Thursday, March 28, 2013

တရုပ်စတိုင် မုန်ညှင်းကြော်




တရုပ်ဟင်းတွေလို့ ဆိုလိုက်တာနဲ့ အသီးအရွက်ပါစမြဲပါပဲ။ တရုပ်အသီးအရွက်ကြော်များဟာ ဆီမများပဲ ခပ်စိမ်းစိမ်းတွေမို့ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထင်ပါတယ်။ အသီးအရွက်ကြော်နည်းပေါင်း အများကြီးထဲကမှ စားကောင်းမယ့်နည်းလေးကို မျှဝေပေးချင်ပါတယ်။
ဒီဟင်းပွဲကတော့ မုန်ညှင်းနဲ့ တရုပ်မှိုခြောက်ကိုရောကြော်ထားတာပါ။ ကြော်တာက ရိုးရိုးပေမယ့် ဆော့စ်ကနဲနဲဆန်းပြီး အရသာရှိပါတယ်။ မှိုထဲကိုဆော့စ်တွေဝင်သွားတော့ မှိုကလည်း တော်တော်စားလို့ကောင်းပါတယ်။ တရုပ်စတိုင်ထမင်းကြော်လေးနဲ့ဆိုရင် သိပ်လိုက်ဖက်ပါတယ်။

ပထမဆုံးမှို ၈ ခုလောက်ကိုနာရီဝက်လောက်ရေစိမ်ထားပြီး လှီးထားပါ။
မှိုကြော်အတွက်ဆော့စ်
  1. ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
  2. ဆန်ဝိုင် စားပွဲဇွန်း ၁ ဇွန်း
  3. ရှာလကာရည် လက်ဖက်ရည် ၁ ဇွန်း
  4. သကြားလက်ဖက်ရည် ၁ ဇွန်း
  5. နှမ်းဆီမွှေးစားပွဲဇွန်း ၁ ဇွန်းခွဲ
နှမ်းဆီကလွဲလို့ ကျန်တာတွေအားလုံးကို ရောမွှေထားလိုက်ပါ။
ဆီသတ်ဖို့အတွက်  ကြက်သွန်ဖြူ ၁ မွှာ (နုတ်နုတ်စဉ်း) ချင်း အပြားသေး ၁ပြား (နုတ်နုတ်စဉ်း)

ပြုလုပ်နည်း 

  1. ပထမဆုံးနှမ်းဆီကို ပူလာအောင် အပူပေးပြီး ကြက်သွန်ဖြု၊ ဂျင်းကို ကြော်ပေးပါ
  2. ၁၀ စက္ကန့်လောက်နေရင် မှိုတွေကိုထည့်ပြီး ခဏကြော်ပေးပါ
  3. နောက် ခုနကရောထားတဲ့ဆော့စ်ကိုလောင်းထည့်ပြီး ၃ မိနစ်လောက်တည်ပါ။
  4. မီးပိတ်ပြီး ရေနွေးဖျောထားတဲ့ မုန်ညှင်းကိုရောမွှေပေးရင် ရပါပြီ

Monday, March 25, 2013

ခရမ်းသီးကြက်သားပေါင်း




ပုံမှန် ခရမ်းသီးချက်နည်း တွေနဲ့ မတူတဲ့တရုပ်ဟင်းအဆန်းတစ်ခွက်ပါ။ ခရမ်းသီးကို အသားတွေခြစ်ထုတ်ပြီး ကြက်သားများနဲ့ အစာပြန်သွပ်ထားတဲ့ ဟင်းတစ်ခွက်ဖြစ်ပြီး အရသာရှိလှပါတယ်။ တရုပ်အစားအစာ အသစ်အဆန်းများကို လုပ်စားကြည့်ချင်သူတွေ အကြိုက်တွေ့မယ့် ဟင်းတစ်မယ်ဆိုတာ အသေအချာပါပဲ။

ပါဝင်ပစ္စည်းများ
  • ခရမ်းသီး တစ်လုံး
  • ကြက်သား (သို့) ၀က်သား လက်တစ်ဆုပ်စာ (နုပ်နုပ်စဉ်း)
  • ကြက်သွန်ဖြူ ၃ မွှာ (နုပ်နုပ်စဉ်း)
  • နှမ်းဖြူအနည်းငယ်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ဆော့စ်အတွက်
  • ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်
  • သကြားလက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ပဲငံပျာရည် အနောက်စားပွဲဇွန်းတစ်ဇွန်း

ချက်နည်း
  • ပထမဆုံး ခရမ်းသီးကို ၂ ခြမ်းခြမ်းလိုက်ပြီး အလယ်ကအသားများကို ဇွန်းဖြင့် ခြစ်ထုတ်ပေးပါ
  • ကြက်သား (သို့) ၀က်သား၊ ခရမ်းသီးအသား၊ ကြက်သွန်ဖြူနဲ့ ဆားများကိုရောနယ်ပြီး ပုံပါအတိုင်းခရမ်းသီးထဲကို အစာသွပ်ပေးပါ


  • ထို့နောက်အစာသွပ်ထားတဲ့ မျက်နှာပြင်ကို နှမ်းနဲ့ ကပ်ပြီး ဆီပူပူမှာ ရွှေညိုရောင်သမ်းအောင် ကြော်ပါ
  • နောက်ပန်းကန်တစ်ခုထဲမှာ ခရမ်းသီးများကို စီထည့်ပြီး ဆော့စ်ဆမ်းကာ၊ နှစ်သက်ရာ အသီးအနှံများကို ထည့်က ၁၀မိနစ်ခန့်ပေါင်းပါ။


  • ဒါဆိုရင်တော့ အရသာရှိလှတဲ့ ခရမ်းသီးပေါင်းအဆင်သင့်ဖြစ်ပါပြီ။

Saturday, March 23, 2013

ပေါင်မုန့်ကြွပ်




ကျွန်မ မြန်မာပြည်မှာ နေတုန်းက အကြိုက်ဆုံးမုန့်တစ်ခုဟာ ပေါင်မုန့်ကြွပ်ပါ။ ဒီရောက်လာတော့ ရှာလို့ မရတာနဲ့ နှစ်တော်တော်ကြာ ဒီမုန့်နဲ့ ဝေးခဲ့ပါတယ်။ မုန့်တွေလုပ်တတ်လာတော့လည်း မုန့်ကြွပ်ကို အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ပြန်ပါဘူး။

ဒီရက်ပိုင်း ပေါင်မုန့်စုစည်းမှုပြန်လုပ်တော့ မုန့်ကြွပ်ကို သတိရသွားတာနဲ့ လုပ်ဖြစ်သွားပါတယ်။ ဒီမုန့်လေးကတော့ အလွယ်ဆုံးပေါင်မုန့်လုပ်နည်းလေးပဲ ဖြစ်မယ်ထင်ပါတယ်။ ဂျုံကြမ်းကြိုက်တဲ့သူတွေလည်း ဂျုံကြမ်းနဲ့ သုံးနိုင်သလို ရိုးရိုးပေါင်မုန့်အဖြူ နှစ်သက်သူများလည်း ရှိပြီးသားပေါင်မုန့်ကို သုံးရုံပါပဲ။ နိုင်ငံရပ်ခြားရောက်နေသူများလည်း မုန့်ကြွပ်အလွမ်းပြေ လုပ်စားကြည့်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ပေါင်မုန့် ၈ ချပ်
  • ထောပတ် စားပွဲဇွန်း ၈ ဇွန်း
  • သကြား

ပြုလုပ်နည်း
  • ပေါင်မုန့် တစ်ဖက်ကို ထောပတ်စားပွဲဇွန်း တစ်ဝက်နဲ့ အရင်သုတ်ပေးပါ။ အနားသားလေးတွေပါ ထောတ်ပတ်နဲ့သုတ်ပါ ။ မဟုတ်ရင် မီးကြွမ်းပါလိမ့်မယ်
  • နောက် သကြားဖြူးကာ ၁၇၀ ဒီဂရီအာဗင်မှာ ၈ မိနစ်ကနေ ၁၀ မိနစ်လောက်အထိကင်ပါ
  • အချိန်စေ့ရင်အာဗင်ထဲ ထုတ်ပြီး အခြားတစ်ဖက်ကိုလည်း ထောပတ်သုတ် သကြားဖြူးပေးပြီး ၈ မိနစ်ခန့်ထပ်ကင်ပါ။
  • လုံးဝအေးမှလေလုံဗူးထဲထည့် ထားရင်အကြာကြီးအစားခံပါတယ်။
  • ပေါ့ပေါ့ပါးပါးပေါင်မုန့် လုပ်နည်းကို အားလုံးနှစ်သက်ကြမယ်ထင်ပါတယ်

Thursday, March 21, 2013

ကြက်သားအာလူးအစာသွပ်




စားလို့သိပ်ကောင်းတဲ့ တရုပ်ဟင်းပွဲတစ်ပွဲနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ပုံမှန်က အာလူးကတ်တလိတ်ဆိုရင် အာလူးထဲကို ကြက်သားအစာသွပ်တာပေါ့။ ခုဟာက ကြက်သားထဲကို ချေထားတဲ့ အာလူးကို ပြန်ပြီး အစာသွပ်ထားတာပါ။ တရုပ်ဝိုင်၊ ခရုဆီတို့နဲ့ နှပ်ထားတာကြောင့်လည်းအ ရသာရှိလှပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်တွေအများကြီးပါတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်မှာကတော့ အထူးပြောဖွယ်ရာမရှိပါဘူး။

လုပ်နည်းလေးကို ကြည့်ကြရအောင်

ပါဝင်ပစ္စည်းများ
  • ကြက်ရင်ပုံသား ၂ ခု (နုတ်နုတ်စဉ်းထား)
  • မုန်ညှင်းဖြူ ၃ ပင် (တစ်ဝက်စီဝက်ထားပါ)
  • ရိုးရိုးမုန်ညှင်း ၃ ပင်
  • အာလူးအလတ် ၄ လုံး (ပြုတ်ပြီး ချေကာ ဆားလက်ဖက်ရည် ဇွန်း တစ်ဝက် ၊ ငရုပ်ကောင်းနှင့်ရောထားပါ)
  • ကြက်သွန်မိတ် ၁ ပင် (ပါးပါးလှီးထား)
  • ကြက်ဥအကာ တစ်ခု
  • ဆားလက်ဖက်ရည် ၁ ဇွန်း
  • အချိုမှုန့် အနည်းငယ်
  • ချင်း အနည်းငယ် နုတ်နုတ်စဉ်း
  • ကြက်သွန်ဖြူ ၂ မွှာ နုတ်နုတ်စဉ်း
  • ပြောင်းဖူးကော်မှုန့် စားပွဲဇွန်း ၁ ဇွန်း
ပြင်ဆင်နည်း
  1. အာလူးနဲ့ ဟင်းသီးဟင်းရွက်တွေမှလွဲပြီး ကျန်တာတွေအားလုံးကို ရောနယ်ထားလိုက်ပါ
  2. အာလူးကိုလဲ ကွမ်းသီးလုံးထက်ငယ်သော အရွယ်လေးများလုံးထားလိုက်ပါ
 

  1. နောက်ကြက်သားနယ်ပြီးသားများနဲ့ အာလူးကို မံပါတယ်
  2. အဲဒီနောက်မှာတော့ ဂျုံလူးပြီး ဆီပူပူမှာ ရွှေညိုရောင်သမ်းအောင် ကြော်ပါ
 

  1. ဆီကိုခပ်ထားလိုက်ပြီး စားပွဲဇွန်း ၂ ဇွန်းခန့်အိုးထဲမှာ ချန်ထားပါ
  2. ကြက်သွန်နီ အသေးတစ်ဥကို ဆီသတ်ပြီးမုန်ညှင်းဖြူများကို ထည့်ကြော်ပါ
  3. တစ်ဆက်ထည်းမှာပဲ ခရုဆီ စားပွဲဇွန်း ၁ ဇွန်းခွဲ၊ ဟင်းချက်ဆန်ဝိုင် စားပွဲဇွန်း ၃ ဇွန်း ၊ ပဲငံပျာရည် အနောက်လက်ဖက်ရည် ဇွန်း တစ်ဝက်၊ ပဲငံပျာရည်အကြည်စားပွဲဇွန်း ၁ ဇွန်းနဲ့ သကြားလက်ဖက်ရည် ဇွန်း ၁ ၀က်ကိုလည်း ထည့်ပေးပါ
  4. အဖုံးအုပ်ပြီး ၃ မိနစ်ခန့်တည်ပါ။ နောက် ကြော်ထားတဲ့ အာလူးကြက်သားလုံးများကို ထည့်ပြီး အသာအယာမွှေပေးပါ၊
  5. ကျန်တဲ့မုန်ညှင်းများကိုလည်း ထည့်ကာနောက် ရေတရုပ်ပန်းကန်လုံး တစ်ဝက်ခန့်ထည့်ပြီး အဖုံးအုပ်ကာ ၃ မိနစ်ခန့်ထပ်တည်ပါ။
  6. မုန်ညှင်းတွေလည်နွမ်းလာပြီဆိုရင်တော့ ပြောင်းဖူးကော်မှုန့် စားပွဲဇွန်း တစ်ဝက်ကို ရေတရုပ်ပန်းကန်လုံး တစ်ဝက်ခန့်နဲ့ ရောဖျော်ပြီး ထည့်ပေးပါ။
  7. ဆော့စ်တွေပျစ်ပျစ်လေးဖြစ်လာရင် ငရုပ်ကောင်းဖြူးကာ သုံးဆောင်ဖို့ အသင့်ဖြစ်ပါပြီ



Tuesday, March 19, 2013

အုန်းသီးစိမ်းကျောက်ကျော




သင်္ကြန်တွင်း မှာကျောက်ကျောထိုးချင်သူများအတွက် အုန်းစိမ်းကျောက်ကျောလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။   ဒီအချိုပွဲလေးကတော့ ကျွန်မရဲ့ညီမ လက်စွမ်းပြထားတာပါ။ သူကဗမာ မုန့်တွေလုပ်ရတာ ပိုပြီးအားသန်ပါတယ်။ စားလို့လဲကောင်းပြီး သင်္ကြန်နဲ့ လိုက်ဖက်မယ့် အုန်းစိမ်းကျောက်ကျောလေးကို စမ်းကြည့်ကြပါဦး

ပါဝင်ပစ္စည်းများ
·         အုန်းစိမ်းရည် ၁ လီတာ
·         သကြား ၁၅၀ ဂရမ်
·         ဆား - လက်ဖက်ရည် ဇွန်းတစ်ဝက်
·         ကျောက်ကျောမှုန့် တစ်ထုပ် -၁၀ ဂရမ်

ပြုလုပ်နည်း
·         အုန်းသီးနုနုများကို ဇွန်းနဲ့ ခြစ်ထားပေးပြီး မုန့်လုပ်မယ့် ဗန်းထဲဖြန့်ခင်းပေးထားပါ
·         အုန်းရည်၊သကြားနဲ့ ဆားကို ဆူအောင်ကျိုပေးပါ။
·         ဆူလာရင် ကျောက်ကျောမှုန့်ကို ဖြည်းဖြည်းချင်းရောမွှေပြီး  အဆက်မပြတ်မွှေပေးရပါမယ်
·         ၁၅ မိနစ်ခန့်မွှေပြီးရင်တော့ ခုနကအုန်းသီးထည့်ထားတဲ့ ဗန်းထဲကိုလောင်းထည့်ပြီး အအေးခံပါ
·         လုံးဝအေးသွားရင်တော့ အရသာရှိတဲ့ အုန်းစိမ်းကျောက်ကျောကို စိတ်ကြိုက်ပုံလှီးပြီး သုံးဆောင်နိုင်ပါပြီ