Friday, April 26, 2013

စတော်ဘယ်ရီထဲက ချိစ်ကိတ်လေး




ချိစ်ကိတ်တွေစားရင် အီတယ်လို့ ထင်သူများအတွက် အဆင်ပြေမယ့် မုန့်လေးတစ်ခု ပြောပြပေးမယ်နော်။ အဲဒါကတော့ Cheese in a strawberry လို့ခေါ်တဲ့ စတော်ဘယ်ရီသီးထဲကို ချိစ်ပြန်ထည့်ထားတဲ့ အချိုပွဲလေးတစ်ခုပါပဲ။ အသီးအရသာချိုချဉ်လေးမှာ ချိစ်အရသာဆိမ့်ဆိမ့်လေးနဲ့ တကယ်ကိုစားလို့ကောင်းပါတယ်။ ဒါ့အပြင်ချောကလက်လေးပါပါသေးတာမို့ အရသာကတော့ ပြောဖွယ်ရာမရှိပါပဲ။ လုပ်နည်းလေးကို ကြည့်ကြရအောင်

ပါဝင်ပစ္စည်းများ
စတော်ဘယ်ရီ ၂၀၀ ဂရမ်
ခရင်မ်ချိစ် ၆၀ ဂရမ်
သကြား စားပွဲဇွန်း ၁ဇွန်း
ထောပတ် လက်ဖက်ရည် ဇွန်း ၂ ဇွန်း
ဗနီလာအနံ့ တစ်စက်
ချောကလက် အနည်းငယ် ( မိုက်ခရိုဝေ့ဖ်နှင့်အပူပေးပြီး ပျော်အောင်လုပ်ထားပါ)
Digestive biscuit ၁ ချပ်( မှုန်ညက်အောင် ခြေထားပေးပါ)



ပြုလုပ်နည်း
စတော်ဘယ်ရီကလွဲပြီး ကျန်တာအားလုံးကိုသမပြီး ညက်နေအောင် ရောမွှေထားလိုက်ပါ
စတော်ဘယ်ရီသီးလေးထဲက အသားကို ပုံပါအတိုင်းထွင်းထုတ်ပေးပါ



ချိစ်အရောကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာလောက်ထည့်ပေးပါ



နောက် ချောကလက်ရည်ထဲတွင် စိမ်ပြီး Biscuit မှုန့်ကပ်ပေးပါ။
ဗန်းတစ်ခုထဲတွင် စီထည့်ကာ ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ခန့်ထားပေးပြီးရင်တော့ သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ

(အိမ်ကညီမကတော့ ကြိုက်လွန်းလို့ အကုန်ပြောင်အောင် အားပေးတယ်ရှင်)

Tuesday, April 23, 2013

Pasty မုန့်






Cornish Pasty လို့ခေါ်တဲ့ အနောက်တိုင်းမုန့်လေးတစ်မျိုးပါ။ သူ့ရဲ့ မူလကတော့ အင်္ဂလန်နိုင်ငံလို့ သိရပါတယ်။ သက်သတ်လွတ်လုပ်လို့ရသလို အသားနဲ့လည်း လုပ်လို့ရပါတယ်။ ကျွန်မဒီမှာလုပ်ပြပေးထားတာကတော့ သက်သတ်လွတ်ပါပဲ။ လုပ်ရတာလဲ လွယ်ကူတာကြောင့် အချိန်တိုအတွင်းမှာ အခက်အခဲမရှိပဲလုပ်နိုင်ကြမယ် ထင်ပါတယ်

ပါဝင်ပစ္စည်းများ

  • ဂျုံသားအတွက်
  • ဂျုံ ၂၀၀ ဂရမ်
  • ထောပတ် (အအေး) ၁၀၀ ဂရမ်
  • ရေခဲရေ ၅၀ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်



အဆာထည့်ရန်

  • အာလူးအလတ် ၁ လုံး (သေးသေးစိတ်ပါ)
  • မုန်လာဥနီတစ်လုံး (သေးသေးစိတ်ပါ)
  • ကြက်သွန်နီတစ်ဥ (သေးသေးလှီးပါ)
  • ငရုပ်ကောင်း အနည်းငယ်
  • ဆားလက်ဖက်ရည် ၁ ဇွန်း
  • ချိစ်( မထည့်လည်းရ) အနည်းငယ်

အားလုံးကို ရောမွှေထားပေးပါ



လုပ်နည်းအဆင့်ဆင့်

  • မုန့်သားအခွံအတွက် ထောပတ်နဲ့ ဂျုံများကို ပုံပါအတိုင်း ရောနယ်ပေးပါ။  ရေကိုနဲနဲခြင်းစီ ထည့်ပေးပါ။ဖြစ်နိုင်ရင် ခက်ရင်းကို သုံးပေးပါ။
  • ဂျုံဒိုးရလာပြီဆိုရင် ပလတ်စတစ်နဲ့ ပတ်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ခန့်ထည့်ပေးပါ
  • နောက် ၂ ပိုင်းခွဲကာ အပြားလေးဖြစ်အောင် ဒလိမ့်တုံးနဲ့ လှိမ့်ပေးပါ။
  • မုန့်သားအတွက် အဆာများကိုထည့်ပေးပြီး ပုံပါအတိုင်း လိပ်ပေးပါ။
  • ကြက်ဥရည်သုတ်လိမ်းပြီး ၁၆၀ ဒီဂရီအာဗင်မှာ ၁ နာရီဖုတ်ပေးပြီးရင်တော့ သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ




Friday, April 19, 2013

ငှက်ပျောသီးပေါင်မုန့်လိပ်




ကလေးတွေအတွက် မနက်စာစီစဉ်ရခက်နေရင် ဒီမုန့်လေးကို လုပ်ပေးကြည့်ဖို့ အကြံပေးပါရစေ။ ငှက်ပျောသီးကို ပေါင်မုန့်ထဲ ထည့်လိပ်ထားပြီး ချောကလက်ရည်လေး ဆမ်းထားတာမို့ ကလေးတို့အကြိုက်ပါပဲ။
ငှက်ပျောသီးကတော့ နှစ်သက်ရာတစ်မျိုးမျိုးကို သုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ပေါင်မုန့်
  • ငှက်ပျောသီး (ပေါင်မုန့်နဲ့ အညီဖြတ်ထားပေးပါ)
  • ချောကလက်ဆံလေးများ


ပထမဦးဆုံး ပေါင်မုန့်များကို ပုံပါအတိုင်း ပိုပြီးပြားသွားအောင် ဒလှိမ့်တုံးနဲ့ လှိမ့်ပေးပါ
ပေါင်မုန့်ပေါ်မှာ ချောကလက်ဆံလေးများ ဖြူးပြီး ငှက်ပျောသီးတင်ကာ လိပ်ပေးပါ
လိပ်ထားတာ မပြေစေရန် သွားကြားထိုးတံလေးထိုးပြီး ထိန်းပါ
နောက် ၁၈၀ဒီဂရီအပူပေးထားတဲ့ Oven မှာ ၁၅ မိနစ်ခန့်ဖုတ်ပေးရင်ရပါပြီ
နှစ်သက်ပါက ချောကလက်ရည်ဆမ်းစားနိုင်ပါတယ်။

Tuesday, April 16, 2013

ပူတင်းပေါင်မုန့်




အသင့်ရှိပြီးသားပေါင်မုန့်ကို သုံးပြီးနောက်ထပ်လုပ်နိုင်တဲ့ မုန့်လေးတစ်မျိုးက ပူတင်းပေါင်မုန့်ပါ။ အရင်တစ်ခါတုန်းကတော့ ပေါင်မုန့်ကို ခွက်ကလေးလိုလုပ်ပြီး  ကြက်ဥရည်ထည့်တဲ့ မုန့်လေးတစ်မျိုးကို လုပ်ပြဖူးပါတယ်။ ခုတစ်ခေါက်တော့ ရိုးရိုးပူတင်းပေါင်မုန့်လေးကိုပဲ စပျစ်သီးခြောက်ကလေးတွေ ရောကာ ပူတင်းပေါင်မုန့်အဖြစ် ဖန်တီးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
နွားနို့ ၅၀၀ မီလီလီတာ
ကြက်ဥ ၃ လုံး၊ ကြက်ဥနှစ် တစ်ခု
သကြား စားပွဲဇွန်း ၃ ဇွန်း
ဗနီလာ လက်ဖက်ရည်ဇွန်း တစ်ဝက်
ပေါင်မုန့် ၄ ချပ် (တြိဂံပုံအသေးလေးများညှပ်ထားပေးပါ)
စပျစ်သီးခြောက် အနည်းငယ်

ပြုလုပ်နည်း
ပထမဆုံး ကြက်ဥနဲ့ ဗနီလာကို ဇလုံတစ်ခုထဲမှာ ရောခေါက်ထားပေးပါ။
နွားနို့နဲ့ သကြားကို ကျိုပြီး စပြီးဆူတာနဲ့ ခေါက်ထားတဲ့ ကြက်ဥရည်များထဲကို လောင်းထည့်ပေးပါ။ လောင်းနေရင်းနဲ့ အဆက်မပြတ်လည်းမွှေပေးပါ။ 


ရလာတဲ့ နွားနို့ ကြက်ဥရည်များကို ဇကာနဲ့ ပြန်စစ်ပေးပါ
မုန့်ဖုတ်မယ့်ခွက်ကို ထောပတ်ရည်သုတ်ပေးပြီးစပျစ်သီးခြောက်နဲ့ ပေါင်မုန့်များကိုစီကာ ထည့်ပါ။ ပေါင်မုန့်ထောင့်လေးတွေကိုပါ ထောပတ်ရည် အနည်းငယ်သုတ်လိမ်းပေးပါ
နောက် နို့ကြက်ဥရည်ထည့်။


 ပေါင်မုန့် နဲ့ စပျစ်သီးခြောက်များထပ်ခင်းပြီး နို့ကြက်ဥရည်ထပ်ဆမ်းထည့်ပေးပါ
အဲဒီနောက်မှာ ၁၈၀ဒီဂရီ အပူပေးထားတဲ့ Oven မှာ နာရီဝက်လောက် ဖုတ်ပေးရင် ရပါပြီ။

Thursday, April 11, 2013

Egg in a toast (ကြက်ဥပေါင်မုန့်ကင်)




ကလေးတွေ စိတ်ဝင်စားမယ့် မနက်စာလေး နောက်တစ်မျိုးက ပေါင်မုန့်ကြက်ဥကင်လေးပါ။ ရိုးရိုးကြက်ဥနဲ့ ပေါင်မုန့်ကင်ကို စိတ်ဝင်စားချင်မှ စိတ်ဝင်ကြပေမယ့် ဒီလို အဆန်းလေး လုပ်ပေးလိုက်ရင်တော့ သူတို့ သဘောကျကြမှာ အသေအချာပါပဲ။ အာဟာရလဲပြည့်ဝ ဗိုက်လည်း ပြည့်မယ့် မနက်စာလေးကို သားသားမီးမီးလေးတွေ အတွက်လုပ်ပေးကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ
  • ပေါင်မုန့် ပါးပါး
  • ကြက်ဥ
  • ကြက်သွန်မိတ်
  • ကြက်သားမျှင်
  • ဆား နှင့် ငရုပ်ကောင်းအနည်းငယ်


ဒီမုန့်အတွက် ဖြစ်နိုင်ရင် ပေါင်မုန့်ကိုအပါးသာသုံးပေးပါ။
မုန့်ဖုတ်မယ့် Muffin ခွက်လေးတွေကို ဆီသုတ်ပြီး ပေါင်မုန့်လေးတွေကို ပုံပါအတိုင်းထည့်ပေးပါ။
ကြက်ဥတစ်လုံးစီကို ပေါင်မုန့်တစ်ခုစီထဲထည့်ပေးပါ။
ကြက်သွန်မိတ်လေးတွေ ညှုပ်ထည့် ၊ဆား၊ ငရုပ်ကောင်း ဖြူးကာ ၁၈၀ ဒီဂရီ အပူပေးထားတဲ့ Oven မှာ ၁၀ မိနစ်လောက်ဖုတ်ပေးလိုက်ရင်တော့ စားချင်စဖွယ် ပေါင်မုန့် ကြက်ဥကင်လေးရပါပြီ