ခုတစ်ပတ်ဟာ ဒီမှာရှားရှား ၄ရက်ဆက်တိုက်ပိတ်တဲ့ အပတ်ပါ။ စနေ၊ တနင်္ဂနွေ အပြင် သူတို့ သမ္မတရွေးပွဲမို့လို့ ၁ရက်ပိတ်ပေးတာရယ်၊ public holiday နောက်တစ်ရက်ရယ်ပေါင်းပြီး ၄ ရက်ဖြစ်သွားတာပါ။ ဘာပဲဖြစ်ဖြစ်ပိတ်ရက်များလေ ပျော်လေပေါ့။ ခရီးတိုလည်းသွားဖို့ အစီအစဉ်မရှိတာကြောင့် အားတဲ့ရက်တွေကို လုပ်ချင်တာလေးတွေလုပ်စားမယ်ဆိုပြီး လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက အားခဲထားတာပါ (အဲလို ၀ီရီယ ကောင်းတာနော် အစားအသောက်နဲ့ပတ်သက်ရင်)။ ပထမဆုံးလုပ်ကြည့်ချင်နေတာက အခုတင်လိုက်တဲ့ ငါးကြော်ပါ။
အဲဒီငါးကို ကြိုက်လွန်းလို့ ထမင်းဆိုင်သွားတိုင်း မှာစားနေကျပါ။ အဲလိုဆိုင်မှာစားပြီးတာနဲ့တင် မရပ်ပါဘူး။ ထုံးစံအတိုင်းအိမ်မှာ စမ်းချင်တဲ့ အကျင့်အတိုင်း အချိန်ရတာနဲ့ လုပ်တော့တာပါဘဲ။ စမ်းလုပ်ရကျိုးတော့ နပ်သွားပါတယ်။ ဘာလို့လဲဆိုတော့ ဒီဟင်းပွဲကတော့ ဆိုင်ကအရသာအတိုင်း ထွက်လို့ပါဘဲ။ အိမ်မှာဆိုတော့ ဈေးသက်သက်သာသာနဲ့ များများစားရတာပေါ့နော်။ ငါးကြော်လုပ်နည်းလေးကို ရှယ်ပေးလိုက်ပါတယ်။ စိတ်ဝင်စားရင် စမ်းကြည့်လို့ရတာပေါ့။ အချိန်ကုန်သက်သာပြီး အရသာရှိတဲ့ ဟင်းတစ်ခွက်ပါ။
Saba fillet ရေခဲရိုက်ပြီးသားတစ်ထုပ်ဝယ်လာလိုက်ပါတယ်။ ပြီးရင် ရေသေချာဆေးပြီး ခြောက်သွေ့သွားအောင် kitchen tower နဲ့ သုတ်ထားပါ။ ရေမရှိတော့ဘူးဆိုမှ ဆား၊ အရသာမှုန့်၊ ငရုပ်ကောင်း နဲနဲလေး ဖြူးပြီး နာရီဝက်လောက် ရေခဲသေတ္တာထဲမှာ ပြန်နှပ်ထားလိုက်ပါတယ်
ဒါကတော့ သုံးတဲ့ sauce
ငါးကို ဆီနဲနဲ နဲ့ကြော်၊ ဆီစစ်ပြီး ပန်းကန်ထဲမှာ ထည့်ပြင်ထားလိုက်ပါ။ အိမ်မှာတော့ ငါးကြော်ရင် အရေခွံဖက်ကို အရင်ကြော်ပါတယ်။ အရေခွံတွေလန်မထွက်အောင်လို့ပါ။ ပြီးမှတစ်ဖက်လှည့်ပေးပါတယ်။ ပြီးရင် Teriyaki sauce ၄ ဇွန်းလောက်ကို ရေ ၂ဇွန်းလောက်ထည့်ပြီး အိုးထဲမှာဆူအောင်တည်ပြီး ငါးကြော်ပေါ်ကို လောင်းချလိုက်ရင် စားဖို့ အဆင်သင့်ပါဘဲ။ ဒီလိုငါးကြော်မျိုးကို သံပုရာသီးနဲ့ တွဲပေးလေ့ရှိတာတွေ့ရပါတယ်။ မအီအောင်လို့နဲ့တူပါတယ်။ ထမင်းပူပူလေးနဲ့တွဲစားရင် အရမ်းစားကောင်းတယ်။ စမ်းကြည့်ကြပါဦး