Showing posts with label Main Dish. Show all posts
Showing posts with label Main Dish. Show all posts

Thursday, March 10, 2016

ကြက်သောက်ဆမ်း






ဒီဟင်းပွဲကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ မြန်မာပြည်ပြန်တုန်းက အိမ်မှာချက်တဲ့ဟင်းတစ်ခွက်ပါ။ ပူပူစပ်စပ်နဲ့ သောက်လို့ကောင်းတာကြောင့် ချက်နည်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
·         ကြက်တစ်ခြမ်း - သေးသေးခုတ်ထားပါ
·         ဆင်ခရမ်းချဉ်သီး - ၁၀ လုံး
·         ကြက်သွန်နီ ၂ လုံး
·         ကြက်သွန်ဖြူ ၁ ဥ
·         အာပူရွက် အနည်းငယ်
·         ချင်း လက်တစ်ဆစ်
·         ဆနွင်း ပါရုံမျှ
·         ငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
·         ဆားသင့်ယုံ
·         ငရုတ်သီးစိမ်း ၆ တောင့်ခန့်
·         ဆီ စားပွဲဇွန်း ၂ ဇွန်းခန့်

ချက်နည်း
ကြက်သွန်ဖြူ၊နီ၊ချင်းနဲ့ ငရုတ်သီးစိမ်း များကိုရောထောင်းထားပါ။
ခရမ်းချဉ်သီးများကိုလည်း ပါးပါးလှီးပါ။
အာပူရွက်မှလွဲပြီး ကျန်ပစ္စည်းမျာကို ချက်မည့်အိုးထဲထည့်ကာ ရောမွှေကာလုံးနယ်ထားပါ။
၁၅ မိနစ်ခန့်နှပ်ပြီးအကြာမှ ရေအနည်းငယ်ထည့်ကာ လုံးပါ။
ကြက်သားများအရောင်ပြောင်းပြီဆိုမှ ရေထပ်ထည့်ကာ ဆူပွက်အောင်တည်ပါ။
ကြက်သားနူးပြီး မီးပေါ်မှချကာနီးမှ အာပူရွက်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။


Sunday, August 17, 2014

ကြက်၊အမဲစတူး (Beef & Chicken Stew)


အရသာရှိတဲ့ အမဲသား၊ ကြက်သားစတူးလုပ်ကြည့်ကြည်ရအောင်...
နှစ်သက်ရာအသား တစ်မျိုးထည်းနဲ့ လုပ်ရင်လည်းရပါတယ်။ မုန်လာဥနီ၊ မုန်လာဥဖြူ နဲ့ မှိုများလည်း ပါတာကြောင့် စားလို့လည်း အင်မတန်အရသာရှိပါတယ်။ အထူးသဖြင့် မုန်လာဥဖြူနဲ့ အနှစ်များနဲ့နူးအိနေတာက တော်တော်စားလို့ကောင်းပါတယ်..
ပါဝင်ပစ္စည်းများ
  • အမဲသား ၁၅၀ ဂရမ် (ခပ်သေးသေးလှီးထား)
  • ကြက်ရင်ပုံတစ်ခု (ခပ်သေးသေးလှီးထား)
  • ရှီတာကီမှိုခြောက် - ၆ခု (၁၀မိနစ်ခန့်ကြိုပြီး ရေစိမ်ထားပါ)
  • မုန်လာဥဖြူ အနည်းငယ် (ဆားနဲ့နယ်ပြီး အခြောက်လှမ်းထားပြီးသားကို သုံးပါတယ်)
  • မုန်လာဥနီ အသေးတစ်ဥ (လက်တစ်ဆစ်ခန့် လှီးပြီး လေးစိတ်စိတ်ထားပါ)
  • ကြက်သွန်နီဥကြီးတစ်ဥ
  • ကြက်သွန်ဖြူ ၃ မွှာ
  • ချင်းအနည်းငယ်
  • နာနတ်ပွင့် ၂ခု
  • သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပျာရည်အကြည် စားပွဲဇွန်း ၂ ဇွန်း
  • ပဲငံပျာရည်အနောက် (ကြာညို့)  စားပွဲဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်းအနည်းငယ်


ချက်နည်း
  • ဦးစွာကြက်သားနဲ့ အမဲသားကို ဆား၊ ကြက်သားမှုန့် ၊ ကြာညို့ စားပွဲဇွန်း ၁ ဇွန်းခန့််နဲ့ ရောနယ်ထားပါ (အသား၂ မျိုးကို သပ်သပ်စီခွဲနယ်ပါ)
  • ၁၅ မိနစ်ခန့်နှပ်ပြီးရင် အမဲသားကို ကြက်သွန်ဖြူ၊နီ၊ ချင်း၊နာနာတ်ပွင့်၊ ဆား၊သကြားနှင့်ပဲငံပျာရည် အကြည်၊အနောက် အကုန်ထည့်ကာ ဆီစားပွဲဇွန်း ၂ ဇွန်းခန့်ကို ရောမွှေကာ ရေ အနည်းငယ်ထည့်ပြီး pressure cooker မှာ မိနစ် ၂၀ခန့်ပေါင်းပါ။
  • နောက်မှ ကြက်သား၊ ငရုပ်ကေင်းနဲ့ ကျန်တဲ့ မှို မုန်လာဥနီ၊ဖြူများကိုထည့်ကာ ရေအနည်းငယ်ထပ်ထည့်ကာ နာရီဝက်ခန့်ထည့်ပေါင်းပါ။ အပေါ့အငံကို လိုသလောက်ညှိယူပါ
  • နောက်ဆုံးမှ corn flour စားပွဲဇွန်း ၁ ဇွန်းခန့်ကို ရေ စားပွဲဇွန်း ၄ ဇွန်းနှင့်ရောမွှေကာ ထည့်ပါ။ ပျစ်လာလျှင်မီးပိတ်ပြီး ပူပူနွေးနွေးသုံးဆောင်ပါ..

Thursday, April 3, 2014

တူနာငါးထမင်းကြော်





ပင်လယ်စာဟင်းလျာ နောက်တစ်မျိုးကတော့ တူနာငါးထမင်းကြော်ပါပဲ။ ဟင်းလျာလို့သာ ခေါ်လိုက်တာပါ တကယ်တမ်းတော့ တစ်မျိုးထဲနဲ့ အဆင်ပြေစေမယ့် ထမင်းကြော်ပါပဲ။ ဟင်းသပ်သပ်ထပ်ချက်စရာမလိုတာကြောင့် လွယ်ကူသက်သာပြီး အရသာရှိတဲ့ နေ့လယ်စာထမင်းတစ်ပွဲပဲ ဖြစ်ပါတယ်။ ဒီနည်းကိုတော့ ကျွန်မညီမဆီက ရတာပါ။ ကျွန်မတို့ အိမ်မှာ နေ့လယ်စာအထွေအထူးတွေ မချက်ချင်တဲ့ အချိန်ဆိုရင် ဒီလိုတစ်မယ်ထည်းအဆင်ပြေစေမယ့် ထမင်းပွဲမျိုးတွေ ရွေးချက်လေ့ရှိပါတယ်။ ကျွန်မညီမက ဒီလိုဟင်းအမယ်တွေအတွက်ဆိုရင်တော့ သူမတူအောင် ဆန်းသစ်ပြီးချက်လေ့ရှိပါတယ်။ ခုလဲ လွယ်ကူမြန်ဆန်တဲ့ တူနာငါးထမင်းနည်းကို မျှဝေလို့လာပြန်ပါတယ်။ ချက်နည်းလေးကြည့်ကြရအောင်

ပါဝင်ပစ္စည်များ
ထမင်းချက်ပြီးသား ၃ ခွက်ခန့်
တူနာငါးအလွှာ တစ်ဗူး
ဘရိုကိုလီ ၁ခွက် (သေးသေးစိတ်ထားပါ)
ကြက်သွန်ဖြူ ၅ မွှာ (နုတ်နုတ်စဉ်းထားပါ)
ကြက်သွန်နီ၁ လုံး (ပါးပါးလှီးထားပါ)


ချက်နည်း
ထမင်းကို ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည် ဇွန်း တစ်ဝက်နှင့် ဆနွင်းအနည်းငယ်ထည့်ကာ မွှေထားပါ
တူနာငါးဗူးထဲမှ အရည်များကိုသွန်ကာ နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူများနှင့် ရောကာ ခြောက်နေအောင်လှော်ပေးပါ။ ထို့နောက်ဖယ်ထားလိုက်ပါ။
ဆီစားပွဲဇွန်း ၂ ဇွန်းခန့်ကို အပူပေးကာ ကြက်သွန်နီနှင့် ဘရိုကိုလီကို ရောကြော်ပါ။
ထို့နောက် ထမင်းထည့်၊တူနာငါးများပြန်ထည့်ကာ ထည့်ကြော်ပါ။
ခပ်ခြောက်ခြောက်ရသည်အထိကြော်ပြီးမှ သုံးဆောင်လျှင်ပိုကောင်းပါသည်။

Tuesday, October 22, 2013

ယိုးဒယားစတိုင် ငါးပိထမင်းကြော်





လွယ်ကူမြန်ဆန်တဲ့ ငါးပိထမင်းကြော်ကတော့ ထိုင်းရိုးရာ ထမင်းကြော်နည်းတစ်ခုပါ။ ငါးပိ၊ ပုဇွန်ခြောက်ကို သုံးပြီး ကြက်ဥကိုကြော်ပါးပါးလှီးထားတာများ ဖြူးပြီး သုံးဆောင်လေ့ရှိကြပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်းချက်ပြီးသား - တရုပ်ပန်းကန်လုံး ၃ခွက်
  • စိမ်းစားငါးပိ - လက်ဖက်ရည်ဇွန်း ၆ ဇွန်း (ရေစားပွဲဇွန်း  ၁ ဇွန်းခန့်နှင့်ဖျော်ပေးထားပါ)
  • ကြက်သွန်ဖြူ- ၆ မွှာ
  • ကြက်ဥ ၂ လုံး
  • ပုဇွန်ခြောက် လက်တစ်ဆုပ်စာလျောလျော့ (ရေနဲ့ ၁၅ မိနစ်ခန့်စိမ်ထားပါ)


ကြော်နည်း
  • ဦးစွာကြက်ဥများကိုခေါက်ပြီးကြော်လိုက်ပါ။ ခပ်ပါးပါးပဲကြော်ပါ။ အေးလျှင်ပါးပါးလှီးပြီးဖယ်ထားလိုက်ပါ
  • နောက် ထမင်းများကို ဖျော်ထားသည့် စိမ်းစားငါးပိများနှင့် အသာရောမွှေပါ
  • ဆီစားပွဲဇွန်း ၄ ဇွန်းခန့်ကို ပူအောင်အပူပေးပြီး ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူများထည့်ကြော်ပါ
  • ကြက်သွန်ဖြူ အရောင်ပြောင်းလျှင် ထမင်းများကို ထည့်မွှေပြီး ကြော်ပေးပါ။ ပုဇွန်ခြောက်များကိုလည်း ထည့်မွှေပါ။ကြက်သားမှုန့်အနည်းငယ်ဖြူးပေးပြီးလျှင် ၃ မိနစ်ခန့်ကြော်ပါ။
  • လှီးထားသော ကြက်ဥများဖြူးကာ သုံးဆောင်ပါ။ ကြက်သွန်နီ အကြွပ်ကြော်လေးများလည်း ဖြူးနိုင်ပါသည်။ အစပ်နှစ်သက်လျှင် ငရုပ်သီး ပါးပါးလှီးကာ အပေါ်မှဖြူးကာသုံးဆောင်ပါ။

Wednesday, September 25, 2013

ငါးထမင်းနယ်


စားလို့ကောင်းတဲ့ ငါးထမင်းနယ်ပါ။ တော်တော်များများလုပ်တတ်ကြမယ်ထင်ပါတယ်။ လွယ်ကူမြန်ဆန်ပြီး အရသာရှိသော ထမင်းတစ်ပွဲဆိုရင်လည်း မမှားပါဘူး။ 

ပါဝင်ပစ္စည်းများ

  • ထမင်းချက်ပြီးသား
  • ခရမ်းချဉ်သီး ၂ လုံး
  • ငါးတစ်ကောင်
  • အာလူးအကြီး ၁ လုံး
  • ပဲပုပ်ထောင်း အနည်းငယ်
  • ကြက်သွန်ဖြူဆီချက်
  • ဂျူးမြစ်
  • ငရုပ်သီးတောင့်ကြော်


ပြင်ဆင်နည်း

  • ထမင်းကို ခါတိုင်းချက်နေကျထက် ရေပိုထည့်ပြီးချက်ထားပါ
  • ခရမ်းချဉ်သီးကို ဆနွင်းပါရုံမျှထည့်ကာ နူးအောင်အရင်ပြုပ်လိုက်ပြီး ချေထားလိုက်ပါ
  • ငါးကိုလည်း ဆား၊ဆနွင်းထည့်ကာ ရေခမ်းပြုပ်ပြီး အရိုးနွှင်ထားပါ။
  • အာလူးအကြီးတစ်လုံးကို ပေါင်းလိုက်ပြီး ကြေအောင်ချေထားလိုက်ပါ
  • ရှမ်းပဲပုပ် ၂ ချပ်ခန့်ကို မီးကင်ကာ ကြေညက်အောင်ထောင်းပါ။
  • ထမင်း၊ ခရမ်းချဉ်သီးအနှစ်၊ အာလူး နှင် ငါးများကို ရောမွှေကာ စေးပိုင်အောင်နယ်ပေးပါ။
  • ဆား၊ ဟင်းခပ်မှုန့်သင့်ရုံထည့်ပါ။
  • ထို့နောက် ကြက်သွန်ဖြူ ဆီချက်ဆမ်းကာ၊ ဂျူးမြစ်၊ ငရုပ်သီးတောင့်ကြော်တို့နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။
 


Wednesday, September 18, 2013

ကိုရီးယားထမင်းသုပ် (Bibimbap)





နှစ်သက်မိတဲ့ အရှေ့တိုင်းထမင်းတစ်မျိုးကတော့ Bibimbap လို့ခေါ်တဲ့ ကိုရီးယားထမင်းသုပ်ပါ။
ဒီထမင်းပွဲကတော့ လူတိုင်းလိုလိုနဲ့ ရင်းနှီးပြီးသားဖြစ်မှာမို့ အထူးတလည် မိတ်ဆက်မပေးနေတော့ပါဘူးနော်။
ဟင်းသီးဟင်းရွက်မျိုးစုံပါဝင်တာမို့ ကျန်းမာရေးအတွက်လည်း ကောင်းမယ်ထင်ပါတယ်။
ဒီထမင်းပွဲအတွက်ကိုတော့ နှစ်သက်ရာအသီးအရွက်များကို သုံးနိုင်ပါတယ်။ ကျွန်မကတော့ ရေညှိ၊ မုန်လာဥနီ၊ ငရုပ်တောင့်ပွအ၀ါ၊ မှို၊ ဟင်းနုနယ်၊ ပဲပင်ပေါက်များကိုသုံးပြထားပါတယ်။ ကင်မ်ချီ နှစ်သက်သူများလည်း ထည့်စားနိုင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • ပဲပင်ပေါက်
  • ရေညှိ၊
  • မုန်လာဥနီ (သေးသေးလှီးထား)
  • ငရုပ်တောင့်ပွအ၀ါ (သေးသေးလှီးထား)
  • ရှီတာကီ မှို (သေးသေးလှီးထား)
  • ဟင်းနုနယ်
  • ကြက်ရင်ပုံတစ်ခု + ကြက်သွန်နီအနည်းငယ် ( သေးသေးလှီးကာ ဆား၊အရောင်တင်နယ်ထားပါ)
  • နှမ်းဆီမွှေး


မုန်လာဥနီကလွဲပြီး ပါဝင်တဲ့ အသီးအရွက်များကို ခပ်မြန်မြန်လေးကြော်ပေးရပါမယ်။
တစ်မျိုးစီကို ၂ မိနစ်ခန့်သာ မီးပြင်းပြင်းနဲ့ ဆားအနည်းငယ်ထည့်ပြီးကြော်ကာ သပ်သပ်စီပုံထားပေးပါ။
နောက်ဆုံးမှကြက်သားနဲ့ ကြက်သွန်နီကို ၄ မိနစ်ခန့်ကြော်ပေးပါ။
ကြက်ဥကိုလည်း မကျက်တကျက်ကြော်ထားပါ

ပွဲပြင်ရန်အတွက်
ထမင်တရုပ်ပန်းကန်လုံးတစ်လုံးကိုထည့်ကာ ကြော်ထားသောအသီးအရွက် နှင့် အသားများကို ထည့်ပေးပါ။
ကြက်ဥကို အလယ်မှတင်ပြီး ကိုရီးယား ငရုပ်နှစ် စားပွဲဇွန်းကြီး ၁ ဇွန်းထည့်ကာ နှမ်းဆီမွှေးအနည်းငယ် ဆမ်းပါ၊
ထို့နောက် သမအောင်ရောနယ်ကာ သုံးဆောင်ပါ

Tuesday, September 3, 2013

Chicken Sioh ( Nyonya စတိုင်ကြက်သားဟင်း)






အိမ်မှာ ကြက်သားဟင်းချက်နည်းတွေ  ထပ်နေရင် ဒီနည်းလေးကို  အပြောင်းအလဲလေး   ဖြစ်အောင် စမ်းချက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Chicken Sioh လို့ခေါ်တဲ့ Nyonya ရိုးရာဟင်းတစ်မျိုးပါ။ ချက်ရတာလဲ  မြန်ဆန်ပြီး အရသာလည်းရှိပါတယ်။ ထူးဆန်းတဲ့ အချက်က  ဆီလုံးဝ မပါတာပါ။ ကျွန်မတို့  သာမန်ဟင်းချက်နည်းတွေက အနည်းနဲ့ အများတော့ဆီပါ  ကြတာပဲလေ။ ဒီနည်းကတော့ လုံးဝဆီ မသံုးတာပါ။ ဆီမပါလဲ  စားလို့ကောင်းတဲ့  ဒီဟင်းကို  အိမ်ကအိမ်သားတွေကတော့   နှစ်သက်ကြပါတယ်။





ပါဝင်ပစ္စည်များ

  • ကြက်တစ်ခြမ်း (ခပ်သေးသေးတုံးပါ)
  • ကြက်သွန်နီဥ အကြီး ၂ လုံး (နုတ်နုတ်စဉ်းပါ)


Seasoning

  • နံနံမှုန့် ( စားပွဲဇွန်း ၁ ဇွန်းခွဲ)
  • ငရုပ်ကောင်း (လက်ဖက်ရည် ၁ ဇွန်း)
  • ပဲငံပျာရည် အကြည် ( စားပွဲဇွန်း ၂ ဇွန်း )
  • ပဲငံပျာရည်အနောက် ( လက်ဖက်ရည် ဇွန်းတစ်ဝက် )
  • သကြား (စားပွဲဇွန်း ၁ ဇွန်းခွဲ)
  • မန်ကျည်းရည် (ကွမ်းသီးလုံးတစ်ဝက်ခန့် မန်ကျည်းနှစ်ကို ရေတရုပ်ပန်းကန်လုံး ၁ လုံးခွဲခန့်နှင့်ဖျော်ထားပါ)




ချက်ပြုတ်နည်း
ပထမဆုံး ကြက်သားကို ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ဖြူးကာ နှပ်ထားပေးပါ
နောက် နံနံမှုန့်ကို အနံ့မွှေးလာအောင် အိုးပူတိုက်ပေးပါ။



အနံ့တွေမွှေးတက်လာပြီဆိုရင် ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပေးပြီး မီးပြင်းပြင်းမှာ ဆူအောင်တည်ပါ
  

ဆူလာတာနဲ့ မီးလျော့ပြီး မီးနဲနဲ နဲ့ ကြက်သားတွေ နူးမြည့်ပြီး အနှစ်ခပ်ပျစ်ပျစ်တွေရလာတဲ့ အထိတည်ပါ။
ပြီးရင်တော့ ထမင်းဖြူလေးနဲ့ စားဖို့အသင့်ဖြစ်ပါပြီ။ အစပ်ကြိုက်ပါက ငရုပ်သီးစိမ်းဖြူးကာ သုံးဆောင်နိုင်ပါတယ်