ဒီဇင်ဘာနားနီးပြီဆိုတော့ ခရစ်စမတ်အတွက် မုန့်လုပ်နည်းများရှယ်ပါဦးမယ်။ ဒါကတော့ FOOD Magazine ဒီဇင်ဘာလထုတ် အတွက်ရေးပေးထားတဲ့ မုန့်လုပ်နည်း တစ်မျိုးပါ
+++++++++++++++++++++++++++++++++++
+++++++++++++++++++++++++++++++++++
ဒီဇင်ဘာရောက်ပြီဆိုတော့ နှစ်သစ်ကူး၊ ခရစ်စမတ် အငွေ့အသက်ပါတဲ့
မုန့်လေးတွေလုပ်ဖို့ အချိန်ရောက်လာပါပြီ။ ဒီလိုမုန့်လေးတွေဆိုတာလည်း
သူ့ရာသီအလိုက်ပဲ လုပ်ဖို့ကောင်းတာပါ။ နောက်ပြီး ပျော်ပွဲရွှင်ပွဲ လုပ်မယ်ဆိုရင်လည်း
ရာသီအလိုက်လုပ်ထားတဲ့ မုန့်လေးတွေက ပွဲကိုပိုပြီး အသက်ဝင်စေပါတယ်။ ဒီမုန့်မှာတော့
ချောကလက်ကိတ်နဲ့ စတော်ဘယ်ရီကို ခရင်မ်ချိစ် icing နဲ့တွဲစပ်ပြီး Santa Clause
ဦးထုပ်သဖွယ် ဖန်တီးပေးထားပါတယ်။
ပါဝင်ပစ္စည်းများ
- ထောပတ် ၆၀ ဂရမ်
- သကြား ၅၀ ဂရမ်
- ဂျုံ ၅၀ ဂရမ်
- ကိုကိုးမှုန့် စားပွဲဇွန်း ၁ ဇွန်းမောက်မောက်
- ဘိတ်ကင်ပေါင်ဒါ လက်ဖက်ရည် ဇွန်းသုံးပုံတစ်ပုံ
- ကြက်ဥ ၁ လုံး
- နို့စိမ်း စားပွဲဇွန်း ၁ဇွန်း
- စတော်ဘယ်ရီသီးအနည်းငယ်
လုပ်နည်းအဆင့်ဆင့်
- ဂျုံ၊ ပွဆေး နဲ့ ကိုကိုး မှုန့်ကို စကာ ချထားပါ
- သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
- ကြက်ဥကို သမအောင် ထည့်မွှေပေးပါ။
- ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ
- ပြီးရင် မုန့်ဖုတ်မယ့် Muffin ခွက်အသေး (Mini Muffin) ခွက်လေးများထဲကို ထည့်ပြီး ၁၆၀ ဒီဂရီမှာ ၁၅ မိနစ် ဖုတ်ပေးပါ။
- အာဗင်မှထုတ်ပြီး အအေးခံထားပါ။
ခရင်မ်ချိစ် Icing
- ထောပတ် ၅၀ဂရမ်
- ခရင်မ်ချိစ် ၈၀ ဂရမ်
- ပေါင်ဒါသကြား ၁၀၀ ဂရမ်
- ဗနီလာအနံ့ လက်ဖက်ရည် ၁ ဇွန်း
အားလုံးကို
သမအောင် စက်နဲ့ခေါက်ထားပေးပါ။
မုန့်အလှဆင်ခြင်း
- ကိတ်မုန့်တစ်ခုစီကို ခရင်မ်ချိစ် Icing စားပွဲဇွန်းတစ်ဇွန်းခန့်စီသုတ်လိမ်းပါ။
- နောက် စတော်ဘယ်ရီသီးကို တင်ပေးပါ။
- စတော်ဘယ်ရီသီးထိပ်မှာ ခရင်မ်ချိစ် အနည်းငယ် ထပ်တင်ကာ ဦးထုပ်ပုံဖြစ်အောင် ပြုလုပ်ပေးပြီးရင်တော့ ခရစ်စမတ်ကိတ်လေး အသင့်ဖြစ်ပါပြီ