တစ်နေ့သူငယ်ချင်းအိမ်က အပြန်မောလ်မှာ လျောက်မွှေရင်းနဲ့ စာအုပ်တစ်အုပ်ရလာပါတယ်။ ထုံးစံအတိုင်း အစားအသောက် လုပ်နည်းစာအုပ်ပေါ့။ တခြားစာအုပ်သာ မဖတ်ရှိမယ် အစားအသောက်စာအုပ်ကတော့ စာအုပ်ဆိုင်ရောက်တိုင်း လိုက်ကြည့်ရတာအမော။ အဲဒါနဲ့ လိုက်ကြည့်ရင်း ကြိုက်တဲ့ စာအုပ်သေးသေးလေး တစ်အုပ်ရလာရော။ bake လုပ်နည်း အမျိုးပေါင်း ၃၅ မျိုးပါတဲ့ စာအုပ်လေး။ (အဲလို သေးသေးလေးတွကို သဘောကျလို့ ၀ယ်ဖြစ်တာ ၃၊ ၄ အုပ်ရှိနေပြီ) အဲဒီထဲမှာ အစားအသောက်လုပ်နည်း အဆန်းလေးတွေ မျိုးစုံပါတယ်။ အဲဒီနည်းမျိုးစုံထဲကမှ လုပ်လို့လဲ လွယ်မယ်ထင်တဲ့ ၊ အိမ်မှာရှိတဲ့ ဟာတွေနဲ့ပဲ လုပ်လို့ရမယ်လို့ ထင်တာလေးကို ရွေးလုပ်လိုက်ပါတယ်။ အဲဒီနေ့ dinner ပေါ့။ အာလူး၁လုံးထဲမို့ အထင်မသေးနဲ့နော်။ တော်တော် အီဆိမ့်ပြီး ဗိုက်ကိုဝ သွားတာပါဘဲ။ စမ်းကြည့်နိုင်အောင် လုပ်နည်း ရေးပေးလိုက်ပါတယ်။
- အာလူး ၂လုံး ကို ၂၀၀ ဒီဂရီ မှာ နာရီဝက်ကင်ထားပြီး အအေးခံထားပါ
- ပန်းငရုပ်ပွ (အနီ၊ အ၀ါ) နည်းနည်းကို သေးသေးလှီးထား
- နံနံပင်ကိုလည်း ကပ်ကျေးနဲ့ ညှပ်ထား
- တူနာဗူးတစ်ဝက်၊ sour cream စားပွဲဇွန်း ၂ ဇွန်း၊ မရိုးနိစ် ၂ ဇွန်းနဲ့၊ thousand island dressing ၂ ဇွန်း ၊ဆားအနည်းငယ်ကို ရောမွှေထားပါ
- ပြီးရင် အာလူးကို နဲနဲဖြတ်ထုတ်ပြီး အထဲကအသားတွေကို ဇွန်းနဲ့ ခြစ်ယူပေးပါ။ အခွံ မကွဲအောင် ဂရုစိုက်ပေးပါ
- အဲဒီအာလူးအသားကို ခုနက အဆာပလာအားလုံးနဲ့ ရောနယ်ပေးပြီး အာလူးခွံထဲ ပြန်သိပ်ထည့်ပေးပါ
- ချိစ်လေးနဲနဲ ဖြူးပြီး ၁၉၀ ဒီဂရီမှာ ၄ မိနစ်လောက်ကင်လောက်ရင် စားဖို့ အသင့်ဖြစ်ပါပြီ