Tuesday, August 30, 2011

Blog Day 2011 ( Tag post)


မနက်ဖြန်  သြဂုတ် ၃၁ မှာကျရောက်မယ့် ဘလော့ဒေး အတွက် အမှတ်တရလေးတွေရေးရ အောင်လို့ ညီမရို့စ်က တက်ဂ် လာတဲ့ အတွက် ရေးလိုက်တဲ့ပို့စ်လေးပါ။ ကျွန်မက စာရေးသိပ်မကောင်းပဲ စိတ်ကူးပေါ်သမျှတွေကို ရေးတတ်သလို၊ ရေးချင်သလို ချရေးဖြစ်တာများပါတယ်။ စာဖတ်တာကတော့ ငယ်ငယ်တုန်းကတည်းက သိပ်ဝါသနာပါပါတယ်။ စာတိုပေစတွေတော့ မရေးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဟိုး ၉ တန်း၊ ၁၀ တန်းလောက်ကတည်းက ကျွန်မကြုံတွေရတဲ့ အတွေ့အကြုံလေးတွေကို ငယ်သူငယ်ချင်းကို စာနဲ့သေချာရေးပြီး ပြောဖြစ်တယ်။ သေသေချာချာ ဆက်စပ်မိအောင် စာရေးပြီးပြောပြရတာကို ပိုသဘောကျခဲ့ဘူးတယ် အဲဒီထက်တော့ မပိုပါဘူး။

အဲဒီကနေကျွန်မ ၂၀၀၀ မှာ စင်္ကာပူကိုရောက်တယ်။ ကျောင်းစတက်ချင်းတော့ အိမ်ကိုရော သူငယ်ချင်းကိုပါ တွေ့ကြုံရသမျှတွေကို စိတ်လိုလက်ရစာတွေ ရေးပို့ဖူးတယ်။ နောက်တော့ တဖြည်းဖြည်း စာမရေးဖြစ်တော့ဘူး။ အဲလိုနဲ့နေလာလိုက်တာ ၂၀၀၈ ခုနှစ်မှာ ဘလော့ဆိုတာကိုရင်းနှီးလာခဲ့ပါတယ်။ တကယ်တော့ ကျွန်မသိတာက အတော်နောက်ကျနေပါပြီ။ အရင်တုန်းကတော့ ဘလော့ဆိုတာကို ကြားဖူးပြီး ဘာမှန်းသေချာမသိခဲ့ဘူး။ ဗမာလိုရေးတဲ့ ဘလော့တွေရှိလိမ့်မယ်ဆိုတာကို သတိမထားခဲ့မိဘူး။ ကျွန်မကို ဒီဘလော့လောကထဲရောက်အောင် စပြီး မိတ်ဆက်ပေးခဲ့တာ ကျွန်မ အမျိုးသားပေါ့။ ၂၀၀၈ မှာသူလည်း စပြီးဘလော့လုပ်နေပါပြီ (ခုတော့သူကမလုပ်သလောက်ပါဘဲ ၊ကျွန်မသာ ဘလော့စွဲပြီး ကျန်ခဲ့တာ :D ) ။ သူကမှတဆင့် တခြားဘလော့တွေလျောက်လည်ရင်းနဲ့ ကိုယ်တိုင်ရေးချင်စိတ်ပေါက်သွားပြီး ရေးဖြစ်ခဲ့တာလို့ ဆိုရပါမယ်။

အဲဒီမှာတင် ဟင်းချက်တဲ့ ဘလော့တွေကို သွားရင်း ဟင်းချက်နည်းသစ်တွေ သိလာလို့ ဘလော့ကို အင်မတန်မှသဘောကျသွားခဲ့တာပါ။ အဲဒီအချိန်မှာ ကျွန်မကလည်း မုန့်တွေစလုပ်နေတဲ့ အချိန်ဖြစ်နေပြီဆိုတော့ မုန့်လုပ်နည်းလေးတွေကို မျှဝေပေးဖို့ အကြံရလာပါတယ်။ ၀ါသနာတူတွေ အများကြီးရှိလာပြီး သိတာလေးတွေကို ဖလှယ်ရတာ တော်တော်ဝမ်းသာစရာကောင်းပါတယ်။ ဘလော့ ကနေပြီး ကျွန်မ မသိသေးတဲ့ ဟင်းချက်နည်းတွေ၊ မီးဖိုချောင်က နည်းလေးတွေဟာ အင်မတန်မှ အသုံးဝင်ပါတယ်။ တခြားအတွေ့အကြုံတွေ ၊ ဆောင်းပါးတွေရေးတဲ့ ဘလော့တွေကိုလည်း နှစ်သက်စွာနဲ့ ဖတ်တာပါဘဲ။ ဒါပေမယ့် ကျွန်က ကွန်မန့်ကို အမြဲတမ်းမရေးဖြစ်ခဲ့ပါဘူး။ တစ်ခါတစ်လေမှသာပေးဖြစ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း ဘာပေးရမှန်းမသိတာနဲ့ ဖတ်ပြီး တိတ်တိတ်လေးပြန်သွားတာမျိုးတွေလည်းရှိတာပေါ့နော်။

ခုနောက်ပိုင်းတော့ တခြားလုပ်စရာကိစ္စလေးတွေ ပေါ်လာတာနဲ့ ဘလော့ချိန်ကို လျော့ရပါတယ်။ အဲဒါကြောင့်နောက်ပိုင်းမှာ အရေးကျဲသွားတာပါ။ ဒါတောင် အချိန်လေးရရင် ရသလိုတော့ အပြေးအလွှားဖတ်သေး၊ ရေးသေး တာပါဘဲ။ နောက်လည်း အခွင့်အရေးရသမျှတော့ ရေးနေဦးမှာပါ :-) ။ နောင်ကိုလည်း အစားအသောက်နဲ့ ပတ်သက်သော၊အလှအပရေးရာနဲ့ ပတ်သက်သောဘလော့များစွာ ပေါ်လာလိမ့်ဦးမယ်လို့လဲ မျှော်လင့်မိပါတယ် ။အားလုံးသော ဘလောဂါများကိုလည်း ပျော်ရွှင်စရာ ဘလော့နှစ်ပတ်လည်ဖြစ်ပါစေလို့ နှုတ်ဆက်လိုက်ပါတယ်။

Saturday, August 27, 2011

Teriyaki Saba

ခုတစ်ပတ်ဟာ ဒီမှာရှားရှား ၄ရက်ဆက်တိုက်ပိတ်တဲ့ အပတ်ပါ။ စနေ၊ တနင်္ဂနွေ အပြင် သူတို့ သမ္မတရွေးပွဲမို့လို့ ၁ရက်ပိတ်ပေးတာရယ်၊ public holiday နောက်တစ်ရက်ရယ်ပေါင်းပြီး ၄ ရက်ဖြစ်သွားတာပါ။ ဘာပဲဖြစ်ဖြစ်ပိတ်ရက်များလေ ပျော်လေပေါ့။  ခရီးတိုလည်းသွားဖို့ အစီအစဉ်မရှိတာကြောင့် အားတဲ့ရက်တွေကို လုပ်ချင်တာလေးတွေလုပ်စားမယ်ဆိုပြီး လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက အားခဲထားတာပါ (အဲလို ၀ီရီယ ကောင်းတာနော် အစားအသောက်နဲ့ပတ်သက်ရင်)။ ပထမဆုံးလုပ်ကြည့်ချင်နေတာက အခုတင်လိုက်တဲ့ ငါးကြော်ပါ။

အဲဒီငါးကို ကြိုက်လွန်းလို့ ထမင်းဆိုင်သွားတိုင်း မှာစားနေကျပါ။ အဲလိုဆိုင်မှာစားပြီးတာနဲ့တင် မရပ်ပါဘူး။ ထုံးစံအတိုင်းအိမ်မှာ စမ်းချင်တဲ့ အကျင့်အတိုင်း အချိန်ရတာနဲ့ လုပ်တော့တာပါဘဲ။ စမ်းလုပ်ရကျိုးတော့ နပ်သွားပါတယ်။ ဘာလို့လဲဆိုတော့ ဒီဟင်းပွဲကတော့ ဆိုင်ကအရသာအတိုင်း ထွက်လို့ပါဘဲ။ အိမ်မှာဆိုတော့ ဈေးသက်သက်သာသာနဲ့ များများစားရတာပေါ့နော်။ ငါးကြော်လုပ်နည်းလေးကို ရှယ်ပေးလိုက်ပါတယ်။ စိတ်ဝင်စားရင် စမ်းကြည့်လို့ရတာပေါ့။ အချိန်ကုန်သက်သာပြီး အရသာရှိတဲ့ ဟင်းတစ်ခွက်ပါ။

Saba fillet ရေခဲရိုက်ပြီးသားတစ်ထုပ်ဝယ်လာလိုက်ပါတယ်။ ပြီးရင် ရေသေချာဆေးပြီး ခြောက်သွေ့သွားအောင် kitchen tower နဲ့ သုတ်ထားပါ။ ရေမရှိတော့ဘူးဆိုမှ ဆား၊ အရသာမှုန့်၊ ငရုပ်ကောင်း နဲနဲလေး ဖြူးပြီး နာရီဝက်လောက် ရေခဲသေတ္တာထဲမှာ ပြန်နှပ်ထားလိုက်ပါတယ်


 ဒါကတော့ သုံးတဲ့ sauce


ငါးကို ဆီနဲနဲ နဲ့ကြော်၊ ဆီစစ်ပြီး ပန်းကန်ထဲမှာ ထည့်ပြင်ထားလိုက်ပါ။ အိမ်မှာတော့ ငါးကြော်ရင် အရေခွံဖက်ကို အရင်ကြော်ပါတယ်။ အရေခွံတွေလန်မထွက်အောင်လို့ပါ။ ပြီးမှတစ်ဖက်လှည့်ပေးပါတယ်။ ပြီးရင် Teriyaki sauce ၄ ဇွန်းလောက်ကို ရေ ၂ဇွန်းလောက်ထည့်ပြီး အိုးထဲမှာဆူအောင်တည်ပြီး ငါးကြော်ပေါ်ကို လောင်းချလိုက်ရင် စားဖို့ အဆင်သင့်ပါဘဲ။ ဒီလိုငါးကြော်မျိုးကို သံပုရာသီးနဲ့ တွဲပေးလေ့ရှိတာတွေ့ရပါတယ်။ မအီအောင်လို့နဲ့တူပါတယ်။ ထမင်းပူပူလေးနဲ့တွဲစားရင် အရမ်းစားကောင်းတယ်။ စမ်းကြည့်ကြပါဦး

Wednesday, August 24, 2011

Cheese Cake x 2 , Brownies


ဒီတစ်ခါတော့ တကယ်မုန့်ကျွေးပါပြီ။ ခဏခဏလုပ်စားဖြစ်တဲ့ ချိစ်ကိတ်ပါ။ ဘလော့ကို လာလည်ဖူးသူတွေအတွက်တော့ ရိုးနေမှာအမှန်ပါဘဲ။ ခုမှရောက်တဲ့ သူတွေအတွက်တော့ အသစ်ပေါ့နော်။ ဒါအမေတို့လာလို့ ကြုံတုန်းလုပ်ကျွေးထားသော  (တီချမ်းစကားငှားပြောရရင် ကြွားထားသော)  ကိတ်ပါ :D :D ။ လုပ်နည်းကတော့ ဒီလင့် မှာပါနော်  ။ အဲဒီကိတ်ကို ကြီးဒေါ်ကြီး လာတုန်းကလည်း လုပ်ကျွေးလိုက်သေးတယ်။ ခုမှပဲ ၂ ခါစာပုံတွေပေါင်းတင်လိုက်ပါတယ်။


 မုန့်အအေးခံတုန်း


 ဒါကတော့ ကြီးဒေါ်ကြီးအတွက်ကိတ်။ နဲနဲကွာတယ် တွေ့လား။ ကိတ်မုန့်အောက်ခံ ဘေ့စ်က အနက်ရောင်။ ထည့်တဲ့ အသီးက ချယ်ရီ (စည်သွတ်ဗူး)သီး။ ခုနကကိတ်က blueberry။
အရသာကတော့ ကိတ်ထဲရောက်သွားရင် သိပ်မကွာတော့ပါဘူး။






နောက်တစ်မျိုးကတော့ ဘရောင်နီ။ သူလည်းလုပ်တာမှ ခဏခဏပဲ။ လုပ်နည်းအတွက် ဒီမှာပဲ ကြည့်လိုက်ပါနော်။

Thursday, August 18, 2011

Sky Park & Golden Mile

ဘလော့နဲ့ အဆက်ပြတ်သလိုဖြစ်နေတာကြာပါပြီ။ မတင်ဖြစ်တာလဲ ၁ လ ကျော်လောက်ရှိပြီထင်တယ်။ ပထမတော့ မအားလို့မတင်ဖြစ်ရာကနေ နောက်တဖြည်းဖြည်းပျင်းပြီး စိတ်မပါသလို ဖြစ်ပြီး ဘာမှကို မတင်ဖြစ်တော့တာ။ နောက်ပြီး ချက်ဖြစ်တဲ့ ဟင်းတွေကလည်း အထူးအဆန်းမရှိတာလည်း ပါပါတယ်။ နောက်တော့ မဟုတ်သေးပါဘူး ဘလော့အတွက်လဲ လုပ်အုံးမှဆိုပြီး အကြံအဖန်လုပ်ရပါတယ်။ ကံကောင်းချင်တော့ ပြီးခဲ့တဲ့ ပိတ်ရက်မှာ မိဘတွေကို Sky Park လိုက်ပို့ဖြစ်ပြီး အပြန်မှာ Golden mile မှာညစာစားဖို့ အကြောင်းဖန်လာပါတယ်။ အဲဒါနဲ့ပဲ မှာသမျှဟင်းတွေကို  လူကြားထဲမှာ မရှက်မကြောက်ရိုက်ပြီး ရအောင် မှတ်တမ်းတင်လာလိုက်တယ်။

ခုလောလောဆယ်တော့ သူများဟင်းတွေနဲ့ပဲ မျက်နှာလုပ့်ပါမယ်။ (ဒါတောင် ဟင်းတစ်ပွဲမရိုက်လိုက်ရဘူး) နောက်မှ ဟင်းသေချာချက်၊ မုန့်သေချာလုပ်ဖြစ်တော့မှဘဲ ထပ်တင်ပါဦးမယ်

 ပုဇွန် နဲ့ ကညွတ်ကြော်

 ကြက်သား သီဟိုစေ့ကြော်

 ထုံးစံအတိုင်း Tom Yam

 ငါးပေါင်း ချဉ်စပ်

Sky Park က ရောက်ဖူးအောင်လို့သာသွားရတာပါ ဘာမှလဲ မထူးဆန်းသလို မတန်ဘူးလို့လဲထင်ပါတယ်။ လူကြီး ၁ ယောက်ကို S$ 20 တဲ့။ ပြီးတော့လည်း ရေကူးကန်ဖက်ကိုလည်း ပေးမသွားပါဘူး။ Weekend မို့လို့တဲ့။ ဘာပဲဖြစ်ဖြစ် ပုံလေး ၁ ပုံ ၂ ပုံတော့ ရိုက်ခဲ့ပါသေးတယ်။