Saturday, September 29, 2012

ဆေးဘဲဥ တာရီယာကီ





 ဆေးဘဲဥကို ရိုးရိုးသုပ်စားရမှာ ရိုးနေပြီထင်တဲ့ သူများအတွက် အောက်တိုဘာထုတ် FOOD Magazine မှာ ဆေးဘဲဥဟင်းချက်နည်း မျိုးစုံကိုဖော်ပြထားပါတယ်။ ဒါလေးကတော့ဆေးဘဲဥ ချက်နည်းများထဲက တစ်မျိုးဖြစ်တဲ့ ဆေးဘဲဥ တာရီယာကီပါ။



ဒီဟင်းလေးကတော့ ဆေးဘဲဥကို ထက်ဝက်ဝက်၊ ကြက်သားတစ်ဝက်နဲ့ရောပြီး ကြက်သားဆေးဘဲဥအလုံးလေးတွေဖြစ်အောင်လုပ်ထားတာပါ။ ကျွန်မတို့ အိမ်နားက shopping mall မှာ Teriyaki Chicken Ball ဆိုပြီး ကင်ထားတဲ့ ကြက်သားလုံးလေးတွေကို Teriyaki ဆော့စ်ဆမ်းထားတာလေးတွေရောင်းပါတယ်။ အရသာကလည်းအင်မတန်ကောင်းပါတယ်။ အဲဒါလေးတွေကိုကြည့်ပြီး ဒီလဆေးဘဲဥမျိုးစုံဆိုတော့ အဆန်းလေး စမ်းသပ်ကြည့်ဖို့ အကြံရသွားတာပါ။ ကြက်သား Teriyaki ဆော့စ်က သူ့ဘာသူကောင်းပြီးသားကို ဆေးဘဲဥ အနှစ်ဆိမ်ဆိမ့်လေးရဲ့ အရသာနဲ့ တွဲလိုက်တော့ ပြောစရာမလိုအောင် စားလို့ကောင်းသွားပါတယ်။ ဒီဟင်းလေးကတော့ ထမင်းနဲ့စားတာထက် Appetizer လိုမျိုးစားဖို့ပိုပြီး သင့်တော်ပါတယ်။ လုပ်နည်းလေးကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဆေးဘဲဥ ၂လုံး ထက်ဝက်ခြမ်းထားပါ
  • ကြက်သား (သို့) ၀က်သား အနည်းငယ် (နုတ်နုတ်စဉ်း)
  • ပြောင်းဖူးမှုန့် လက်ဖက်ရည် ၁ ဇွန်း
  • ကြက်သားမှုန့် လက်ဖက်ရည်၁ ဇွန်း
  • ကြက်သွန်ဥသေး ( Shallot) ၂ ဥ (နုတ်နုတ်စဉ်း)
  • မုန်လာဥနီအနည်းငယ် (နုတ်နုတ်စဉ်း)
  • ကြက်သွန်ဥ အသေး ၂ လုံးကိုပါးပါးလှီးထားပါ
  • တာရီယာကီဆော့ ဟင်းချိုဇွန်းကြီး ၁ ဇွန်းခွဲ
  • ပဲငံပျာရည် စားပွဲဇွန်း ဇွန်းဝက်
  • အချိုမှုန့်အနည်းငယ်
  • ငရုပ်ကောင်းအနည်းငယ်


ပြင်ဆင်နည်း

  • အသားနဲ့ နုတ်နုတ်စဉ်းထားတဲ့အဆာပလာတွေကို ရောနယ်ပေးထားပါ။
  • နယ်ထားတဲ့ အဆာပလာတွေကိုထက်ခြမ်းခြမ်းထားသော ဆေးဘဲဥအခြမ်းတွေမှာ ကပ်ပေးပြီး ပြောင်းဖူးမှုန့်လူးကာဆီပူပူမှာ ၁၀ မိနစ်လောက်ကြော်ပြီး ဆီစစ်ထားပေးပါ
  • ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးပြီး ပါးပါးလှီးထားတဲ့ ကြက်သွန်တွေကို ထည့်ကြော်ပေးပါ။ ၁ မိနစ်လောက်နေရင် တာရီယာကီဆော့၊ ပဲငံပျာရည်၊ အချိုမှုန့်၊ ငရုပ်ကောင်းကိုထည့် ရေလေးနဲနဲထည့်ပြီး ဆူလာအောင် တည်ပေးပါ။
  • ဆူလာရင် ခုနကကြော်ထားတဲ့ဘဲဥတွေကိုထည့်ပြီး သမအောင်မွှေပေးပါ။
  • ၂မိနစ်လောက်နေရင်ချပြီး ကြက်သွန်မိတ်ဖြူးပြီးသုံးဆောင်ပါ။

Thursday, September 27, 2012

ပူတင်းပေါင်မုန့်



ဒီတစ်ခါတော့ ပူတင်းပေါင်မုန့်လေးပါ။ သာမန်ပူတင်းပေါင်မုန့်များလို ပေါင်မုန့်ကိုကြက်ဥရည်ထဲ ထည့်တာမဟုတ်ပဲ ပေါင်မုန့်ထဲကို ကြက်ဥရည်ပြန်ထည့်တာပါ။ ။ ဒီမုန့်လုပ်နည်းလေးကို မုန့်ဆိုင်တစ်ဆိုင်ကနေရလိုက်တာပါ။ ၀ယ်စားကြည့်ပြီး ကြိုက်တာနဲ့ အိမ်မှာစမ်းလုပ်တာ အဆင်ပြေတာကြောင့်လုပ်နည်းလေးရေး
ပေးလိုက်ပါတယ်။ လုပ်ရတာ လွယ်ကူပြီးမနက်စာအတွက်အဆင်ပြေ နိုင်တဲ့ မုန့်လေးပေါ့။ အားလုံးပဲ နှစ်သက်ကြမယ်ထင်ပါတယ်

ပါဝင်ပစ္စည်းများ
  • ပေါင်မုန့် ၆ လုံး
  • ကြက်ဥရည်

အရင်ဆုံးကြက်ဥရည်ကို ပြင်ဆင်ပါမယ်

  • နွားနို့  1 cup
  • နို့စိမ်း 1/2 cup
  • သကြား ၃ ဇွန်း
  • ကြက်ဥ ၂ လုံး
  • ကြက်ဥ အနှစ် ၁ခု
  • ဗနီလာအနံ့ ၂ စက်ခန့်

  1. ကြက်ဥရည်အတွက် ကြက်ဥ၊ ဗနီလာအနံ့နဲ့ သကြားကို သမအောင်ခေါက်မွှေထားလိုက်ပါ
  2. နို့ကို အပူပေးပြီး မဆူခင်လေးတင်မီးပေါ်မှ ချလိုက်ပါ
  3. ပြီးရင် ခုနက မွှေထားတဲ့ ကြက်ဥနဲ့ သကြားထဲကိုလောင်းထည့်ပေးပါ။ တစ်ချိန်တည်းမှာလဲ လက်နဲ့မွှေနေပေးပါ
  4. ရလာတဲ့ နို့ကြက်ဥရည်တွေကို စကာနဲ့စစ်ပြီးရင် သုံးလို့ရပါပြီ။

ကျွန်မကတော့ အသင့်ရှိတဲ့ ပေါင်မုန့်လေးတွေကို သုံးလိုက်ပါတယ်။
ပေါင်မုန့်ကို ပုံမပျက်စေပဲ အထဲက အသားလေးတွေကို နည်းနည်းဖဲ့ပြီး ကြက်ဥရည်လောင်းထည့်ဖို့ ခွက်ကလေးတွေဖြစ်အောင်လုပ်ယူပါမယ်။ နောက်ပူတင်းဖြစ်မယ့် ကြက်ဥရည် အနည်းငယ်ကို လောင်းထည့်ပြီး ၁၆၀ ဒီဂရီ အာဗင်မှာ ၅ မိနစ်ကင်ပေးပါ (ဒီလိုမှ မလုပ်ရင် အပြင်ကို ကြက်ဥရည်တွေ စိမ့်ထွက်လို့ပါ)။ ထည့်ထားတဲ့ ကြက်ဥရည်အသားလေးနဲနဲတင်းပြီဆိုမှကြက်ဥရည်ထပ်ဖြည့်ပြီး နောက်ထပ် ၂၀ မိနစ်ကင်ပေးရင် ရပါပြီ

Tuesday, September 25, 2012

ဖက်ထုပ်အိုးကပ်



အိမ်မှာ ဖက်ထုတ်လုပ်ထားပြီးရင် မျိုးစုံလုပ်စားဖြစ်ပါတယ်။ ဖက်ထုပ်အိုးကပ်၊ ဖက်ထုပ်ပြုပ်၊ ဖက်ထုပ်ပေါင်း မျိုးစုံကုန်တဲ့အထိလုပ်စားဖြစ်ပါတယ်။  ဖက်ထုတ်လုပ်နည်းကတော့ ဟိုတုန်းကဟာတွေလိုပါပဲ။ ဒီတစ်ခါတော့ ဖက်ထုပ်ကို ခပ်လုံးလုံးလေးတွေဖြစ်အောင်လုပ်လိုက်တယ်။

ဖက်ထုပ်အတွက်သိပြီးသားဖြစ်မှာပါ။ အရင်တုန်းက ကြက်သားပေါင်း လုပ်တဲ့ နည်းလိုပါပဲ)

  • ကြက်ရင်ပုံ အသား ခပ်သေးသေး၂ခု (နုတ်နုတ်စဉ်းထား)
  • ကြက်ဥအကာ ၁ ခု
  • ကျူဆိုင် လက်တစ်ဆုပ်စာခန့် (သေးသေးလှီးထားပါ)
  • တို့ဟူးအဖြူ တစ်တုံး
  • ဆန်ဝိုင် လက်ဖက်ရည် ၂ ဇွန်း
  • ကော်မှုန့် လက်ဖက်ရည် ၁ ဇွန်း
  • ဆား လက်ဖက်ရည် ၁ ဇွန်း
  • အချိုမှုန့်အနည်းငယ်
  • သကြားအနည်းငယ်
  • ငရုပ်ကောင်းအနည်းငယ်
  • နှမ်းဆီ  လက်ဖက်ရည် ၂ ဇွန်း
တို့ဟူးကိုရေခြောက်အောင်သုတ်ပြီး မိုက်ခရိုဝေ့ဖ်မှာ ၁ မိနစ်လောက်ထည့်ပေးပါ။ အေးသွားပြီဆိုမှ ကျန်တဲ့ ပစ္စည်းတွေအားလုံးနဲ့ရောနယ်ပေးပါ။ ပြီးရင် ဖက်ထုပ်ဖက်ကို သုံးပြီး လိုချင်တဲ့ ပုံစံလေးထုပ်ထားလိုက်ပါ။ ပြီးသွားပြီဆိုရင် ရေခဲသေတ္တာထဲမှ ၁ နာရီလောက်အရင်ထားပြီးမှ လိုသလိုချက်စားနိုင်ပါတယ်။

ဖက်ထုပ်အိုးကပ်အတွက် ဖက်ထုပ်လေးတွေကို ဆီပါလေကာမျှနဲ့ ခဏကြော်ပေးပါ။ ၂ မိနစ်လောက်နေရင် ရေလက်တစ်ဆစ်နီးပါးလောက်ထည့်ပြီး အဖုံးအုပ်ကာ ရေခန်းတဲ့အထိ တည်ပါ။ ဒါဆိုရင်တော့ ဖက်ထုပ်အိုးကပ်ရပါပြီ။





ကျန်သေးတဲ့ ဖက်ထုပ်တချို့ကိုတော့ ကျွန်မကညနေစာဟင်းရည်လုပ်သောက်ပါတယ်။  ဖက်ထုပ်ဟင်းချိုအတွက် မုန်ညှင်း နဲ့ ခရမ်းချဉ်သီးကိုပါ ထပ်ဖြည့်ပေးထားပါတယ်။ ရေ တရုပ်ဟင်းချိုပန်းကန် ၂ လုံးလောက်မှာ Knorr ကြက်သားခဲကိုထည့်ပြီး ဆူစေပါတယ်။ ဆူလာရင် ဖက်ထုပ်လေးတွေထည့်ပြီး ၁ မိနစ်လောက်တည်ပါတယ်။ နောက် ကျန်တဲ့ အသီးအရွက်တွေပါထည့်ပြီး ၃ မိနစ်လောက်တည်လောက်ရင်တော့ အရသာရှိတဲ့ ဖက်ထုပ်ဟင်းချိုလေးရပါပြီ။ ငရုပ်ကောင်းလေး ခပ်လိုက်ရင် အင်မတန်မှ သောက်လို့ကောင်းပါတယ်။

Sunday, September 23, 2012

ဂျုံကြမ်း သစ်ကြားသီးပေါင်မုန့်



လွန်ခဲ့သော ၁ လကျော်လောက်က လုပ်စားထားတဲ့ ပေါင်မုန့်ပါ။ ခုမှ ကျွန်ပျူတာဖိုင်တွေထဲ ဟိုမွှေဒီမွှေလုပ်ရင်းနဲ့ တွေ့လာလို့ လုပ်နည်းလေး ရေးပေးလိုက်ပါတယ်။ ကံကောင်းလို့ လုပ်ပြီးပြီးချင်း recipe ရေးထားမို့ တော်သေးတယ်။ မဟုတ်ရင် အချိုးအစားတွေကို မေ့သွားမှာသေချာတယ်။

ဒီရက်ပိုင်းအတွင်း မုန့်ုလုပ်စရာတွေများနေတာကြောင့် စာရေးတာက လိုက်လို့မမှီဘူးဖြစ်နေပါတယ်။ ခုရက်ပိုင်းမှာလုပ်ဖြစ်တဲ့ မုန့်တွေက Whoopie pie နဲ့ သူငယ်ချင်းသားလေးအတွက် မွေးနေ့ကိတ်ပါ။ Pooh အရုပ်ကလေးနဲ့ ချစ်စရာလေးပါ။ ၅ နာရီလောက်တော့ ကြာအောင်လုပ်လိုက်ရတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က လုပ်စားဖြစ်တဲ့ ထောပတ်ထမင်းနဲ့ ကြက်သားဟင်းကို နောက်မှပဲတင်လိုက်မယ်နော်။

ခုတော့ ပေါင်မုန့်လုပ်နည်းလေးကို ရေးပေးလိုက်ပါတယ်

ပါဝင်ပစ္စည်းများ



Group (A)
·         နို့ ၂၅၀ မီလီလီတာ (ခပ်နွေးနွေးလေးဖြစ်အောင် အပူပေးထားပါ)
·         Yeast 5 gram
·         ပေါင်မုန့်ဂျုံ ၂၃၀ ဂ၇မ်
Group (B)
·         သကြား ၂ tsp
·         ဆား ၆ ဂရမ်
·         Whole meal flour  (ဂျုံကြမ်း) ၁၄၀ ဂရမ်
·         ထောပတ် ၁၅ ဂရမ်
·         Wallnut အနည်းငယ်


လုပ်နည်း


  1. ပထမဆုံး အဖွဲ့ (A) ကိုအားလုံးရောမွှေပေးလိုက်ပါ။ အဖုံးအုပ်ပြီး  မိနစ်၄၀လောက် ပွလာအောင်စောင့်ပေးပါ။
  2. မိနစ်၄၀ကြာရင် ထောပတ်ကလွဲလို့ အဖွဲ့ (B) ကိုရောမွှေပေးပြီး နယ်ပေးပါ။ ၅ မိနစ်လောက်နယ်ပြီးရင် ထောပတ်ကိုရောမွှေပြီး ၂၅ မိနစ်လောက်ကြာအောင် နယ်ပေးပါ။
  3. ပြီးရင်တော့ ဇလုံထဲကို ပြန်ထည့်ပြီး အဖုံးအုပ်ပေးထားပါ။ ၄၅မိနစ်လောက်ကြာရင် ၂ ဆကြော်ကြော်ပွတက်လာပါလိမ့်မယ်။
  4. မုန့်သားကိုထုတ်ပြီးနောက်တစ်ကြိမ် ၃ မိနစ်လောက်နယ်ပေးပါ။ ပြီးရင် ဒလိမ့်တုံးနဲ့လှိမ့်ပြီး ပြန်လိပ်ပေးပါ။
  5. ထို့နောက် မုန့်ဖုတ်မယ့် ပုံစံခွက်လေးထဲထည့်ပြီး နောက်တစ်ကြိမ် ထပ်ပွလာအောင် စောင့်ပါ။ နာရီဝက်လောက်တော့ ကြာပါတယ်။
  6. မုန့်သားတွေပွလာပြီဆိုရင် ၁၆၀ ဒီဂရီအပူပေးထားတဲ့ အာဗင်မှာ ၄၃ မိနစ်ကင်ပေးရင်ရပါပြီ။
  7. အာဗင်မှထုတ်ထုတ်ချင်း ဗန်းကနေထုတ်ပြီး အအေးခံပေးပါ။
  8. လုံးဝအေးမှ လှီးပြီးသုံးဆောင်ပါ။


 ဒါလေးက မွေးနေ့ အတွက်သူများမှာတဲ့ ကိတ်လေး (ကြော်ငြာဝင်တာ :D :D)

Wednesday, September 19, 2012

အသီးအရွက်သုပ်

ခုတစ်လော ဟင်းချက်ဖြစ်၊ မုန့်လုပ်ဖြစ်တာတွေ အများကြီးပါ။ ဒါပေမယ့်လည်း အကုန်မရေးဖြစ်ပဲ ရေးစရာအကြွေးတွေ တော်တော်များနေပါတယ်။ ဖြည်းဖြည်းချင်း အချိန်ယူပြီး ရေးမှရမယ့် အခြေအနေဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေကလည်း ထောပတ်ထမင်းနဲ့ ကြက်သားဟင်းလုပ်စားဖြစ်ပါတယ်။ မွေးနေ့အလွန် သူငယ်ချင်းတွေပြန်စုကြတာပါ။ အဲဒါကိုတော့ နောက်ပို့စ်တစ်ခုမှပဲ ရေးတော့မယ်။ ခုလောလောဆယ်တော့ လွယ်ကူမြန်ဆန်တဲ့ ညနေစာ အသုပ်ကလေးအကြောင်းရေးပါမယ်။ အရှေ့နဲ့အနောက်ကို ရောမွှေထားတဲ့ အသီးအရွက်သုပ်ပေါ့နော်။ ပိန်ချင်လို့ ညနေစာထမင်းမစားချင်တဲ့သူတွေနဲ့ သင့်တော်မယ်လို့ထင်ပါတယ်။

တလောက အင်္ဂလိပ်အသုပ်လုပ်စားမယ်ဆိုပြီး ၀ယ်ထားတဲ့ cherry tomato/ Butter head lettuce နဲ့ ခရမ်းရောင် ဂေါ်ဖီထုပ်တွေကျန်နေပါတယ်။ အင်္ဂလိပ် အသုပ်စုံဟာ အီလွန်းလို့ အမြဲတမ်းမစားနိုင်ပါဘူး။ ပိုနေတဲ့ အသီးအရွက်တွေ အလဟသ မဖြစ်ရလေအောင် ဗမာမှုပြုလိုက်တဲ့အခါ ဒီလို့ အသုပ်မျိုးထွက်လာပါတယ်။ East meet West ပေါ့နော်။ အရသာက လည်းသာမန် ခရမ်းချဉ်သီးသုပ်နဲ့ မတူပဲ ပဲကြော်လေးတွေပါထည့်ထားတာ တော်တော်စားလို့ကောင်းပါတယ်။ စိတ်ဝင်စားရင် စမ်းကြည့်ပြီး ကောင်းမကောင်းပြန်ပြောဦးနော်။

ပါဝင်ပစ္စည်းများ

  1. Butter head lettuce ၁ ပွင့် (ရေဆေးပြီး ခပ်ထူထူလှီးထားပါ)
  2. cherry tomato ၁၀ လုံး ( ၂ ခြမ်းစိတ်ပေးထားပါ)
  3. ခရမ်းရောင် ဂေါ်ဖီပါးပါးလှီး အနည်းငယ်
  4. ပဲမှုန့် လက်ဖက်ရည် ၁ ဇွန်း ခွဲ
  5. ငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
  6. သံပုရာရည် လက်ဖက်ရည် ၁ ဇွန်း
  7. ငရုပ်သီးလှော်မှုန့် လက်ဖက်ရည် ၁ ဇွန်း
  8. သံလွင်ဆီ စားပွဲဇွန်း ၁ ဇွန်း
  9. ပုဇွန်ခြောက် အနည်းငယ်
  10. လက်ဖက်နဲ့စားတဲ့ ပဲကြော် လက်တစ်ဆုပ်စာ
သုံးတဲ့ ဆလပ်ရွက်ပုံ (Google ကရှာထားတာ)

အဲဒါတွေအားလုံးကို ရောနယ်လိုက်ရင် စားလို့ကောင်းတဲ့ အသီးအရွက်သုပ်ကိုရပါပြီ။ အရွက်တွေနွမ်းအောင် သေချာဖိနယ်ရင် ပိုစားကောင်းပါတယ်။ ချဉ်၊ငံ၊စပ်အရသာနဲ့ ပြည့်စုံတာမို့ အားလုံးနှစ်သက်ကြမှာပါ။

Monday, September 17, 2012

နံကထိုင်မွမွလေး

ဒီတစ်ခါတော့ စားလို့ကောင်းတဲ့ နံကထိုင်မုန့်လုပ်နည်းလေး ရေးပြချင်ပါတယ်။

အင်္ဂလိပ်အခေါ်အဝေါ် နဲ့ဆိုရင်တော့ shortbread ပေါ့နော်။ ထောပတ်ပါဝင်မှုများတာကြောင့်မုန့်သားမွမွလေးနဲ့ အင်မတန်မှ စားလို့အရသာရှိပါတယ်။ ဒါပေမယ့်  ဒီလုပ်နည်းမှာပါတဲ့ နံကထိုင်က ဗမာပြည်ကစားဖူးနေကျ နံကထိုင်နဲ့ နဲနဲတော့ ကွာပါတယ်။ ထောပတ်၊ နို့သိပ်မများတာကြောင့် မအီပဲ စားလို့ကောင်းလို့ ပိုပြီးသဘောကျမိတယ်ပါတယ်။ လုပ်နည်းလေးလဲ လွယ်တာကြောင့် သဘောကျနှစ်သက်ကြမှာပါ။



ပါဝင်ပစ္စည်းများ

  • ဂျုံ ၂၂၀ ဂရမ်
  • သကြား ၈၀ ဂရမ်
  • ထောပတ် ၁၆၀ ဂရမ်
  • ဆား နည်းနည်းလေး
  • ကြက်ဥအကာ ၃၀ ဂရမ် (၁ခု မရှိတစ်ရှိပေါ့)

လုပ်နည်း

  1. ပထမဆုံး ဂျုံ၊ သကြားကို စကာစစ်ပေးပါ။
  2. အတုံးသေးသေးတုံးထားတဲ့ ထောပတ်ကိုရောထည့်ပြီး အဖတ်ဖတ်ကလေးတွေဖြစ်အောင် လက်ချောင်းထိပ်လေးတွေနဲ့နယ်ပေးပါ။
  3. ပြီးရင် ကြက်ဥအကာထည့်ပြီး မုန့်သားရအောင်နယ်ပါ။
  4. မုန့်သားရပြီဆိုရင် ပလတ်စတစ်ပတ်ပြီး ရေခဲသေတ္တာထဲ ၁ နာရီထားပေးပါ
  5. ပြီးရင် ဒလိမ့်တုန်းနဲ့လှိမ့်ပေးပြီး ၁စင်တီမီတာ အထူရှိတဲ့ အပြားလေးရအောင်လုပ်ပါ
  6. နောက်ပေတံ ၂ ပြားစာအရှည်နဲ့ လက်မ၀က်သာသာ ဗျက်ကလေးတွေရှိတဲ့ မုန့်ချောင်းလေးတွေရအောင်လုပ်ပြီး ဗန်းပေါ်တင်ပါ (ဒီလိုပုံ တသမတ်ထည်းလုပ်ရမယ်လို့ မဆိုလိုပါ။  မိမိစိတ်ကြိုက်ပုံလုပ်နိုင်ပါတယ်)
  7. နောက် တူနဲ့ အပေါက်ကလေးတွေလိုက်ဖောက်ပြီး ၁၄၀ ဒီဂရီအာဗင် (ပန်ကာပါတဲ့ အာဗင်ဆိုရင် ၁၂၀ ဒီဂရီ) မှာ ၁ နာရီဖုတ်ပေးပြီးရင် ရပါပြီ