Tuesday, May 28, 2013

ပင်မှည့်သီးချိစ်ကိတ်




ကျွန်မတို့ဆီမှာ ပင်မှည့်သီးတွေက အချိန်မရွေးရလေ့ရှိပါတယ်။ ဒီလတော့ ချိစ်ကိတ် စုစည်းမှုလုပ်တာကြောင့် အလွယ်တကူရတဲ့ ပင်မှည့်သီးကို အသုံးချပြီး ပင်မှည့်သီးချိစ်ကိတ်ကို ဖန်တီးလိုက်ပါတယ်။ အရင်လို ဗန်းအကြီးနဲ့ မလုပ်ပဲ ခွက်အသေးလေးတွေကို သုံးပြီးလုပ်ပြထားပါတယ်။
လုပ်ရတဲ့ အဆင့်ဆင့်တွေကတော့ ချိစ်ကိတ် အကြီးထက် နဲနဲလေးပိုများပါတယ်။ ချိစ်ကိတ်အကြီး မလုပ်ချင်တဲ့ အခါမျိုးမှာ ဒါမျိုးလေးဆိုရင်လည်း အပြောင်းအလဲလေးပေါ့။

ပါဝင်ပစ္စည်းများ
·         Oreo ဘီစကစ်လေးများ (ချိစ်ကိတ်အောက်ခံအတွက် လုပ်နေကျ Digestive biscuit ကိုမသုံးပဲပြောင်းထားပါတယ်)
·         ၂၀၀ ဂရမ် ခရင်မ်ချိစ်
·         ထောပတ် ၄၀ ဂရမ်
·         Sour cream ၂၀ ဂရမ်
·         Whipping cream ၆၀ ဂရမ်
·         ကြက်ဥအနှစ် ၁ ခု
·         ဂျုံစားပွဲဇွန်း  လေးပုံ ၃ ပုံ
·         သံပုရာသီးတစ်စိတ်
·         ကြက်ဥအကာ ၁ခု
·         သကြား ၄၀ ဂရမ်
·         ပင်မှည့်သီးအနှစ် (ပင်မှည့်သီး တစ်လုံးကို ထန်းလျက် အသေး ၄ ခဲနှင့်ကျိုထားပါ)

ပြင်ဆင်နည်း
စက္ကူခွက်လေးများထဲကို oreo biscuit လေးတွေကို အရင်ဖိထည့်ထားလိုက်ပါ
ခရင်မ်ချိစ်ကို double boiler မှာတင်ပြီး ချောလာအောင် မွှေပေးပါ
ထောပတ်ထည့်ပြီး သမအောင် ထပ်မွှေပါ
နောက်တစ်ဆင့်အနေနဲ့ sour cream & whipping cream ပါထည့်မွှေပါ။
နောက်ဆုံးမှ ကြက်ဥအနှစ်ကိုထည့်မွှေပါ။ ရလာတဲ့ ခရင်မ်ချိစ်မုန့်နှစ်ကို ဘေးဖယ်ထားလိုက်ပါ


ကြက်ဥအကာ တစ်ခုနဲ့ သကြားကို သံပုရာရည် အနည်းငယ်ညှစ်ပြီး soft peak ရောက်အောင်မွှေပေးပါ။
ခုနက ရထားတဲ့ ချိစ်မုန့်နှစ်ထဲကို ထည့်မွှေပေးပါ။ ဒါဆိုရင်တော့ မုန့်ဖုတ်ဖို့ အသင့်ဖြစ်ပါပြီ

မုန့်နှစ်တွေကို အသင့်ပြင်ထားတဲ့ ခွက်လေးတွေထဲ တစ်ဝက်အရင်ထည့်ပါ။
အသင့်လုပ်ထားတဲ့ ပင်မှည့်သီးအနှစ် အနည်းကိုထည့်ပြီး ချိစ်အနှစ်ထပ်ထည့်ပါ
ဗန်းတစ်ခုထဲမှာ ရေခံကာ oven ရဲ့ အနိမ့်ဆုံး အပူချိန်မှာ ထားပြီး ၁ နာရီကြာအောင် ဖုတ်ပေးပါ။
ရလာရင် အအေးခံပြီး လုံးဝအေးမှ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၂ နာရီကြာအောင်ထားပေးပါ။
သုံးဆောင်ကာနီးမှ ပင်မှည့်သီးအနှစ်အပေါ်မှ ထပ်ဆမ်းပေးပါ။





Sunday, May 26, 2013

လိမ္မော်သီးအချိုပွဲ

ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး အချိုပွဲလေး လုပ်စားကြည့်ကြရအောင်။ တွေ့မြင်နေကြ လိမ္မော်သီးလေးကို အဆန်းထွင်ကြည့်လိုက်တာပေါ့။ အသီးလေးတွေက အင်မတန်မှချိုပြီး အရသာရှိတဲ့ အပြင် ပျားရည်၊လီမွန် အချိုရည်ထဲမှာ စိမ်ထားတာကြောင့် စားလို့ကောင်းလှပါတယ်။

  • လိမ္မော်သီးအသေးလေးများ (အခွံနွာထားပါ)
  • ပျားရည် စားပွဲဇွန်း ၂ ဇွန်း
  • လီမွန်လက်ဖက်ရည် ၁ ဇွန်း
  • ရေနွေး ၁၅၀ မီလီလီတာ

 ပြုလုပ်နည်း
ပျားရည်၊ လီမွန်ရည်နဲ့ ရေနွေးကို ရောမွှေထားလိုက်ပါ။
အခွံခွာပြီးသား လိမ္မော်သီးများကို အသာအယာရောထည့်ပေးပါ။
နာရီဝက်နေရင်စားလို့ ရပါပြီ။
အအေးခံထားပြီး စားရင်ပိုစားလို့ကောင်းပါတယ်

စမ်းကြည့်ကြပါဦး

Friday, May 24, 2013

မုန်လာဥနီ ထမင်း


စားလို့ကောင်းတဲ့ ထမင်းတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ မုန်လာဥနီထမင်းပါ။  မုန်လာဥနီခပ်များများ၊ လီမွန်နံ့သင်းသင်းနဲ့ စားလို့ကောင်းလှပါတယ်။


ပါဝင်ပစ္စည်းများ
  • basmatiဆန် (သို့) ရိုးရိုးဆန် ၁ ခွက်ခွဲ (ချက်ထားလိုက်ပါ)
  • မုန်လာဥနီ ခြစ်ထားပြီးသား တစ်ခွက်
  • လီမွန်အရည် -စားပွဲဇွန်း ၁ ဇွန်းခွဲ
  • မုန်ညှင်းစေ့ လက်ဖက်ရည် ၁ ဇွန်း
  • ပျဉ်းတော်သိမ် အနည်းငယ်
  • ကြက်သွန်ဖြူ ဥသေးတစ်ဥ (သေးသေးလှီးထားပါ)
  • ချင်း လက်တစ်ဆစ်စာ (အတုံးသေးသေးလှီးထားပါ)
  • ဆီ - စားပွဲဇွန်း ၃ ဇွန်း
  • ဆား အနည်းငယ်
  • ဆနွင်း- လက်ဖက်ရည် ဇွန်း လေးပုံတစ်ပုံ

ချက်နည်း
  1. ဆီကို အပူပေးပြီး မုန်ညှင်းစေ့ကိုထည့်ကြော်ပါ။
  2. မုန့်ညှင်းစေ့လေးတွေ အပူကြောင့် ပေါက်လာပြီဆိုရင် ကြက်သွန်၊ ပျဉ်းတော်သိမ် နဲ့ ချင်းကို ထည့်ပါ
  3. မုန်လာဥနီများကိုလည်း ၂ မိနစ်ခန့်ထည့်ကြော်ပါ
  4. နောက်ဆုံးမှာ ဆား၊ ဆနွင်း ထည့်ပြီး လီမွန်ရည်ပါထည့်ပြီး မီးပိတ်လိုက်ပါ
  5. ချက်ပြီးသားထမင်းများကို အသာအယာ ထည့်မွှေပြီးရင် အသင့်ဖြစ်ပါပြီ


Sunday, May 19, 2013

ရိုးရိုးထောပတ်ကိတ်- Video guide



ထောပတ်ကိတ် လုပ်နည်းကို video file နဲ့ရှယ်ထားတာလေးပါ

Wednesday, May 15, 2013

ပင်မှည့်သီးသာကူအချိုပွဲ




အရသာရှိပြီး အမြင်ဆန်းတဲ့ သာကူအချိုပွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပုံမှန်သာကူပြင်နဲ့ မတူပဲ ပင်မှည့်သီးနဲ့ ထန်းလျက်လေးပါ ထည့်ထားတာကြောင့် ချို၊ချဉ်၊ ဆိမ့်အရသာနဲ့ ပြည့်စုံလှတဲ့ အချိုပွဲလေးပါ။ ဒါ့အပြင် အမြင်လည်း ဆန်းတာကြောင့် ဧည့်သည်တွေကို ဧည့်ခံဖို့ အဆင်ပြေလှပါတယ်။ စိတ်ဝင်စားသူများ စမ်းကြည့်နိုင်စေဖို့ လုပ်နည်းလေး ရေးပေးလိုက်ပါတယ်


ပါဝင်ပစ္စည်းများ

  • ·         သာကူ ၁၀၀ ဂရမ်
  • ·         အုန်းနို့ ၂၀၀ ဂရမ်
  • ·         ရေ ၁၂၀ ဂရမ်
  • ·         သကြား စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ·         ဆား အနည်းငယ်
  • ·         ပင်မှည့်သီး ၂ လုံး (Passion fruit)
  • ·         ထန်းလျက် ၃၅ ဂရမ် (၄ ခဲခန့်)
  • ·         နာနာတ်သီးစိတ်လေးများ - လက်တစ်ဆုပ်စာ





  • အုန်းနို့၊သာကူနဲ့ ရေကို ရောမွှေပြီး နာရီဝက်ခန့်ထားပေးပါ
  • ပင်မှည့်သီး နဲ့ ထန်းလျက်ကို ရောကျိုပေးပါ။ မီးနည်းနည်းနဲ့ အရင်ကျိုပြီး ထန်းလျက်ပျော်ရင် မီးအသင့်အတင့်နဲ့ နဲနဲပျစ်လာအောင် ဆက်ကျိုပါ
  • ပျစ်လာရင် မီးပိတ်ပြီး နာနတ်သီးစိတ်များထည့်မွှေထားလိုက်ပါ
 


  • ပထမပြင်ထားတဲ့ သာကူအရောထဲကို ရေ ၂၅၀ မီလီလီတာလောက်ထည့်ပြီး ပျစ်လာအောင်ကျိုပါ. သာကူလေးတွေ မျက်စေ့ပျောက်လောက်တဲ့အနေအထား (၈ မိနစ်လောက်ကြာရင်) ရောက်ရင် မီးပိတ်ပြီး ဆားနဲ့ သကြားထည့်မွှေပါ။
  • ရလာတဲ့ သာကူကျိုတွေကို ခွက်လေးတွေထဲထည့်ကာ ပလတ်စတစ်အပါး ဖုံးပေးပြီး ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်လောက်ထားပေးပါ။
  • နောက်ဆုံးမှ ပင်မှည့်သီး၊နာနတ်ယိုကို အပေါ်မှ ဆမ်းကာသုံးဆောင်ပါ






Sunday, May 12, 2013

အလွမ်းသင့်သူ (သီချင်းမိတ်ဆက်)

ပို့စ်နာမည်ကို ကြည့်ပြီး Evy ဘာများအလွမ်းသင့်ပါလိမ့်လို့ ထင်ကြမယ်ထင်တယ်နော်။ :D အစားအသောက်ပို့စ်ကို အမြဲတင်နေရာကနေ ရုတ်တရက် ဒီနာမည်ထွက်လာတော့ "ဘာလဲဟ" ပေါ့နော်။...သီချင်းနာမည်ပါ...

ပြီးခဲ့တဲ့လက ဗမာပြည်ကို ၃ ပတ်ပြန်သွားခဲ့ပြီး အလွမ်းသင့်လာတာ ။ ဗမာပြည်ကို  ရောက်တုန်းရောက်ခိုက်လေးမှာ မသွားဖြစ်တာကြာတဲ့ နေရာလေးတွေ သွားလိုက် မစားရတာလေးတွေ  လျောက်စားလိုက်နဲ့ တော်တော်ဇိမ်ကျနေခဲ့လိုက်တာလေ။ အိပ်လိုက်၊ စားလိုက်၊ ရုပ်ရှင်ကြည့် သီချင်းနားထောင်နဲ့။ ၃ ပတ်က တကယ့်ကို အိပ်မက် မက်ခဲ့သလိုပဲ။ တကယ်ဆို သီချင်းသေချာ နားမထောင်ဖြစ်တာ နှစ်နဲ့ချီနေပြီ။ ခဏပြန်တဲ့ အချိန်မှာတော့ ညီမတွေနဲ့အတူ တော်တော်များများ နားထောင်ဖြစ်ခဲ့တယ်။ အဲဒီထဲမှာ မှနှစ်သက်မိတဲ့ သီချင်းလေးတွေ တော်တော်များများတိုးလာတယ်။ ခုလောလောဆယ်တော့ သီချင်းလေးတစ်ပုဒ်ကို ပြန်မျှဝေပေးချင်ပါတယ်။ အဲဒီ သီချင်းနာမည်က "အလွမ်းသင့်သူတဲ့ "..နားထောင်ကြည့်ပါဦး...

မှတ်ချက် ။ သီချင်းထဲမှာပါတဲ့ အကြောင်းအရာကတော့ ကိုယ်နဲ့ လားလားမျှ မဆိုင်ပါ၊ ကိုယ်က ဗမာပြည်ကို လွမ်းယုံသက်သက်နော်။


Wednesday, May 8, 2013

Rosemary အာလူးကင်




နာမည်ကြီး Chef Jamie Oliver ရဲ့ အာလူးကင်နည်းလေးကို ပြန်လည်မျှဝေမယ်နော်
စားရတာလည်း တော်တော်ကောင်းပြီး အနောက်တိုင်း အစားအစာမျိုးတွေနဲ့ဆိုရင်ပိုပြီး လိုက်ဖက်ပါတယ်။ အနောက်တိုင်း ဟင်းခပ်အမွှေးအကြိုင် Rosemary နဲ့ထောပတ်ကို သုံးထားတာကြောင့် အနံ့လေးကအစ မွှေးကြိုင်နေတာပါပဲ။ သာမန်အာလူးကင်နဲ့ အဓိကကွာခြားချက်က အဲဒီ အမွှေးနံ့နဲ့ ရှာလကာရည်ပါ။ ကျွန်မတို့ အိမ်မှာ ကြက်ကင်ရင်တော့ ဒီအာလူးက မပါမဖြစ်ပေါ့။
တစ်ခါစားဖူးရင်တော့ နောက်အမြဲလုပ်စားဖြစ်မှာ သေချာသလောက်ပါပဲ။ လုပ်နည်းလေး ကြည့်ကြရအောင်.

ပါဝင်ပစ္စည်းများ
·         အာလူး
·         Rosemary (ရယ်ဒီမိတ်ဗူးလေးတွေနဲ့လာပါတယ်)
·         ထောပတ်အနည်းငယ်
·         ရှာလကာရည်
·         ကြက်သွန်ဖြူ
·         ဆား


ပြင်ဆင်နည်း
1.      အာလူး ၁ ကီလိုကို အခွံနွာပြီး ရေအေးနဲ့ ၁၀ မိနစ်ခန့်စိမ်ပါ။
2.      နောက်ရေဆူဆူမှာ နူးလာတဲ့ အထိပြုပ်ပေးပါ။
3.      အာလူးတွေ နူးပြီဆိုရင် ရေစစ်ထားပေးပါ။



4.      နောက်ဗန်းတစ်ခုထဲမှာ ထောပတ် စားပွဲဇွန်း ၂ ဇွန်းလောက်ထည့်ပြီး အာလူးများကို ထည့်ကာ ဆားစားပွဲဇွန်း ၁ ဇွန်းခန့်ဖြူးပြီး ၁၈၀ ဒီဂရီ အာဗင်မှာ မိနစ် ၂၀ လောက်ကင်ပါ
5.      တကယ်လို့ Happy call ဗန်းကို သုံးမယ်ဆိုရင်တော့ ၁၀ အဖုံးပိတ်ပြီး ၁၀ မိနစ်လောက်ပါပဲ
6.      ကင်နေတုန်းမှာ rosemary အနည်းငယ်+ ရှာလကာရည် စားပွဲဇွန်း တစ်ဇွန်းနဲ့ ကြက်သွန်ဖြူများကို ရောမွှေပြီး ပြင်ထားပါ
7.      နာရီဝက်ကြာရင် (သို့ happy call အိုးနဲ့ဆိုရင် ၁၀ မိနစ်လောက်ကြာရင်) ဗန်းကိုထုတ်ပြီး အာလူးခြေတံနဲ့ အသာဖိခြေပေးပါ။

နောက် စပ်ထားတဲ့ seasoning ကိုထည့်ပြီး နောက်ထပ် မိနစ် ၂၀ လောက် သို့ အပေါ်ယံလွှာလေးတွေ ကြွပ်လာတဲ့ အထိပြန်ကင်ပေးပါ။
ဒါဆိုရင်တော့ ရနံ့မွှေးပြီး အရသာရှိတဲ့ အာလူးကင်အဆင်သင့်ဖြစ်ပါပြီ


Sunday, May 5, 2013

မင်္ဂလာဆောင် ကိတ်များ



ခရီးကပြန်ရောက်ကတည်းက ဘာမှမချက်ဖြစ်တာကြောင့် မတင်ဖြစ်တာ တော်တော်ကြာပါပြီ။ လာဖတ်တဲ့သူတွေလည်း အသစ်မျှော်ရောပေါ့။ ခုလောလောဆယ်တော့ ရှိတာလေးတွေ တင်ပေးပါမယ်။ လုပ်ထားဖူးတဲ့ မင်္ဂလာဆောင် ကိတ်လေးတွေပေါ့။

ဒါလေးက အနီးကပ်
လက်စွပ်လေးနှစ်ခုကို အသဲပုံလေးပေါ်မှာတင်ပေးထားပါတယ်

 ဒါလေးကတော့ Anniversary cake ပါ



 အထဲမှာ Chocolate Cream ပါပါတယ်