပါတယ်)
  • နွားနို့ရည် ခပ်နွေးနွေးအနေအထားမှာ သရက်သီးအနှစ်များနဲ့အတူ သာကူကိုရောမွှေလိုက်ပါ။
  • လုံးဝအေးမှ သရက်သီးစိတ်များ၊ ကျွဲကောသီးများထည့်ကာ ရေခဲသေတ္တာထဲတွင် ၁ နာရီခန့်ထားပြီးရင် ဆိမ့်ပြီး သရက်သီးနံမွှေးနေသော အချိုပွဲ အဆင်သင့်ဖြစ်ပါပြီ။