Tuesday, October 30, 2012

ပဲကြာဇံကြော်


အားလုံးကို မင်္ဂလာရှိတဲ့ သီတင်းကျွတ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ နုတ်ဆက်လိုက်ပါတယ်။ သီတင်းကျွတ်နုတ်ဆက်ပြီးပြီ ဆိုရင်တော့ ထုံးစံအတိုင်းအစားအသောက်ဘလော့ဆိုတော့လည်း အစားအသောက်အကြောင်း ရေးရတာပေါ့နော်။ :D ဒီဟင်းလေးကတော့ အကြွေးဆပ်တဲ့ဟင်းလို့ဆိုရပါမယ်။ Fan Page မှာပုံတင်ပြီး တော်တော်ကြာတဲ့အထိမရေး ဖြစ်ပဲ ခုမှရေးဖြစ်တာပါ။ ခုတစ်လောမှာ Page ကိုပြန်ပြင်နေတာနဲ့ ပုံဟောင်းနဲ့ ပုံသစ်တွေကို ရောတင်ဖြစ်နေလို့ အသစ်တွေ သီးသန့်ကို သိပ်မရေးနိုင်တာပါ။ ဒါ့အပြင် ရေးချင်တာတွေကများနဲ့ ဘယ်ဟင်းကို စကိုင်လို့ ကိုင်ရမှန်းမသိဖြစ်နေတာ။ ဒါလေးကတော့ သားသတ်လွတ်ထွက်လာတဲ့သူများနဲ့ အသင့်စားနိုင်မယ့် လွယ်ကူမြန်ဆန်တဲ့ ကြာဇံကြော်ပါ။ လုပ်နည်းကလေးကို ရေးပေးလိုက်ပါတယ်။  

ပါဝင်ပစ္စည်းများ


  • ပဲကြာဇံ ၈၀ ဂရမ်
  • မှိုခြောက် အနည်းငယ်
  • ကြက်သား အနည်းငယ်
  • ပုဇွန် ၆ ကောင်
  • ကြက်သွန်နီဥသေး ၁လုံး
  • ကြက်သွန်ဖြူ ၂ မွှာ
  • ပဲပင်ပေါက် လက်တစ်ဆုပ်စာ
  • ငရုပ်သီးအနီတောင့်ပွ ၁ ခု
  • မုန်လာဥနီအနည်းငယ်


ကြော်ချက်နည်း

  1. ပဲကြာဇံ၊ မှိုခြောက်များကို ရေစိမ်ထားပါ။
  2. ဆီစားပွဲဇွန်း ၁ ဇွန်းကို ပူအောင်တည်ပြီး ကြက်သွန်ဖြူ၊နီများကို ဆီသတ်ပါ။
  3. ပြီးရင် ကြက်သားထည့်ပြီး အရောင်ပြောင်းအောင်ကြော်ပါ။
  4. နောက်မှို၊ ငရုပ်သီး၊ မုန်လာဥနီ နဲ့ ပုဇွန်ထည့်ပြီး ၁ မိနစ်ခန့်ကြော်ပါ
  5. နောက်ဆုံးမှ ပဲပင်ပေါက် နဲ့ ပဲကြာဇံထည့်ပါ
  6. ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်းခွဲ၊ သကြား လက်ဖက်ရည်၁ ဇွန်းနဲ့ ပဲငံပျာရည် အနောက် လက်ဖက်ရည်ဇွန်း ထက်ဝက်၊ ကြက်သားမှုန့် (သို့)အဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်မွှေကြော်ပေးပါ။ ရေ တရုပ်ပန်းကန်လုံး တစ်ဝက် ကိုလည်းထည့်ပေးပါ
  7. ချခါနီးမှကြက်သွန်မိတ်ဖြူးလိုက်ပါ
  8. ဒါဆိုရင်တော့ အရသာရှိသော ပဲကြာဇံ အသင့်ဖြစ်ပါပြီ။


Saturday, October 27, 2012

မွှေစက်၊ အာဗင်မသုံးတဲ့ Cup Cake



ဒီတစ်ခါမှာလည်း မွှေစက်သုံးစရာမလိုတဲ့ ကိတ်မုန့်နောက်တစ်မျိုးကိုပြောပြပေးချင်ပါတယ်။ မူရင်းလုပ်နည်းကတော့ အာဗင်တောင်သုံးစရာမလိုပါဘူး။ ရေဆူဆူမှာပေါင်းလိုက်တဲ့ ကိတ်ပေါ့။ ကျွန်မကတော့ စက္ကူခွက်အသေးလေးတွေနဲ့လုပ်မှာဆိုတော့ ပေါင်းလို့မဖြစ်တဲ့အတွက် အာဗင်ကိုပဲ သုံးလိုက်ပါတယ်။
Cup cake လေးတွေကို ကျွန်မသဘောကျမိတဲ့ အကြောင်းအရင်းက လုပ်ရတာမြန်ဆန်ပြီး စားတဲ့ပမာဏကို ထိန်းချုပ်လို့ရတာပါပဲ… အဲ တစ်ခုထက်ပိုပြီး အဆက်မပြတ်စားနေရင်တော့လည်း မသိဘူးပေါ့လေ။ နောက်တစ်ခုကောင်းတာက လိုချင်သလိုအလှဆင်လို့ရတာပါ။ တစ်ခုနဲ့တစ်ခု တူနေစရာမလိုပဲ စိတ်ကြိုက် ခရင်မ်လေးတွေနဲ့ အလှဆင်လို့ သိပ်ကောင်းပါတယ်။
ကျွန်မလုပ်ပြထားတဲ့ ကိတ်မုန့်လေးတွေကိုတော့ ချောကလက်ခရင်မ်နဲ့အလှဆင်ထားပါတယ်။ အပေါ်ကပန်းပုံလေးတွေ တချို့ကဆိုင်က၀ယ်ပြီး တချို့ကို ကိုယ်တိုင်လုပ်တာပါ
ကဲလုပ်နည်းလေးကြည့်ရအောင်။ 

ပါဝင်ပစ္စည်းများ
  • ဆီ ၉၀ ဂရမ် (စားပွဲဇွန်း ၆ ဇွန်း)
  • သကြား ၁၀၀ ဂရမ်
  • နို့စိမ်း ၁၀၀ ဂရမ်
  • ကြက်ဥ တစ်လုံး (ခေါက်ထားပါ)
  • ဂျုံ ၅၀ ဂရမ်
  • ကိုကိုးပေါင်ဒါ ၂၅ ဂရမ်
  • ဘိတ်ကင်ပေါင်ဒါ လက်ဖက်ရည်ဇွန်း မပြည့်တပြည့်
  • ဗနီလာအနံ့ အနည်းငယ်

ပြုလုပ်နည်း

  1. နို့၊ သကြား၊ ဗနီလာအနံ့ကိုရောမွှေပြီး မီးပေါ်မှာပူအောင်တည်ပေးပါ။ သကြားပျော်စပြုရင်ဆီကို ထည့်မွှေပေးပါ။ မီးပိတ်ပြီး အအေးခံထားပါ
  2. အေးသွားမှ ကြက်ဥကိုထည့်မွှေလိုက်ပါ
  3. ဂျုံ၊ ကိုကိုးပေါင်ဒါကိုလည်း စကာချထားပြီး ခုနက နို့၊သကြား၊ဆီ၊ကြက်ဥအရောကို ထည့်မွှေပေးပါ။
  4. ဒါဆိုရင်မုန့်နှစ်အသင့်ဖြစ်ပါပြီ
  5. မုန့်ခွက်လေးတွေထဲထည့်ပြီး ၁၇၀ ဒီဂရီ အာဗင်မှာ ၁၈ မိနစ်လောက်ဖုတ်ပေးရင်ရပါပြီ
  6. ဒါမှမဟုတ် ပေါင်းချင်တယ်ဆိုရင်တော့ ဗန်းမှာထည့်ပြီး ရေဆူဆူမှာအဖုံးအုပ်ပြီး ၄၅ မိနစ်လောက်ပေါင်းပါ။
  7. အေးသွားမှ လိုသလိုအလှဆင်ပါ။


အားလုံးပဲ စိတ်ကြိုက်မုန့်လေးတွေလုပ်ကြည့်နိုင်ပါစေလို့ …

Wednesday, October 24, 2012

သခွားသီးထောင်း

ယိုးဒယားစာလေးတွေလုပ်ပါဦးလို့တောင်းဆိုထားတဲ့ စာဖတ်သူများအတွက် ယိုးဒယားသခွားသီးထောင်းလေးလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ ယိုးဒယားသင်္ဘောသီးထောင်းကို နှစ်သက်လို့ ယိုးဒယားဆိုင်သွားတိုင် မှာစားဖြစ်ပါတယ်။  ဒီလိုသခွားသီးကိုထောင်းတော့ တစ်ခါမှမှာမစားဖူးပါဘူး။ ကျွန်မတို့အိမ်မှာတော့ သခွားသီးသုပ်ဆိုရင် ငါးပြုပ်ကလေးနဲ့ အချိုပဲသုပ်ဖြစ်တော့ ခုလိုသခွားသီးထောင်းကတော့ နဲနဲအသစ်အဆန်းဖြစ်နေတာပေါ့။ အရသာကတော့ သင်္ဘောသီးထောင်းအရသာအတိုင်း ချိုချို ချဉ်ချဉ်စပ်စပ်ကလေးနဲ့ စားလို့တော်တော်ကောင်းပါတယ်။ ဗမာပါးစပ်နဲ့ အဆင်ပြေနိုင်သော ဟင်းတစ်ခွက်ပါပဲ။ လုပ်နည်းကိုတော့ မမဘေဘီ (ခုတော့ ဘလော့ကနေပျောက်နေတာအတော်ကြာပါပြီ) ဆီကနေမီငြမ်းပါတယ်။ လုပ်နည်းလေးကို ပြန်ရေးပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • သခွားသီးအကြီး ၁ လုံး (အူတိုင်ချန်ပြီး အမျှင်တွေခြစ်ထား)
  • မုန်လာဥနီအနည်းငယ် (အမျှင်လေးတွေခြစ်ထားပါ)
  • ဗမာထန်းလျက် အသေး၂ခဲ
  • ခရမ်းချဉ်သီး (cherry tomato 5 လုံး)
  • သံပုရာသီး ၁လုံး (အစိတ်တွေစိတ်ထားပါ)
  • ငရုပ်သီး၎ တောင့် (အစပ်မစားနိုင်ရင်လျော့ထည့်ပါ)
  • ကြက်သွန်ဖြူ ၅ မွှာ
  • ငါးငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
  • မြေပဲဆံ အနည်းငယ်
  • ပုဇွန်ခြောက်အနည်းငယ်

ပြုလုပ်နည်း
  1. ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ ငရုပ်သီးများကို အရင်ထောင်းပါ
  2. ပြီးရင် သံပုရာသီး၊ မုန်လာဥနီ နဲ့ ခရမ်းချဉ်သီးများကို ထည့်ထောင်းပါ
  3. နောက်ထန်းလျက်နဲ့ မြေပဲဆံများကိုလည်းထည့်ထောင်းပေးပါ။
  4. နောက်ဆုံးမှသခွားသီးကို ခပ်ဖွဖွထောင်းပေးပါ။
  5. ငံပျာရည်လည်းထည့်မွှေပြီး အပေါ့အငံကို စိတ်ကြိုက်ထည့်ပါ။
  6. ဒါဆိုရင်တော့ စားလို့ကောင်းတဲ့ သခွားသီးထောင်း အသင့်ဖြစ်ပါပြီ။



Sunday, October 21, 2012

ကိတ်မုန့်ကွတ်ကီး (Whoopie Pie)





ဒီတစ်ခါတော့ လွယ်ကူတဲ့ မုန့်လုပ်နည်းတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ Whoopie Pie လို့ခေါ်တဲ့ ကိတ်မုန့်နဲ့ ကွတ်ကီးကြားထဲက မုန့်တစ်မျိုးပါ။ Whoopie Pie လုပ်နည်းပေါင်များစွာရှိတဲ့ထဲကမှ ကျွန်မကတော့ လုပ်ရတာပိုလွယ်တဲ့ မွှေစက်မသုံးရတဲ့ လုပ်နည်းကိုရွေးချယ်လိုက်ပါတယ်။ ခုနာက်ပိုင်းမှာ ခေတ်စားလာတဲ့မုန့်မျိုးထဲပါလာတယ်တယ်လို့ပြောလို့ရပါတယ်။ ဘာလို့ Whoopie Pie လို့ခေါ်တယ်ဆိုတာကတော့ ဘယ်သူမှအတိအကျမပြောတတ်ဘူးလို့ ဖတ်ဖူးပါတယ်။ ပါးစပ်ရာဇ၀င်တွေကတော့ အစုံပေါ့နော်။ ကွတ်ကီး ၂ခုကြားထဲ ခရင်မ် ထည့်ထားတာကတော့ Whoppie Pie ရဲ့ ထူးခြားချက်ပေါ့။ စိတ်ဝင်စားရင် စမ်းကြည့်ဖို့ လုပ်နည်းလေးရေးပေးလိုက်ပါတယ်။



ပါဝင်ပစ္စည်းများ
  • ဂျုံ ၁ ခွက်
  • သကြား - 1/2 cup
  • 1/2 tsp baking powder
  • 1/8 tsp baking soda
  • ဆားအနည်းငယ်
  • ဒိန်ချဉ် - 1/2 cup
  • ဆီ - 1/6 cup
  • ကြက်ဥ အကြီး၁ လုံး
  • ဗနီလာ အနံ့ လက်ဖက်ရည် ၁ ဇွန်း

  1. ပထမဆုံး အာဗင်ကို ၁၆၀ ဒီဂရီ အပူပေးထားလိုက်ပါ။
  2. ကလေးတွေနဲ့ အတူပါဝင်ပစ္စည်းများကို ချင်တွယ်ပါ။
  3. ပြီးရင် ဂျုံ Baking powder, soda, သကြားအားလုံးကိုရောမွှေထားလိုက်ပါ။
  4. နောက် ကြက်ဥ၊ ဒိန်ချဉ်၊ ဗနီလာအနံ့၊ ဆီကို ရောမွှေပါ။ ကလေးတွေကို မွှေခိုင်းပြီး သမအောင် ဘယ်လိုမွှေရမလဲဆိုတာပါ ပြပေးပါ။
  5. ပြီးရင် ခုနကဂျုံအရောကို လောင်းထည့်ပြီး သမအောင် အသာအယာမွှေပါ။
  6. အားလုံးပြီးသွားပြီဆိုရင်တော့ ဇွန်း တစ်ဇွန်းစာလောက် ဗန်းပေါ်မှာ ပုံပုံလေးဖြစ်အောင် ချပြီး မုန့်နှစ်တွေအားလုံးကုန်အောင်လုပ်ပေးပါ။ မုန့်နှစ်တစ်ခုနဲ့ တစ်ခုကြားမှာ ၁ လက်မနီးပါးတော့ အနဲဆုံးကွာပါစေ။
  7. ပြီးရင်တော့ အာဗင်မှာ၁၅မိနစ်ဖုတ်ပေးရင်ရပါပြီ
  8. အားလုံးအေးသွားမှ Nutella ယိုသုတ်ပြီး မုန့်၂ ခုထပ်ပေးပါ။
  9. ဒါဆိုရင်တော့ အရသာရှိတဲ့ Whoopie pie လေး အဆင်သင့်ဖြစ်ပါပြီ
 
 

Thursday, October 18, 2012

Cinnamon Roll (သစ်ဂျပိုးပေါင်မုန့်)



Cinnamon Roll ကို Blog အစပိုင်းမှာ တုန်းကျွန်မရေးခဲ့ဖူးပါတယ်။ ကျွန်မဘ၀မှာ ပထမဆုံး မုန့်လုပ်တာကို မြင်ဖူးတာ ဒီမုန့်တွေရောင်းတဲ့ ဆိုင်မှာ ကျောင်းသူဘ၀ အလုပ်လုပ်ခဲ့ရတုန်းကပေါ့။ မုန့်ဖုတ်တတ်တဲ့ တစ်နေ့လုပ်မယ်လို့ ပြန်အားခဲထားပေမယ့် တကယ်မုန့်ဖုတ်တတ်လာတဲ့ ၄ နှစ်အတွင်းမှာ ၂ ကြိမ်ပဲလုပ်စားဖြစ်ပါတယ်။ ဒီတစ်ကြိမ်လုပ်တာဟာ ပထမဆုံးအကြိမ် တုန်းကထက်သာပေမယ့် ဆိုင်ကမုန့်အရသာကို မမှီသေးသလိုခံစားရပါတယ်။ မမီဆိုသူတို့ကတော့ ဂျုံက အစသီးသန့်မှာပြီး လုပ်ရောင်းတာမို့ ဒီကဂျုံတွေနဲ့ မတူဘူးလို့တော့ ရှင်းပြခဲ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းသူဘ၀ အလွမ်းပြေ မုန့်လေးကို ပြန်လုပ်ပြီး မျှဝေပေးလိုက်ပါတယ်

သုံးတဲ့နည်းကတော့ ခုနောက်ပိုင်းခေတ်စားတဲ့ Water Roux ကိုထည့်သုံးပါတယ်။ မုန့်သားကို ပိုပြီး နူးညံပျော့ပြောင်းစေတယ်လို့ဆြို
ကပါတယ်

လုပ်နည်းလေးကြည့်ကြရအောင်

ပါဝင်ပစ္စည်းများ

Starter Dough

  • ပေါင်မုန့်ဂျုံ (၂၅ ဂရမ်)
  • ရေ ၁၂၅ ဂရမ်
ပေါင်မုန့်နဲ့ရေ ကိုရောမွှေထားပြီး မီးပေါ်မှာ အဆက်မပြတ်မွှေပေးပါ။ ပျစ်လာတာနဲ့ ချလိုက်လို့ရပါပြီ။ အဲဒီ starter Dough ရပြီဆိုတာနဲ့ ခွက်တစ်ခုထဲကို ပြောင်းထည့်ပြီး အပေါ်မှာ cling film ကိုမုန့်သားနဲ့ထိပြီးအုပ်ထားလိုက်ပါ။ (အပေါ်အရေပြား မတင်းစေရန်ဖြစ်ပါတယ်) ။
အဲလိုအုပ်ပြီးသားမုန့်ကို ၁၂ နာရီလောက်ဒီတိုင်းထားထားလိုက်ပါ
။ ဒါဆိုရင် မုန့်ထဲထည့်သုံးဖို့ Water roux အဆင်သင့်ဖြစ်ပါပြီ။

 

ပေါင်မုန့်အတွက်

အုပ်စု (၁)

  • ပေါင်မုန့်ဂျုံ ၂၁၀ ဂရမ်
  • ကိတ်ဂျုံ ၅၆ ဂရမ်
  • နို့မှုန့် ၂၀ ဂရမ်
  • သကြား ၅၀ ဂရမ်
  • ဆား အနည်းငယ်
  • Yeast  ၂ ဂရမ်

အုပ်စု (၂)

  • ကြက်ဥခေါက်ပြီးသား တစ်ဝက်
  • ရေ ၈၅ ဂရမ်
  • Water roux (လုပ်ထားပြီးသားအားလုံးသုံးရပါမယ်)

အုပ်စု (၃)

  • ထောပတ် ၂၅ ဂရမ် - အခန်းအပူချိန်ဖြစ်ရပါမယ်

Cinnamon Filling အတွက်

  • သစ်ဂျပိုးမှုန် လက်ဖက်ရည်တစ်ဇွန်း
  • သကြား စားပွဲဇွန်း ၃ ဇွန်း
  • ထောပတ် ၅၀ ဂရမ်


လုပ်နည်း

  1. ပထမဆုံး အုပ်စု (၁)ကို ရေမွှေလိုက်ပါ
  2. နောက်အလယ်မှာတွင်းလေးလိုလုပ်ပြီး အုပ်စု ၂ ကိုထည့်မွှေပါ။ (မုန့်သားက တော်တော်ပျော့ပြီးကပ်ပါတယ်)
  3. မုန့်သားသမလာပြီဆိုရင်တော့ နောက်ဆုံးမှ ထောပတ်ကိုထည့်မွှေပြီး နယ်ပေးပါ
  4. Window pane test ရတဲ့အထိမွှေရပါမယ် (Window pane ဆိုတာဘာလဲ သိချင်ရင် ဒီလင့်မှာ ကြည့်ပါ)
  5. ဒါဆိုရင်မုန့်သားအဆင်သင့်ဖြစ်ပါပြီ။ ရလာတဲ့မုန့်သားကို ဆီဆွတ်ထားတဲ့ ဇလုံတစ်ခုထဲမှာ အဖုံးအုပ်ပြီး ၂ ဆဖြစ်လာတဲ့အထိထားပါ
  6. ၄၅ မိနစ်လောက်နေပြီး မုန့်သားပွလာပြီဆိုရင် ပြန်ဖိချပြီးလေတွေကို ထွက်အောင်လုပ်ပေးပါ
  7. ရလာတဲ့မုန့်သားကို ပုံမှာပြထားတဲ့အတိုင်း လေးထောင့်ကျကျဖြစ်အောင် rolling pin (သို့) ပုလင်းတစ်ခုခုနဲ့ လှိမ့်ပေးပါ။
  8. ပြီးရင် သကြားသစ်ဂျပိုးအရောကို ဖြန့်ခင်းပေးပါ။ နောက်ထောပတ်ကို ခပ်ပါးပါးလေးတွေလှီးပြီး ပုံပါအတိုင်းခင်းပေးပါ။
  9. ဒါဆိုရင်တော့ မုန့်ကိုလိပ်လို့ရပါပြီ။ တစ်ဖက်အစွန်းကနေ တဖြည်းဖြည်းလိပ်ယူပါ (မုန့်က နဲနဲကပ်တဲ့အတွက်ကြောင့် Dough scraper လေးဆောင်ထားတာ အသုံးဝင်ပါလိမ့်မယ်)
  10. ပေါင်မုန့်လိပ်ရလာပြီဆိုရင်တော့ ကိုးခု အညီအမျှဖြတ်ပေးပါ
  11. နောက် မုန့်ဖုတ်မယ့်ဗန်းထဲတွင် စီထည့်ပေးပါ
  12. ရေနဲနဲတောက်ပြီး နောက် ၄၅ မိနစ်လောက်နောက်တစ်ခါပွအောင်ထပ်ထားပေးပါ
  13. အဲဒီနောက်မှာတော့ ၁၈၀ ဒီဂရီမှာ ၁၅ မိနစ်ကနေ ၂၀ မိနစ်အထိ ထည့်ဖုတ်ပေးရင် ရပါပြီ။

ဒါဆိုရင်တော့ မနက်စာပဲဖြစ်ဖြစ် နေ့ခင်းကော်ဖီနဲ့တွဲသောက်ရင်ပြဲ
ဖစ်ဖြစ်အဆင်ပြေတဲ့ ပေါင်မုန့်လေး အဆင်သင့်ဖြစ်နေပါပြီ

Monday, October 15, 2012

အနောက်တိုင်းစတိုင် ဂုံးဟင်း (Mussel in creamy sauce)


စားသောက်ဆိုင်တွေသွားရင် ကျွန်မမှာတတ်တဲ့ ဟင်းတစ်ခွက်ဟာ Mussel in creamy sauce ပါ။ အအီစာတွေနှစ်သက်သူပီပီ ဒီလိုဟင်းမျိုးကိုကြိုက်ပါတယ်။ ဒါပေမယ့်လည်း အိမ်မှာတစ်ခါမှ စမ်းမချက်ခဲ့ကြည့်ဖူးပဲ ပြီးခဲ့တဲ့ သောကြာနေ့က ရုံးကအပြန်ဈေးအ၀င်မှာ Mussel တွေရောင်းနေတာတွေ့တာနဲ့ ချက်ကြည့်ဦးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဝယ်လာခဲ့ပါတယ်။ (အဲဒီ Mussel ကိုဗမာလိုဘယ်လိုခေါ်လဲ သေချာမသိဘူး။ ဂုံးလို့ခေါ်တယ်လို့တော့ထင်တယ်) သူ့ကို ဘယ်လိုမျိုးများချက်လို့ ရလဲလို့ ရှာကြည့်လိုက်တော့ အချဉ်၊ အစပ်၊ အဆိမ့် ချက်နည်း မျိုးစုံကိုထွက်လာတော့တာပါပဲ။ ရှေ့ကပြောထားတဲ့အတိုင်း အဆိမ့်နှစ်သက်သူပီပီ အဆိမ့်ချက်နည်းကိုပဲ စမ်းကြည့်လိုက်ပြီး အဆင်ပြေတာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ နောက်တစ်ခါမှပဲ ချဉ်ချဉ်စပ်စပ်ချက်နည်းကို စမ်းကြည့်ပါဦးမယ်။

ပါဝင်ပစ္စည်းများ



  • Mussel  အကောင်၂၀
  • ကြက်သွန်နီ ဥသေးတစ်လုံး (နုတ်နုတ်စဉ်းထား)
  • ကြက်သွန်ဖြု ၂ မွှာ (နုတ်နုတ်စဉ်းထား)
  • ဟင်းချက် ခရင်မ် ၁၂၀ ဂရမ်
  • ဆား အနည်းငယ်
  • ငရုပ်ကောင်း အနည်းငယ်
  • ဟင်းချက်ဝိုင်ဖြူ စားပွဲဇွန်း ၃ ဇွန်း
  • ထောပတ် စားပွဲဇွန်း ၁ ဇွန်း

 ချက်ပြုတ်နည်း

  1. Mussel  များကို သန့်စင်အောင်ဆေးထားပါ။ ကျွန်မကတော့ ဘရပ်ရှ်အသေးနဲ့ တိုက်ပြီး ၃ ခေါက်လောက်ဆေးပါတယ်။
  2. နောက် ထောပတ်ကို အပူပေးပြီး ကြက်သွန်ဖြူ၊ နီကိုထည့်ပြီးကြော်ပါ
  3. နဲနဲနွမ်းရင် ဟင်းချက်ဝိုင်ဖြူထည့်ပြီး ဆူလာရင် ခရင်မ်ကိုထည့်ပါ။ ဆားနဲနဲ ငရုပ်ကောင်းနည်းနည်းထည့်ပေးပါ။
  4. အဲဒီနောက်မှာတော့ဆေးထားတဲ့ Mussel များနဲ့ ငရုပ်သီးတောင့်ပွ အနီကိုထည့်ပေးပါ။
  5. Musselတွေပွင့်လာရင် ဟင်းကျက်ပါပြီ။ ကျွန်မကတော့ သေချာမကျက်မှာစိုးလို့ ၅ မိနစ်လောက်ထားပါတယ်
  6. ဒါဆိုရင်တော့ ဆိမ့်ပြီးစားကောင်းလှတဲ့ အနောက်တိုင်းစတိုင် Mussel ဟင်းအသင့်ဖြစ်ပါပြီ။ ခရင်မ်လေးတွေက ဆိမ့်ပြီး ပေါင်မုန့်နဲ့စားရင် အလွန်လိုက်ဖက်ပါတယ်။ တစ်ခါတစ်လေ အပြောင်းအလဲစားကြည့်ချင်သူများ အဆင်ပြေမယ်လို့ ထင်ပါတယ်။

Friday, October 12, 2012

ငါးအချိုပေါင်း


ငယ်ငယ်က ငါးသိပ်မကြိုက်တဲ့ကျွန်မဟာ အသက်နဲနဲရလာတော့ ငါးကိုနှစ်သက်တတ်လာပါတယ်။ ဒါပေမယ့်လည်း ဆီပြန်ကိုလည်းသိပ်မစားချင်တာကြောင့် ဆီပြန်မဟုတ်တဲ့ ငါးဟင်းလေးတွေကို ရှာဖွေကြည့်မိတဲ့အခါ ဒီဟင်းလေးကို သွားတွေ့ပါတယ်။ ဒီလိုချက်နည်းကတော့ တရုပ်စတိုင်ဖြစ်တာကြောင့် ဟင်းချက်ဝိုင်ကို အဓိကသုံးပြီး ဆီမပါသလောက်မို့ ကျန်းမာရေးနဲ့ညီညွတ်တာတော့ အထူးပြောဖွယ်မရှိပါဘူး။ ဆီမပါလို့ အရသာမကောင်းဘူးလို့တော့ မထင်နဲ့နော်။ ထမင်းဖြူလေးနဲ့ဆိုရင် သိပ်လိုက်လို့ ဒီဟင်းနဲ့ဆို ထမင်းလိုက်ပွဲမဆောင်မဖြစ် ဆောင်ရမှာသေချာသလောက်ပါပဲ။ အရသာရှိပြီး အချိန်ခဏလေးအတွင်းမှာတင် ချက်နိုင်တဲ့ ငါးပေါင်းလုပ်နည်းလေး ကြည့်ကြရအောင်

ငါးတစ်ကောင်လုံးပေါင်းနည်းကို ကြည့်ချင်ရင် ဒီလင့် မှာကြည့်လို့ရပါတယ်။ 

ပါဝင်ပစ္စည်းများ
  • ပဲငံပျာရည် အကြည်- စားပွဲဇွန်း ၂  ဇွန်း
  • ဟင်းချက်ဝိုင်ဖြူ (တရုပ်တွေသုံးလေ့ရှိတဲ့ ဆန်နဲ့လုပ်ထားတဲ့ဝိုင်ပါ၊ city mart မှာဝယ်လို့ရပါတယ်) - စားပွဲဇွန်း ၂ ဇွန်း
  • နှမ်းဆီ အနည်းငယ်
  • သကြား ( rock sugar) ၂ခဲ (မရရင် ရိုးရိုးသကြား လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပါ)
  • ငါးအသားလွှာ (ငါးရံ့) - ၂၀၀ ဂရမ်
  • ဂျင်းအနည်းငယ်
  • ငရုပ်သီး စိမ်း ၂ တောင့် (အစပ်မစားနိုင်ရင် လျော့ထည့်ပါ)

ငါးပေါင်းကြမယ
  1. သကြားခဲ ၂ ခဲကို ပုံပါအတိုင်း ပဲငံပျာရည်၊၀ိုင်နဲ့စိမ်ထားပါ။
  2. ငါးကို အညှီနံ့ပျောက်အောင် မန်ကျီးနှစ်နဲ့ ၂ ခါဆေးပြီး ဆား၊ ဟင်းခပ်မှုန့်နယ်ထားပြီး နာရီဝက်လောက် နှပ်ထားလိုက်ပါ
  3. ငါးကိုပေါင်းမယ့်ပန်းကန်ထဲပြောင်းထည့်ပြီး ပဲငံပျာရည်၊ သကြားဝိုင်အရောကို အပေါ်မှလောင်းထည့်ပေးပါ
  4. နှမ်းဆီလေးလဲ နဲနဲဆမ်းပေးပါ
  5. နောက်ဂျင်းလေးတွေကို သေးသေးလေးတွေလှီး၊ ငရုပ်သီးလေးတွေကိုလည်းလှီးပြီး ငါးပေါ်မှာဖြူးပေးပါ။
  6. ပွက်ပွက်ဆူနေတဲ့ ဒယ်အိုးထဲမှာ ခုနကငါးထည့်ထားတဲ့ ပန်းကန်ကို ၇ မိနစ်လောက်ပေါင်းပေးရင်ရပါပြီ
  7. ကြက်သွန်မိတ်လေးဖြူးလိုက်ရင်တော့ ထမင်းဖြူဖြူလေးနဲ့ တွဲစားဖို့ အရသာရှိလှသော ငါးပေါင်းလေး အဆင်သင့်ဖြစ်သွားပါပြီ။

Wednesday, October 10, 2012

ကလေးတို့အတွက် မီးဖိုချောင်



FOOD magazine လာမယ့် နိုဝင်ဘာထုတ်အတွက် ရေးပေးထားတဲ့ ဆောင်းပါးလေးပါ။

ကလေးတွေဟာ စူးစမ်းလေ့လာတတ်ကြသလို သူတို့ရဲ့ပတ်ဝန်းကျင်မှာတွေ့နေ မြင်နေရတဲ့ အရာတွေကနေ လေ့လာသင်ယူကြတာများပါတယ်။ လူကြီးတွေသိပ် သတိမထားမိတဲ့ အချက်က ကလေးတွေဟာ မီးဖိုချောင်ထဲမှာ ကူညီရတာကို နှစ်သက်ကြတယ်ဆိုတာပါ။ ဘာလို့လဲဆိုတော့ မီးဖိုချောင်ဆိုတဲ့နေရာက သူတို့အတွက် TV ကြည့်သလိုကြားရုံ မြင်ယုံသာမကပဲ သူတို့ကိုယ်တိုင် ၀င်လုပ်ကိုင် (တနည်းအားဖြင့် ဆော့နိုင်)နိုင်တဲ့ နေရာမဟုတ်ပါလား။ ဒါ့အပြင် ကလေးတွေဟာ သူတို့ကိုယ်တိုင်လုပ်ထားတဲ့ အစားအသောက်တွေကို စားရမှာ နှစ်သက်ကြပါတယ်။ အဲဒါလည်းသိပ်သေချာတဲ့ အချက်ပါပဲ။ ဟုတ်မဟုတ်သိချင်ရင် ငယ်ငယ်တုန်းက ဘ၀ကိုခဏလေးပြန်တွေးကြည့်လိုက်ပါ။ ငယ်ငယ်တုန်းက လူကြီးတွေမသိအောင် ခိုးပြီးထမင်း၊ဟင်းချက်တမ်း ကစားခဲ့ဖူးတာတွေလေ။ တကယ့်မီးဖို သေးသေးလေးလုပ်ပြီးဆော့လို့ လူကြီးတွေအသိမှာ အဆူခံအရိုက်ခံရဖူးတာတွေပေါ့။ အဲလိုအတွေ့အကြုံမျိုးကို အများစုကြုံဖူးကြမယ်လို့ ထင်ပါတယ်။

အမှန်မှာတော့ ဒီလိုလုပ်ကိုင်ချင်စိတ်ရှိတာဟာ အင်မတန်ကောင်းမွန်ပြီး သဘာဝကျတဲ့ အနေထားပါ။ မီးဖိုထဲမှာ အန္တရာယ်မဖြစ်ရအောင်သာ လူကြီးတွေက ဂရုတစိုက်ကြပ်မတ်ပေးဖို့ပဲလိုတာပါ။  ကလေးတွေကို မီးဖိုချောင်ဝင်စေတာဟာ သူတို့နောင်လူကြီးဘ၀အတွက် အကျိုးကျေးဇူးအများကြီးရှိစေပါတယ်။ မီးဖိုချောင်ထဲမှာ ရှုပ်ပွတာတာအတွက်တော့ နဲနဲတော့ စိတ်ရှည်ပေးရမှာပေါ့နော်။ ဒီလို လူကြီးမိဘဟင်းချက်တုန်းမှာ သူတို့လေးတွေကို ၀င်ကူစေချင်းအားဖြင့် ကလေးနဲ့ မိဘကြားချစ်ခင်ရင်းနှင်းမှုအတိုင်းအတာကိုလည်း တိုးပွားစေတယ်။ ပြီးတော့ သူတို့ရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုလည်း မြင့်မားစေတယ်။ ဥပမာလူကြီးက " သမီးက လိမ္မာလိုက်တာ၊ သမီးကူလို့ အလုပ်တွေများကြီးပြီးသွားပြီ၊ မဟုတ်ရင်မေမေတစ်ယောက်ထဲ ပြီးမှာမဟုတ်ဘူး " စသည်ဖြင့်ပြောပေးမယ်ဆိုရင် ကလေးတွေရဲ့ စိတ်ထဲမှာ ကျေနပ်မှုကိုရပြီး စိတ်အင်အားလည်း မြင့်မားစေမှာအမှန်ပါပဲ။ ဒါ့အပြင် အသီးအနှံတွေကို ရေတွက်ခိုင်းတာတို့၊  ကူညီချိန်တွယ်ခိုင်းတာမျိုးလေးတွေကလည်း ကလေးတွေရဲ့ သင်္ချာအတွက်အချက်စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်တဲ့။ မိဘတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ထိဆက်ဆံစေမှုဟာ သူတို့လေးတွေကို လူမကြောက်သူတွေဖြစ်အောင်၊ အများနဲ့ပေါင်းသင်းဆက်ဆံရာမှာ အဆင်ပြေတဲ့သူတွေဖြစ်အောင် အများကြီးပံ့ပိုးကူညီပေးတယ်လို့ လဲဆိုပါတယ်။

ဒီလောက်ကောင်းတဲ့ ကလေးငယ်ပြုစုပျိုးထောင်ရေးကို ဝေးဝေးသွားစရာမလိုပဲ အိမ်မှာအလွယ်တကူရနေတာကိုလက်တွေ့အသုံးချလိုက်ရအောင်နော်။အဲလို ကလေးတွေကို မီးဖိုထဲမှာ ကူညီခိုင်းတာဟာလည်း သူ့အသက်အရွယ်နဲ့သူသင့်တော်တဲ့ ကူခိုင်းနည်းလေးတွေရှိပါတယ်။

၁ နှစ်အရွယ် ကလေးငယ်များ
ဒီကလေးလေးတွေကတော့ မီးဖိုထဲဘာကူနိုင်ဦးမှာလဲနော်။ ဒါပေမယ့် သူ့တို့ကလည်း မီးဖိုထဲက အတွေ့အကြုံ၊ ကြားနေ၊ မြင်နေရတာတွေကို နှစ်သက်တတ်ပါတယ်။ သူတိုကို ကလေးထိုင်တဲ့ ခုံအမြင့်လေးနဲ့ မီးဖိုထဲမှာထားပြီး အသီးအနှံလေးတွေကို ပြပေးပြီး ဘယ်လိုခေါ်တာလဲဆိုတာလေးတွေပြောပြပေးလိုက်ပါ။ ဖြစ်နိုင်ရင် မကွဲနိုင်တဲ့ ခွက်၊ဇွန်းကလေးတွေနဲ့ ကလေးတွေကိုင်တွယ်နိုင်လောက်တဲ့ အစားအသောက်လေးတွေကို သူ့တို့ကိုယ်တိုင် ထည့်ခိုင်းပြီး စားခိုင်းကြည့်ပါတဲ့။

၂ နှစ်အရွယ် ကလေးငယ်များ
ဒီအရွယ်ကလေးတွေကတော့ စပြီးနဲနဲပါးပါးကူခိုင်းလို့ရတဲ့ အရွယ်လေးတွေပေါ့။  အသီးအနှံတွေရေကူဆေးခိုင်းတာတို့၊ ဆလပ်ရွက်ကလေးတွေ ခွာခိုင်းတာမျိုး၊ စားပွဲသုတ်ခိုင်းတဲ့ အလုပ်မျိုးလေးတွေကို စမ်းပြီး ခိုင်းကြည့်လို့ရပါပြီ

၃ နှစ်အရွယ် ကလေးငယ်
၃ နှစ်အရွယ်ဆိုရင်တော့ သူတို့လက်တွေကိုသုံးပြီး စူးစမ်းတတ်တဲ့အရွယ်ပါတဲ့။ ဒါ့ကြောင့် သူတို့ရဲ့ လက်ကလေးတွေကို အများဆုံးအသုံးပြုနိုင်မယ့် အလုပ်ကလေးတွေရွေးခိုင်းပေးရပါမယ်။ မုန့်နှစ်စပ်တဲ့အချိန်မှာ ရေနဲနဲလောင်းခိုင်းတာတို့၊ မုန့်နှစ်မွှေခိုင်းတာတို့၊ ပေါင်မုန့်ယိုသုတ်ခိုင်းတာမျိုး တို့တွေဆိုရင် သူတို့အရွယ်လေးတွေနဲ့ အသင့်တော်ဆုံးပါပဲ။

၎၊ ၅ နှစ်အရွယ် ကလေးများ
ဒီအရွယ်ဆိုရင်တော့ လက်ချောင်းလေးတွေကို အသုံးပြုရတဲ့ အလုပ်မျိုးလေးတွေက ပိုသင့်တော်ပါတယ်။ ဥပမာ - သံပုရာသီးညှစ်ခိုင်းတာမျိုးလေးတွေ၊ ကြက်ဥခေါက်ခိုင်းတာမျိုးလေးတွေပေါ့။

ဒါပေမယ့် ကလေးတွေကို ကူခိုင်းရာမှာသတိထားသင့်တဲ့ အချက်ကလေးတွေကိုလည်း သိထားသင့်ပါတယ်

  • ကလေးတွေဟာ အာရုံစိုက်အား သိပ်မကောင်းသေးတဲ့အတွက် သူတို့ကို လွယ်ကူမြန်ဆန်တဲ့ အလုပ်ကလေးတွေပဲ ပေးသင့်ပါတယ်။ တစ်ခါထဲမှာစုပြုံ ပြီးခိုင်းတာမျိုးမလုပ်သင့်ပါဘူး
  • ဒါ့အပြင်သူတို့ဟာ အဲလိုကူရပြီဆိုရင် စိတ်လှုပ်ရှား ပြီးပျော်တတ်တာကြောင့် လူကြီးခိုင်းတာ အတိအကျကိုမေ့သွားတတ်ပါတယ်။ ဒါ့ကြောင့် လိုအပ်ရင် စိတ်ရှည်ရှည်လေးထားပြီး ပြန်ပြောပြပေးဖို့တော့ လိုပါလိမ့်မယ်
  • နောက်တစ်ချက်က ကလေးကို မီးဖိုထဲမှာ တစ်ယောက်ထဲလွှတ်မထားပါနဲ့။ အမြဲကြပ်မတ်စောင့်ကြည့်သင့်ပါတယ်။
  • နောက်ဆုံး အရေးကြီးတဲ့ အချက်တစ်ခုကလည်း အားလုံးပြီးသွားရင် ကူသိမ်းခိုင်းတဲ့ အကျင့်ကလေးကိုလုပ်ပေးပါ။  ဒီလိုအကျင့်လေးတွေဟာ လူကြီးဖြစ်တဲ့အထိအထောက်အကူဖြစ်နေမှာမို့ပါ။

ဆောင်ရန်၊ ရှောင်ရန်လေးတွေ သိပြီဆိုတော့ ကလေးတွေနဲ့အတူ မုန့်လုပ်ကြည့်ဖို့ မုန့် ၂မျိုးကို ရွေးချယ်လိုက်ပါတယ်။

Mix Fruit Yogurt

သစ်သီးမျိုးစုံနဲ့လုပ်တဲ့ မနက်စာလေးပေါ့။

ပါဝင်ပစ္စည်းများ
  • ငှက်ပျောသီးတစ်လုံး
  • ဒိန်ချဉ်ဘူး အသေးလေးတစ်ဘူး (၁၀၀ ဂရမ်)
  • Oat Cereal အနည်းငယ်
  • ချောကလက်အရည် အနည်းငယ်
  • နှစ်သက်ရာအသီးအနှံ 1/4 cup (သေးသေးစိတ်ထား)

  1. ပထမဆုံးမုန့်မလုပ်ခင် သူတို့ရဲ့လက်လေးတွေ ဆေးရမယ်ဆိုတဲ့ အသိကလေးဝင်အောင် လက်ဆေးခိုင်းပါ။
  2. ငှက်ပျောသီးကို သူတို့ကိုယ်တိုင်ခွာပါစေ။
  3. ပြီးရင် ငှက်ပျောသီးကို တစ်လုပ်စာလေးတွေ စိတ်ခိုင်းပါ။ ဒီနေရာမှာ ပလတ်စတစ်ဒါးလေးကို ပေးပြီးစိတ်ခိုင်းပါ
  4. နောက် ခွက်တစ်ခုထဲထည့် ငှက်ပျောသီးထည့်၊ အသီးအနံနဲ့ ဒိန်ချဉ်ပါထည့်ခိုင်းပြီး Oat Cereal  ကိုဖြူးပေးပြီး Chocolateအရည်လေးဆမ်းလိုက်ရင် မနက်စာလေး အသင့်ဖြစ်သွားပါပြီ။
  5.  အဟာရပြည့်ဝပြီး လွယ်ကူတဲ့ မနက်စာပြင်နည်းလေးမို့ ကလေးများပျော်ရွှင်ပြီး နှစ်သက်ကြမှာပါ