Showing posts with label Misc. Show all posts
Showing posts with label Misc. Show all posts

Tuesday, March 24, 2015

တူနာကော်ပြန့်လိပ်





ရိုးရိုးကော်ပြန့်လိပ်အစား တူနာငါးနဲ့ အစားထိုးထားတဲ့ ကော်ပြန့်ပါ။ ပဲပင်ပေါက်ရဲ့ ချိုသောအရသာနဲ့ တူနာရဲ့ ဆိမ့်သောအရသာ နှစ်မျိုးပေါင်းပြီး ကြွပ်နေတဲ့ကော်ပြန့်ပါ ပေါင်းစပ်လိုက်တဲ့အခါမှာ အရသာရှိလှတဲ့ ကော်ပြန့်ကြော်တစ်ပွဲဖြစ်လာပါတယ်။ ငရုပ်ဆီချဉ်လေးနဲ့ တွဲစားလိုက်ရင်တော့ မအီတာကြောင့် ကြော်မလောက်ဖြစ်မှာ အသေအချာပါ။

ပါဝင်ပစ္စည်းများ
တူနာငါး ၁ ဗူး - ရေစစ်ထားပါ
ပဲပင်ပေါက်လက်တစ်ဆုပ်စာသာသာ
ဆား
ငရုပ်ကောင်း
ကော်ပြန့်ဖတ်



ပြုလုပ်နည်း
ပဲပင်ပေါက်များကို ရေဆေးကာ ဆီပူပူမှာလှိမ့်ကာ ဆား၊ငရုပ်ကောင်းထည့်ထားပါ
ရေစစ်ထားသော တူနာငါးများကိုလည်း ထည့်မွှေကာ ခြောက်အောင်ကြော်ကာ အအေးခံထားပါ။
ရလာသော အဆာများကို ကော်ပြန့်ဖတ်တွင်ပုံပါအတိုင်းထည့်ကာ လိပ်ပေးပါ
ကော်ပြန့်အသေး ၁၅ ခုခန့်ထွက်ပါတယ်
ရလာသော ကော်ပြန့်များကို မီးအသင့်အတင့်မှာ ကြွပ်နေအောင်ကြော်ပြီး ရင်သုံးဆောင်ရန်အသင့်ဖြစ်ပြါီ့။

Friday, January 16, 2015

Chicken Spinach Muffin




မနက်စာအတွက်သင့်တော်တဲ့ ကြက်သား၊ဟင်းနုနယ် Muffin ပါ။ ဒါကတော့ အင်္ဂလိပ်အခေါ်ပေါ့။ အနီးစပ်ဆုံး မြန်မာအခေါ်အဝေါ်ကို ပြောပါဆိုရင်တော့ ကြက်သားပေါင်းနဲ့ နီးစပ်တယ်လို့ပဲ ပြောရမှာပါပဲ။ ဒီနည်းကတော့ ကြက်သားတစ်ခုထဲတင်မကပဲ အသီးအရွက်၊ ကြက်ဥများပါပါဝင်ပြီး Oven သုံးကာဖုတ်ထားတဲ့နည်းပါ။ မနက်စာအဖြစ် ရေနွေးကြမ်းပူပူလေးနဲ့ပဲ သောက်သောက်၊ ကော်ဖီလေးနဲ့တွဲစားစား အရသာရှိလှပါတယ်။ 






ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၂လုံး
  • ကြက်သွန်မိတ် ၂ ပင် (သေးသေးလှီးပါ)
  • ကြက်ရင်ပုံ ၁ ခြမ်း (နုတ်နုတ်စဉ်းပါ)
  • နုတ်နုတ်စဉ်းထားသော ပန်းငရုပ်ပွ လက်တစ်ဆုပ်စာ
  • ဟင်းနုနယ်အရွက် - လက်တစ်ဆုပ်စာသာသာ
  • ချယ်ရီခရမ်းချဉ်သီး- အနည်းငယ်
  • ဆီ စားပွဲဇွန်း ၁ ဇွန်း
  • ပဲငံပျာရည် လက်ဖက်ရည် ၁ဇွန်း
  • ကြက်သားမှုန့်လက်ဖက်ရည် ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်
  1. ကြက်ဥကို ဆားအနည်းငယ်ထည့်ကာ ခေါက်ထားပြီး ကြက်သွန်မိတ်နဲ့ ရောမွှေထားပါ
  2. နုတ်နုတ်စဉ်းထားသော ကြက်သားကို ကြက်သားမှုန့်နဲ့ရောနယ်ကာ ဆီပူပူမှာမွမွလေးများဖြစ်လာအောင် မွှေကာဖိခြေပေးပါ။ထို့နောက် ပဲငံပျာရည်ကိုလည်းရောထည့်ပါ။
  3. ပန်းငရုပ်ပွကို ထည့်ကြော်ပြီး ၁ မိနစ်ခန့်ကြာလျှင် ဟင်းနုနယ်ကိုရောမွှေပါ။
  4. ဟင်းနုနယ် နွမ်းစပြုလျှင် ကြက်ဥများကို ထည့်မွှေကာ အနည်းငယ်ပျစ်လာလျှင်မီးပိတ်လိုက်ပါ။
  5. ဆီသုတ်ထားသော Muffin ခွက်လေးများထဲတွင်ထည့်ကာ ချယ်ရီခရမ်းချဉ်သီးများထည့်ပါ။ ချိစ်နှစ်သက်လျှင် အနည်းငယ်ခြစ်ထည့်နိုင်ပါတယ်။
  6. ထို့နောက် ၁၈၀ ဒီဂရီအပူပေးထားသော အာဗန်တွင် ၁၇ မိန်နစ်ခန့်ဖုတ်ပေးရင်တော့ အနံ့အရသာပြည့်စုံသော ကြက်သား အသီးအရွက် muffin လေးများ အဆင်သင့်ဖြစ်ပါပြီ။

Wednesday, January 7, 2015

Overnight Oat




အာဟာရပြည့်ဝတဲ့ မနက်စာတစ်မျိုးက Overnight Oat လို့ခေါ်တဲ့ ညကတည်းက ပြင်ဆင်ထားရတဲ့ အစားအသောက်တစ်မျိုးပဲ ဖြစ်ပါတယ်။

အဓိကကတော့ Oatmeal ၊ ဒိန်ချဉ်နဲ့ နွားနို့ဆတူပါဝင်ပြီး အနည်းဆုံး ၆ နာရီကြာအောင် ရေခဲသေတ္တာထဲမှာ ညသိပ်ထားရပါတယ်။ နှစ်သက်ရာခွက် (သို့) ပုလင်းကို အသုံးပြုနိုင်ပြီး လေလုံအောင်အဖုံးပိတ်ထားနိုင်ရင်ပိုကောင်းပါတယ်။ အရသာခပ်ဆိမ့်ဆိမ့်လေးနဲ့ အသီးလေးတွေထည့်စားရင် ပိုပြီးစားကောင်းပါတယ်။

ပါဝင်ပစ္စည်းများ
Oatmeal - 1/3 cup (မုန့်ဖုတ်သုံးခွက်ကိုဆိုလိုပါတယ်)
နွားနို့ - 1/3 cup
ဒိန်ချဉ် - 1/3 cup
အားလုံးကို ရောမွှေပြီး ခွက်တွေထဲထည့်ကာ လေလုံအောင် အဖုံးဖုံးပြီး ရေခဲသေတ္တာထဲမှာ ညသိပ်ထားလိုက်ပါ။
မနက်ကျမှ မိမိနှစ်သက်ရာ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ငှက်ပျောသီး စတဲ့အသီးများထည့်ကာ ပျားရည် (သို့) Maple Syrup အနည်းငယ်ဆမ်းကာ သုံးဆောင်နိုင်ပါတယ်။

Tuesday, December 23, 2014

မုန်လာဥခြောက်





ကြက်သား၊ ၀က်သားစတဲ့ ဟင်းအချိုချက်တွေမှာ ထည့်ချက်ရင် စားလို့ကောင်းလှတဲ့ မုန့်လာဥခြောက်လုပ်နည်းလေးပါ။ ဟင်းအရသာများအထဲကို စိမ့်ဝင်နေပြီး ခပ်ထုတ်ထုတ်လေးနဲ့ အင်မတန်စားကောင်းပါတယ်။ တစ်ချို့ကလည်း ဟင်းမချက်ပဲ အသားနဲ့မစိုမခြောက်လေး ကြော်စားတာကို တွေ့ဖူးပါတယ်။
မုန်လာဥခြောက်လုပ်နည်းများ ဘာဆန်းလဲလို့ပြောစရာရှိပါတယ်။ ဒါပေမယ့် မသိသေးတဲ့သူတွေအတွက် အသုံးဝင်နိုင်တာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့ မုန်လာဥများကို နေလှန်းပြီး မှ ခြောက်သွေ့စေတာပါ။ ဒါပေမယ့် ကျွန်မတို့လို နေရာင်ရှိချိန်မှာ အိမ်မှာမနေရသူတွေ၊ နေလှန်းဖို့နေရာ အဆင်မပြေသူများအတွက် အာဗန်ကိုသုံးပြီး မုန်လာဥခြောက်လုပ်နည်းကို လုပ်ပြထားပါတယ်။

ပါဝင်ပစ္စည်းများ
·         မုန်လာဥ 
·         ဆား


ပြုလုပ်နည်း
မုန်လာဥများကို ခပ်သေးသေးလှီးကာ ဆားနဲ့ နယ်ကာ  ၁၅ မိနစ်ခန့်ထားပြီး ရေဆေးပါ။
ရလာသော မုန်လာဥများကို ဗန်းသို့ ဇကာထဲတွင်ထည့်ကာ လေသအောင်ထားပြီး ပုံမှန်အခန်းမှာ ၂ ရက်ခန့်ထားပါ။
ထို့နောက် ၁၃၀ ဒီဂရီ အပူပေးထားသော အာဗန်မှာ ၁ နာရီခန့်ကင်ပေးပါ။  ထို့နောက် အပူချိန် ၁၀၀ ဒီဂရီကို လျော့ချကာ ၂ နာရီခန့်ဆက်ကင်ပါ။ ၄၅ မိနစ်တစ်ခါ အထက်အောင်လှန်ပေးပါ။
မုန်လာဥခြောက်များ အဆင်သင့်ဖြစ်ပါပြီ။

Thursday, November 14, 2013

မုန့်ဖုတ်သင်တန်း



စာရေးပြီး မတင်ဖြစ်တာ ၂ ပတ်လောက်ရှိနေပါပြီ။ ပြန်ပေါ်လာတာနဲ့အတူ သတင်းလေးတစ်ခုကို ကြော်ငြာချင်ပါတယ်။ အဲဒါကတော့ Evy's Kitchen ကနေပြီး မုန့်ဖုတ်သင်တန်းတွေစပြီးပေးနေတယ် ဆိုတာပါပဲ။ အဓိကကတော့ အခြေခံမုန့်ဖုတ်နည်းများပါပဲ။ စင်္ကာပူမှာပါပဲ။ စိတ်ဝင်စားသူများအတွက် သင်တန်းအသေးစိတ်လေးတွေကို ဓာတ်ပုံများနဲ့ တင်ပေးထားပါတယ်။




သင်တန်းတိုများဖြစ်ပြီး ဒီဇင်ဘာလ ၂၁ရက်နေ့ကနေစပြီးလက်ခံနေပါပြီ။ စနေ၊တနင်္ဂနွေ ၂ ရက်ပဲ သင်တန်းရှိပါတယ်။ တစ်ခါသင်ရင် ၂ ယောက်ပေါ့။ လောလောဆယ်တော့ ဒီဇင်ဘာလကုန်အထိရက်တွေပြည့်သွားလို့ နောက်နှစ် ဇန္န၀ါရီအတွက် စပြီးလက်ခံနေပါပြီ။ သင်တန်းအတွက်သိလိုသည်များကို Evy's Kitchen ရဲ့ facebook Fan page မှာမေးနိုင်ပါတယ်။


https://www.facebook.com/evyktichen

Tuesday, August 27, 2013

အိတ်မှောက် ဖာသွန် ၂၇- Tag Post


အစ်မ သက်ဝေက tag ပို့စ်ရေးပါဆိုတာနဲ့ မရေးတာကြာနေပြီဖြစ်သော tag ပို့စ်လေးရေးဖြစ်သွားပါတယ်။ ဟင်းချက်ခြင်းပို့စ်ကလွဲပြီး အခြားအကြောင်းအရာ ရေးနေကြမဟုတ်လေတော့ ဘာရေးရမလဲ ဆိုတာကို တော်တော်တော့ စဉ်းစားလိုက်ရပြန်ပါတယ်။  တစ်ခုသတိထားလိုက်မိတာက အရင်ဘလော့နှစ်ဦးပိုင်းများကလို tag ပို့စ်တွေရှားပါးသွားတဲ့ခေတ်မှာ ခုတစ်လောတော့ tag ပို့လေးတစ်ခု နှစ်ခုလောက်ကို တွေ့မိလိုက်တာပါ။ ငြိမ်ချက်သားကောင်းနေတဲ့ ဘလော့လောကကြီးလည်း ဩဂုတ်၃၁ရက်နားရောက်လို့ ပြန်လည်တက်ကြွလာလေရော့သလား။ ဘာပဲဖြစ်ဖြစ် Tag ပို့စ်လေးတွေရေးရတာက ပေါ့ပေါ့ပါးပါးနဲ့  ပျော်စရာကောင်းပြီး blogger အချင်းချင်း ရင်းနှီးမှုတိုးပွားစေတာ အမှန်ပါပဲ။

ကဲ ခေါင်းစဉ်က "အိတ်မှောက် ဖာသွန်၂၇" တဲ့...ခေါင်းစဉ်အရဆိုရင်တော့ ၂၇ ရက်နေ့မှာ အိတ်မှောက် (သို့) သွန်တဲ့ အကြောင်း။ ဒါဆိုရင်တော့ အိတ်သွန်ကို သွန်မှဖြစ်တော့မယ်ဆိုပြီးသွန်လိုက်တဲ့ အခါမှာ ထွက်လာတာများကတော့

၁) အလုပ်သမားကဒ်
၂) ပိုက်ဆံရွက်များ၊ အကြွေစေ့များ နဲ့ ကဒ်ပေါင်းစုံထည့်ထားသော wallet တစ်ခု
၃)ထီးတစ်လက်
၎) ရုံးက အံဆွဲသော့များချိတ်ထားသော အကြွေစေ့ထည့်သောအိတ်တစ်အိတ်
၅) နုတ်ခမ်းနီအဆီတစ်တောင့်
၆) Hand cream သုံးလက်စတစ်ဗူး (တစ်ခါတစ်လေ စိတ်ပါမှသုံးဖြစ်ပါသည်)
၇) ဖုန်း
၈)ဘောပင်တစ်ချောင်း
၉)အဆီစုပ်စက္ကူထည့်ထားသော အိတ်လေး
၁၀) ဘီးခပ်သေးသေးလေးတစ်ခု
၁၁) အိမ်သော့တွဲတစ်ခု
၁၂) ဇက်ကြောတက်လျှင်လိမ်းသော လက်ကိုင်လိမ်းဆေးတစ်ဗူး+ Panadol တစ်ကဒ် (ဒီနောက်ဆုံး ၂ ခုက မရှိမဖြစ်)

ကျွန်မအိတ်ကတော့ တခြားမိန်းခလေးများလို အလှပြင်ပစ္စည်းများသိပ်ပါလေ့ မရှိပါဘူး။ ခုနောက်ပိုင်းမှာ ပခုံးကိုက် ဇက်ကြောတက် တတ်တာဆိုးလွန်းတာကြောင့် တတ်နိုင်သမျှ အလိုအပ်ဆုံးပစ္စည်းများကို သာထည့်ယူလေ့ရှိတာမို့ အိတ်က မလေးဘူးလို့ပြောလို့ရပါတယ်။ ဘာပါလဲဆိုတာလည်း သိပ်စိတ်ဝင်စားစရာမကောင်းတဲ့ အိတ်အမျိုးအစားထဲမှာ ကောင်းကောင်းပါမယ့် အိတ်မျိုးပါပဲ။


ကျွန်မရဲ့ အိတ်သွန်တဲ့ ကိစ္စက အဲဒီမှာတင် မရပ်ဘူးရှင့်။ နောက်ပိုပြီး စိတ်ဝင်စားစရာကောင်းမယ့် အိတ်ကို ထပ်သွန်တယ်။ ဒီတစ်ခါတော့ ကိုယ့်လို အချက်အပြုတ်၊ မီးဖိုချောင် ပစ္စည်း သေးသေးမွှားမွှားလေးများကို တွေ့တိုင်းဝယ်နေမယ့် သူများစိတ်ဝင်စားမယ့် အပိုင်းရောက်လာပါပြီ။ အဲဒီအိတ်မျိုးလေးများ ကျွန်မအပြင်ထွက်တိုင်း အလျင်းသင့်သလိုပါလာလေ့ရှိပြီး ပါတဲ့ပစ္စည်းများကလည်း အမြဲတမ်းကွဲပြားနေတတ်တယ်။ ဒီနေ့အတွက် နေ့ခင်းက Daiso ကိုလဲရောက်ခဲ့တာမို့ ပါလာတဲ့ အိတ်ကလေးကို ထပ်သွန်လိုက်တဲ့ အခါမှာ

၁) မီးဖိုသုံး နှီးဗန်းလေး
၂) ကိတ်မုန့်ထည့်ဖို့သင့်တော်မယ့် ပန်းကန်လေးတစ်ခု
၃) မုန့်ဖုတ်သုံး မွှေတံ
၎) ဓာတ်ပုံရိုက်ရင်သုံးဖို့ အလှဆင်ပစ္စည်းတစ်ချို့
၅) မီးဖိုသုံး အနံ့အသက်စုပ်စေတဲ့ ဗူးကလေးတစ်ခု
ထွက်လာပါတယ်။

 ဒီအိတ်ကတော့ ကျွန်မအမြဲတမ်း ပျော်ရွှင်စွာနဲ့ သွန်လေ့ရှိတဲ့ အိတ်ပါပဲ။ အလှပြင်ပစ္စည်းကို မက်မောလေ့မရှိပဲ မီးဖိုချောင်ပစ္စည်း ကိုသာပိုစိတ်ဝင်စားတဲ့ ကျွန်မကအဲလို အိတ်မျိုးလေးကိုပဲ အမြဲသွန်ချင်ပါတယ်လို့ ပြောရင်းဒီပို့စ်လေးကို အဆုံးသတ်လိုက်ပါရစေ.


ကဲမမသက်ဝေရေ.....စိတ်ပါလက်ပါပဲရေးလိုက်ပါပြီနော်။
(အိတ်ပုံတစ်ပုံမှ ရိုက်ပြီး သားမရှိလို့ အင်တာနက်ကပဲ ရှာပေးလိုက်ပါတယ်။ Photo courtesy of Google Image)

Thursday, August 15, 2013

"လွယ်ကူဆန်းသစ်သောမုန့်လုပ်နည်းများ "စာအုပ်



EVY's Kitchen ရဲ့ ချစ်မိတ်ဆွေများကို စာအုပ်ထွက်တဲ့ အကြောင်းသတင်းကောင်းလေးပါးချင်ပါတယ်ရှင်။
ဒါလေးက EVY's Kitchen ရဲ့မှတ်တိုင်လေး တစ်ခုဆိုရင်လည်း မမှားပါဘူးနော်။ FOOD Magazine မှ စုစည်းတင်ဆက်မှုပြုလုပ်လိုက်တဲ့ စာအုပ်လေးပါ။

မုန့်လုပ်နည်းသီးသန့် ဖြစ်တာကြောင့် မုန့်ဖုတ်ဝါသနာတူ မိတ်ဆွေများ သဘောကျနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မုန့်လုပ်နည်း တော်တော်များများကိုလည်း ထုံးစံအတိုင်း ပုံအဆင့်ဆင့်နှင့်တကွ ဖော်ပြထားပြီး website မှာ မဖော်ပြရသေးတဲ့ မုန့်လုပ်နည်း အသစ်များလည်း ပါဝင်ပါတယ်ရှင်။ ဒါ့အပြင် မုန့်လုပ်ရာမှာသတိထားရမယ့် ဆောင်ရောင်ရှောင်ရန်များကိုလည်း ထည့်သွင်းဖော်ပြပေးထားတာမို့ အဆင်ပြေမယ် ထင်ပါတယ်။

စာအုပ်ကတော့ ဒီနေ့မှာ စတင်ဖြန့်ချီပြီး ရန်ကုန်က စာအုပ်ဆိုင်တိုင်းနဲ့ City Mart တိုင်းမှာရနိုင်ပါတယ်။
နယ်မှ မှာယူလိုသူများအတွက်တော့ FOOD Magazine တိုက်ကိုပဲ ဆက်သွယ်နိုင်ပါတယ်။

Sunday, July 14, 2013

အိမ်လုပ်နို့ဆီ



 

တစ်ခါတစ်လေ အိမ်မှာနို့ဆီပြတ်နေတဲ့အချိန်၊ အလွယ်တကူ မရှိတဲ့အချိန်ဆိုရင် ခုရေးပြမယ့် နို့ဆီလုပ်နည်းလေးက အသုံးဝင်မယ်ထင်တယ်နော်။ ကျွန်မတို့ အိမ်မှာဆိုရင် နို့ဆီဝယ်ထားဖြစ်တောင် အများကြီးဖြစ်နေတာမို့ ကုန်အောင်မနဲသုံးရလို့ ဒီလုပ်နည်းရတာနဲ့ ဟန်ကျနေတာ။ ကိုယ်လိုသလောက်ပဲ လုပ်လို့ရတယ်လေ။ ပါတဲ့ ပစ္စည်းတွေကလည်း အလွယ်တကူရနိုင်တာလေးတွေချည်းပဲ။ တစ်ခါတစ်လေ နို့မှုန့်ဝယ်ထားမိလို့ ရက်လွန်ကာနီးရင်လဲ ဒီလိုမျိုးအသုံးချလို့ရတာပေါ့။

ပါဝင်ပစ္စည်းများ


  • ထောပတ် (အပူပေးပြီး ပျော်အောင်လုပ်ထားပါ) - စားပွဲဇွန်း ၂ ဇွန်း (၃၀ ဂရမ်)
  • သကြား ၉၀ ဂရမ်
  • နို့မှုန့် ၁၂၀ ဂရမ်
  • ရေနွေး ၇၀ မီလီလီတာ။


ပါဝင်ပစ္စည်းများအားလုံးကို Food processor (သို့) blender နဲ့ရောမွှေလိုက်ပါ။
သေသေချာချာတော့ သမအောင်မွှေရပါမယ်
နို့မှုန့်က အခဲပါလို့လုံးဝမရပါဘူး။ သိပ်ပျစ်တယ်ထင်ရင် ရေနွေးစားပွဲဇွန်း ၁ ဇွန်းလောက်ထပ်ရောပေးလို့ရပါတယ်


အိမ်လုပ်နို့ဆီ ၅ မိနစ်အတွင်းမှာရပါပြီ။  ကိုယ်တိုင်လုပ်ထားတဲ့ ပစ္စည်းများဆိုရင် အရသာပဲပိုရှိသလိုလို :D ကော်ဖီဖျော်သောက်ကြည့်တာ ပိုကောင်းနေသလိုပဲ။
စမ်းကြည့်ကြပါဦး။