Sunday, September 29, 2013

Oreo ထောပတ်ကိတ်




ခုတစ်လော မုန့်မတင်ဖြစ်တာကြာပြီ။ ၀ါကျွတ်နီးလာပြီ မုန့်တွေတင်ပါဦးလို့ FB ကတစ်မျိုး၊ email ကတစ်သွယ် လာပြောကြတော့မှ မုန့်မတင်တာ တော်တော်ကြာပြီလို့ သတိထားမိသွားတယ်။ ဒီရက်ပိုင်း အလုပ်ရှုပ်နေတာကြောင့် အသင့်ရှိပြီးသား ဟင်းချက်နည်းများကိုတင်ဖြစ်နေတာပါ။ မုန့်လုပ်နည်းကိုပြန်ရှာလိုက်တော့ လုပ်ပြီးသားအသင့်ရှိတဲ့ ၃ ၊၄ မျိုးလောက်သွားတွေ့တယ်။ အဲဒီအထဲကပဲ ရိုးရိုးလေးနဲ့ ဆန်းမယ်ထင်တဲ့ မုန့်လုပ်နည်းလေးကို ရွေးထုတ်ပြီး တင်ပေးလိုက်ပါတယ်။ ထောပတ်ကိတ်ကို Oreo biscuit လေးတွေထည့်ပြီး အပေါ်က ချောကလက်အမွလေးတွေဖြူးထားတဲ့ ကိတ်ပေါ့။ အဲဒီချောကလက်ဂျုံအမွလေးတွေကလည်း ကိုယ့်ဘာသာကိုယ်လုပ်ရတာပဲ။ စိတ်ဝင်စားစရာကောင်းပါတယ်။

လုပ်နည်းလေးကြည့်ကြရအောင်။


ပါဝင်ပစ္စည်းများ

ထောပတ် ၁၄၀ ဂရမ်
သကြား ၁၂၀ ဂရမ်
ကြက်ဥ ၂ လုံး
ဂျုံ ၁၄၀ ဂရမ်
ဘိတ်ကင်ပေါင်ဒါ ၂.၅ ဂရမ်
ဗနီလာအနံ့ အနည်းငယ်
နွားနို့ စားပွဲဇွန်း ၂ ဇွန်း
Oreo biscuit ၅ ခုခန့် (ဖဲ့ထားပေးပါ)

Chocolate Topping
ဂျုံ - ၄၅ဂရမ်
ကိုကိုးပေါင်ဒါ - ၁၀ ဂရမ်
သကြား ၃၀ဂရမ်
အရည်ပျော်အောင် အပူပေးထားသောထောပတ် ၃၀ဂရမ်

(topping အတွက် ပါဝင်ပစ္စည်းများအားလုံးကို သမအောင်ရောမွှေထားလိုက်ပါ)


လုပ်နည်းအဆင့်ဆင့်
  1. မုန့်ဖုတ်မယ့်ခွက်ကို (၈လက်မ x ၃.၃လက်မ) ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံ၊ ပွဆေး ကို စကာ ချထားပါ
  3. ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေပေးပါ
  4. ကြက်ဥကို ဖြည်းဖြည်းချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
  5. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
  6. နောက်ဆုံးဂျုံထည့်မွေတဲ့ အဆင့်မှာ Oreo biscuit လေးများကိုပါ ထည့်မွှေပါ။
  7. ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို ထည့်ပြီး ချောကလက် topping ဖြူးပေးကာ ၁၆၀ ဒီဂရီမှာ ၄၅ မိနစ် ဖုတ်ပေးပါ။
  8. မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ
ဒါဆိုရင်တော့ Oreo ဘီစကစ်ပါပြီး ချောကလက်အမွလေးများနဲ့ အရသာရှိသောကိတ်လေး အဆင်သင့်ဖြစ်ပါပြီ။ ၀ါကျွတ်အတွက် ကြိုပြီးလေ့ကျင့်နိုင်ကြပါစေနော်။



Wednesday, September 25, 2013

ငါးထမင်းနယ်


စားလို့ကောင်းတဲ့ ငါးထမင်းနယ်ပါ။ တော်တော်များများလုပ်တတ်ကြမယ်ထင်ပါတယ်။ လွယ်ကူမြန်ဆန်ပြီး အရသာရှိသော ထမင်းတစ်ပွဲဆိုရင်လည်း မမှားပါဘူး။ 

ပါဝင်ပစ္စည်းများ

  • ထမင်းချက်ပြီးသား
  • ခရမ်းချဉ်သီး ၂ လုံး
  • ငါးတစ်ကောင်
  • အာလူးအကြီး ၁ လုံး
  • ပဲပုပ်ထောင်း အနည်းငယ်
  • ကြက်သွန်ဖြူဆီချက်
  • ဂျူးမြစ်
  • ငရုပ်သီးတောင့်ကြော်


ပြင်ဆင်နည်း

  • ထမင်းကို ခါတိုင်းချက်နေကျထက် ရေပိုထည့်ပြီးချက်ထားပါ
  • ခရမ်းချဉ်သီးကို ဆနွင်းပါရုံမျှထည့်ကာ နူးအောင်အရင်ပြုပ်လိုက်ပြီး ချေထားလိုက်ပါ
  • ငါးကိုလည်း ဆား၊ဆနွင်းထည့်ကာ ရေခမ်းပြုပ်ပြီး အရိုးနွှင်ထားပါ။
  • အာလူးအကြီးတစ်လုံးကို ပေါင်းလိုက်ပြီး ကြေအောင်ချေထားလိုက်ပါ
  • ရှမ်းပဲပုပ် ၂ ချပ်ခန့်ကို မီးကင်ကာ ကြေညက်အောင်ထောင်းပါ။
  • ထမင်း၊ ခရမ်းချဉ်သီးအနှစ်၊ အာလူး နှင် ငါးများကို ရောမွှေကာ စေးပိုင်အောင်နယ်ပေးပါ။
  • ဆား၊ ဟင်းခပ်မှုန့်သင့်ရုံထည့်ပါ။
  • ထို့နောက် ကြက်သွန်ဖြူ ဆီချက်ဆမ်းကာ၊ ဂျူးမြစ်၊ ငရုပ်သီးတောင့်ကြော်တို့နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။
 


Wednesday, September 18, 2013

ကိုရီးယားထမင်းသုပ် (Bibimbap)





နှစ်သက်မိတဲ့ အရှေ့တိုင်းထမင်းတစ်မျိုးကတော့ Bibimbap လို့ခေါ်တဲ့ ကိုရီးယားထမင်းသုပ်ပါ။
ဒီထမင်းပွဲကတော့ လူတိုင်းလိုလိုနဲ့ ရင်းနှီးပြီးသားဖြစ်မှာမို့ အထူးတလည် မိတ်ဆက်မပေးနေတော့ပါဘူးနော်။
ဟင်းသီးဟင်းရွက်မျိုးစုံပါဝင်တာမို့ ကျန်းမာရေးအတွက်လည်း ကောင်းမယ်ထင်ပါတယ်။
ဒီထမင်းပွဲအတွက်ကိုတော့ နှစ်သက်ရာအသီးအရွက်များကို သုံးနိုင်ပါတယ်။ ကျွန်မကတော့ ရေညှိ၊ မုန်လာဥနီ၊ ငရုပ်တောင့်ပွအ၀ါ၊ မှို၊ ဟင်းနုနယ်၊ ပဲပင်ပေါက်များကိုသုံးပြထားပါတယ်။ ကင်မ်ချီ နှစ်သက်သူများလည်း ထည့်စားနိုင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • ပဲပင်ပေါက်
  • ရေညှိ၊
  • မုန်လာဥနီ (သေးသေးလှီးထား)
  • ငရုပ်တောင့်ပွအ၀ါ (သေးသေးလှီးထား)
  • ရှီတာကီ မှို (သေးသေးလှီးထား)
  • ဟင်းနုနယ်
  • ကြက်ရင်ပုံတစ်ခု + ကြက်သွန်နီအနည်းငယ် ( သေးသေးလှီးကာ ဆား၊အရောင်တင်နယ်ထားပါ)
  • နှမ်းဆီမွှေး


မုန်လာဥနီကလွဲပြီး ပါဝင်တဲ့ အသီးအရွက်များကို ခပ်မြန်မြန်လေးကြော်ပေးရပါမယ်။
တစ်မျိုးစီကို ၂ မိနစ်ခန့်သာ မီးပြင်းပြင်းနဲ့ ဆားအနည်းငယ်ထည့်ပြီးကြော်ကာ သပ်သပ်စီပုံထားပေးပါ။
နောက်ဆုံးမှကြက်သားနဲ့ ကြက်သွန်နီကို ၄ မိနစ်ခန့်ကြော်ပေးပါ။
ကြက်ဥကိုလည်း မကျက်တကျက်ကြော်ထားပါ

ပွဲပြင်ရန်အတွက်
ထမင်တရုပ်ပန်းကန်လုံးတစ်လုံးကိုထည့်ကာ ကြော်ထားသောအသီးအရွက် နှင့် အသားများကို ထည့်ပေးပါ။
ကြက်ဥကို အလယ်မှတင်ပြီး ကိုရီးယား ငရုပ်နှစ် စားပွဲဇွန်းကြီး ၁ ဇွန်းထည့်ကာ နှမ်းဆီမွှေးအနည်းငယ် ဆမ်းပါ၊
ထို့နောက် သမအောင်ရောနယ်ကာ သုံးဆောင်ပါ

Wednesday, September 11, 2013

BoBoChaCha - Nyonya Dessert




BoBoChaCha ဆိုတဲ့ အချိုပွဲကတော့ ကျွန်မတို့ မြန်မာ ရွေရင်အေးနဲ့ ဆင်တယ်လို့ ပြောရမှာပါပဲ။ အဓိကကတော့ အုန်းနို့ရည်ကိုသုံးပြီး အချိုပွဲလုပ်ထားတာပါ။ ကန်ဇွန်းဥ၊ ပိန်းဥ နှင့် ပီလောပီနံများကို အုန်းနို့အချိုရည်ထဲ ထည့်ပြီး၊ ထန်းလျက်ရည် ဆမ်းကာ သုံးဆောင်ကြတာများပါတယ်။ တစ်ချို့ကလည်း ပီလောပီနံမှုန့်ကို ကျိုထားတဲ့ ကော်လုံးလိုမျိုးလေးကိုလည်း ထည့်စားလေ့ရှိကြတယ်။ ကျွန်မကတော့ အဲဒါလေးတွေ မထည့်ပဲ အသီးအနှံသက်သက်ကိုပဲသုံးပြထားပါတယ်။
ပါဝင်ပစ္စည်းများ
ကန်ဇွန်းဥ -  တရုပ်ပန်းကန်လုံး တစ်လုံးမောက်မောက်
ပီလောပီနံ - တရုပ်ပန်းကန်လုံး တစ်လုံးမောက်မောက်
ပိန်းဥ - တရုပ်ပန်းကန်လုံး တစ်လုံးမောက်မောက်
အုန်းနို့ - ၂၅၀ ဂရမ်
သကြား - ၁၂၀ ဂရမ်
ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆွမ်းမွှေးရွက်တစ်ရွက်

ပြုလုပ်နည်း
ပထမဆုံး ကန်ဇွန်းဥ၊ ပီလောပီနံ နှင့် ပိန်းဥများကို ခပ်ကြီးကြီးစိတ်ကာ ရေ ၂ လီတာခန့်တွင် ထည့်ကာ ဆူအောင်ပြုပ်ပေးပါ။ ဆွမ်းမွှေးရွက်ကိုလည်း ထည့်ပေးပါ
ရေဆူပြီး ကန်ဇွန်းဥများနူးလျှင် အုန်းနို့ကို ထည့်မွှေပေးပါ
သကြားနှင့် ဆားကိုလည်း ထည့်ပါ။
စားကာနီးမှ ထန်းလျက်ရည်ဆမ်းကာ သုံးဆောင်ပါ။


Monday, September 9, 2013

Ondeh Ondeh (Nyonya အချိုပွဲ)





Ondeh Ondeh လို့ခေါ်တဲ့ အချိုပွဲကတော့ ဗမာ့မုန့်လုံးရေပေါ်အတိုင်းပါပဲ။ ဒါပေမယ့် ကွာခြားချက်ကတော့ ဆွမ်းမွှေးအနှစ် နဲ့ ကန်ဇွန်းဥ ကိုမုန့်သားထဲမှာ ထည့်သုံးပြီး အထဲကအဆာဖြစ်တဲ့ ထန်းလျက်ကိုတော့ ကြိတ်ပြီးထည့်တဲ့ အချက်ပါ။ အပူရှိန်ကြောင့် ထန်းလျက်များ အရည်ပျော်ပြီး စားလိုက်တာနဲ့ ထန်းလျက်ရည်ချိုချိုလေးများရဲ့ အရသာကိုရရှိမှာပါ။ တစ်ခုသတိထားရမှာက မုန့်ကိုလုံးတဲ့နေရာမှာ လုံးဝအပေါက်မရှိအောင်လုံးရပါမယ်။ မဟုတ်ရင် အထဲက ထန်းလျက်ရည်များ အပြင်ကိုထွက်ကုန်ပြီး အရသာမရှိပဲ ဖြစ်တတ်ပါတယ်။


ပါဝင်ပစ္စည်းများ

  • ကောက်ညှင်း ၂၀၀ဂရမ်
  • ကဇွန်းဥ ၉၀
  • ရေ ၁၇၀ ဂရမ်
  • ဆွမ်းမွှေးအဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
  • အုန်းသီးအနည်းငယ်
  • ထန်းလျက်အနည်းငယ် (ညက်အောင်ကြိတ်ထားပါ)

ပုလုပ်နည်း

  1. ကန်ဇွန်းဥကို ပေါင်းထားပြီးသားကို ကောက်ညှင်းမှုန့်၊ ရေတိုဖြင့်ရောနယ်ပေးပါ
  2. ဆွမ်းမွှေးဆီကိုလည် ထည့်ပြီးနယ်ပြီး နာရီဝက်ခန့်ထားပေးပါ
 
 
  1. မုန့်သားအနည်းကိုယူပြီး ထန်းလျက်မှုန့်ထည့်ကာ လုံးပေးပါ။ ကျန်မုန့်သားများကုန်အောင် ဆက်လုပ်သွားပါ။
  2. ရေဆူဆူမှာ မုန့်များကိုထည့်ပြုပ်ပါ။ မုန့်လုံးမျာ ရေပေါ်ပေါ်လာပြီး ၂ မိနစ်ခန့်နေပြီးမှ ဆယ်ပါ။
  3. အုန်းသီးဖြူးကာ သုံးဆောင်နိုင်ပါပြီ။
 
 

Thursday, September 5, 2013

Nyonya ကောက်ညှင်းထုပ်






အုန်းနို့နံ့သင်းတဲ့ Nyonya ကောက်ညှင်းပေါင်းဟာလည်း မနက်စာအတွက်သင့်တော်မယ့် မုန့်လေးတစ်ခုပါပဲ။ ပုဇွန်ကို အဆာအဖြစ်ထည့်ထားပြီး အနံ့မွှေးမွှေးလေးနဲ့ စားလို့ကောင်းလှပါတယ်။
ပါဝင်ပစ္စည်းများ
  • ကောက်ညှင်းဆန် ၃၀၀ ဂရမ်
  • အုန်းနို့ ၁၃၅ ဂရမ်
  • ပုဇွန် ၁၅၀ ဂရမ်
  • ပုဇွန်ခြောက်မှုန့် စားပွဲဇွန်း ၃ ဇွန်း
  • ငရုပ်သီးအကြမ်းမှုန့် အနည်းငယ်
  • အုန်းသီးခြစ်ပြီးသားအနည်းငယ်
  • ကြက်သွန်နီသေးသေးလှီးပြီးသားအနည်းငယ်


ပြုလုပ်နည်း

  1. ဦးစွာ ကောက်ညှင်းဆန်ကို တစ်ညရေစိမ်ပြီး အုန်းနို့ဆမ်းကပေါင်းပါ။
  2. ကြက်သွန်များကိုဆီသတ်ပြီး ပုဇွန်၊ ပုဇွန်ခြောက်များကိုထည့်မွှေပါ
    အုန်းသီးနှု့် ငရုပ်ကြမ်းမှုန့်ကိုလည်း ထည့်မွှေပေးပြီး ဆားလက်ဖက်ရည် ၁ ဇွန်း၊ သကြားလက်ဖက်ရည် ဇွန်းတစ်ဝက်ထည့်မွှေကာ မီးပိတ်လိုက်ပါ 






  1. ငှုက်ပျောရွက်ကို မိုက်ခရိုဝေ့ဖ်နှင့် ၁ မိနစ်ခန့်အပူပေးပါ
  2. အရွယ်တော်များဖြတ်ကာ ကောက်ညှင်းပေါင်း စားပွဲဇွန်း တစ်ဇွန်းခွဲခန့်ထည့်ပါ။
  3. ပုဇွန်အဆာများကိုအလယ်မှာထည့်ကာ အပေါ်မှကောက်ညှင်းပေါင်းစားပွဲဇွန်း တစ်ဇွန်းခန့်ထပ်ထည့်ပြီး ကောက်ညှင်းထုပ်ထုပ်ပေးပါ။
  4. စားကာနီးမှ ငှက်ပျောရွက်များ အညိုရောင်သမ်းအောင် မီးပေါ်မှာ ခဏကင်ပေးပါ။
  5. ငှက်ပျောဖက်နံ့သင်းသင်းနဲ့ Nyonya ကောက်ညှင်းထုပ် အသင့်ဖြစ်ပါပြီ