Sunday, December 25, 2011

Christmas Fruit Cake ( ခရစ်စမတ် လက်ဆောင်)



အားလုံးပဲ Merry Christmas ပါနော်။ ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်ဖြစ်ပါစေလို့ နုတ်ဆက်လိုက်ပါတယ်။ ဒီတစ်ခါတော့ ခရစ်စမတ်အမီ ပွဲတော်နဲ့လိုက်ဖက်တဲ့ မုန့်ကိုအချိန်မီလုပ်လိုက်နိုင်ပါတယ်။ ခရစ်စမတ်မှာ မုန့်လုပ်မယ်လို့ ကြံစည်ထားတာ ၂ နှစ်ရှိပါပြီ။ ခုမှပဲ အောင်မြင်သွားတော့တယ်။ ဒီမုန့်က သူငယ်ချင်းတစ်ယောက်အတွက် လက်ဆောင်ပါ။ ပထမဆုံး ခရစ်စမတ်မုန့်လက်ဆောင်ပေါ့။

မုန့်မလုပ်ခင်မှာ log cake ပဲလုပ်ရမလို၊ သီးစုံကိတ်ပဲ လုပ်ရမလိုနဲ့ ဝေခွဲမရဖြစ်နေပါသေးတယ်။ log cake ဆိုရင် ခရင်မ်တွေနဲပို အလုပ်ရှုပ်မှာဖြစ်လို့ ရိုးပြီး အမြင်လှတဲ့ သစ်သီးကိတ်ကိုပဲ ရွေးလိုက်ပါတယ်။ ခရီးကအပြန်ပင်ပန်းနေတာကြောင့် သိပ်ပင်ပန်းမယ်ထင်တဲ့ ဟာမျိုးဆိုမလုပ်ချင်ဘူး ဖြစ်နေတယ်။ ဒီကိတ်ကိုတောင်မှ ၂ ရက်ကြိုပြီးမှ ဖုတ်လိုက်နိုင်ပါတယ်။ အမှန်က ဒီလိုကိတ်မျိုးဆိုရင် သူများတွေ ၁ ပတ်လောက်ကြိုပြီး လုပ်ထားကြပါတယ်။ နဲနဲကြာမှ ပိုပြီးသိပ်သိပ်သည်းသည်းနဲ့ စားကောင်းလို့ပါ။ ကျွန်မကတော့ အချိန်မရတာကြောင့် အနီးကပ်မှဘဲ ကမန်းကတန်းလုပ်ရတာ။ အရသာကတော့ မဆိုးလှပါဘူး။ Rachel Allen ရဲ့ Christmas Cake recipe ကိုမှီငြမ်းပါတယ်။ ဒါပေမယ့်လည်း ကိုယ့်အကြိုက်နဲ့ ကိုယ်လိုတိုးပိုလျော့ပေါ့။

ဒီမှာတော့ ကျွန်မလုပ်ထားတဲ့ အချိုးအဆတွေပဲရေးပေးလိုက်ပါတယ်

ပစ္စည်းများ
  • 8"x8" မုန့်ဖုတ်ဗန်း
  • ဂျုံ ၂၀၀ ဂရမ်
  • သကြား ၁၈၀ ဂရမ်
  • ထောပတ် ၂၀၀ ဂရမ်
  • သစ်သီးခြောက်အစုံအရော - ၂၀၀ ဂရမ်
  • Baking powder - 1/4 tea spoon
  • ကြက်ဥ ၃ လုံး
  • Rum essence - 5 teaspoon

  1. ပထမဆုံး အာဗင်ကို ၁၅၀ ဒီဂရီ အပူပေးထားပါ
  2. သစ်သီးခြောက်တွေနဲ့ ရမ်ကို ရောမွှပေးထားပါ။ ဖြစ်နိုင်ရင် ၁ ညသိပ်ထားပါ။
  3. ထောပတ် နဲ့ သကြားကို ပွလာအောင်မွှေပေးပါ
  4. ပြီးရင် ကြက်ဥကို ၁လုံးချင်းစီ သမအောင်မွှေထည့်ပေးပါ
  5. နောက် ဂျုံနဲ့ ပွဆေးကို စကာစစ်ချပေးပါ
  6. နောက်ဆုံးမှ သစ်သီးခြောက်တွေကို ရောမွှေပေးပါ
  7. မုန့်ဖုတ်ဗန်းထဲ ထည့်ပြီး ၁ နာရီ ကြာအောင်ဖုတ်ပေးပါ။ မုန့်ကျက်မကျက်ကို ဒုတ်ချွန်လေးထိုးပြီး စမ်းပါ။ မုန့်နှစ်ကပ်ပါမလာရင် ကျက်ပါပြီ
  8. မုန့်ကျက်ရင် ဗန်းကို အလူမီနီယံစက္ကူနဲ့ အုပ်ပြီး အအေးခံပါ။ လုံးဝအေးသွားရင် ပလပ်စတစ်အုပ်ပေးပြီး ရေခဲသေတ္တာ ထဲမှာထားပေးပါ။ Almond paste အုပ်တော့မယ်ဆိုမှ ပလပ်စတစ်ကို ဖြုတ်ပေးပါ။






















Almond Paste
  • 250g almond meal
  • 250g caster sugar
  • 1small egg
  • 1egg white
  • 1 egg yolk

Almond meal နဲ့ caster sugar ကို သမအောင်မွှေပေးပါ။ ပြီးရင် ကြက်ဥ ၁လုံးခေါက်ထားတာကို နဲနဲစီရောမွှေပေးပါ။ ခပ်မာမာ မုန့်သားရရင် ရပါပြီ။

 Roll out the paste
 Cover on top (မကပ်ခင်မှာ ကိတ်ကို ကြက်ဥအကာနဲ့ သုတ်ပေးပါ)
 And the whole cake
 Cut the balance almond paste with festive cookie cutters & decorate on the cake (brush egg yolk before pasting them on the cake) . And bake in 180degree preheated oven for 15 to 20 mins

 After baking
 Ready to go
 Merry Christmas to you all

Friday, December 23, 2011

ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ် (Tag post)


courtesy of google image

အားလုံးပဲ မင်္ဂလာပါလို့ နုတ်ဆက်လိုက်ပါတယ်။ ဒီနှစ်  ဒီဇင်ဘာမှာ ပျော်စရာလေးတွေကြုံတာနဲ့ ပို့စ်လေးသပ်သပ်ရေးမယ်လို့ စိတ်ကူးတုန်းမှာ ညီမ ရို့စ်က တဂ်လာတဲ့အတွက် အချိန်ကိုက်လေးဖြစ်သွားပါတယ်။


တနှစ်တာ ကာလလုံးမှာ ကျွန်မအကြိုက်ဆုံးက ဆောင်းတွင်းတွေပါ။ နွေမှာ ဆိုသိပ်ပူသလို မိုးတွင်းစိုစိုစွတ်စွတ်နဲ့ ကျောင်းသွားရတာကို အတော်မုန်းဖူးပါတယ်။ ဆောင်းတွင်းရောက်လို့ ချမ်းချမ်းအေးအေးနဲ့ မနက်စောစောလမ်းလျောက်ရတာဟာ ကျွန်မအနှစ်သက်ဆုံးအရာများထဲက တစ်ခုပါ။ ရာသီဥတုတွေပြောင်းလဲတာနဲ့ အတူမတူတဲ့တဲ အ၀တ်အထည်တွေ ရာသီအလိုက်ဝတ်ရတာတွေကိုလည်း အရမ်းနှစ်သက်ခဲ့တာပေါ့။ ခုလောလောဆယ်တော့ ရာသီဥတုအပြောင်းအလဲ မရှိတဲ့နေရာမှာ ရောက်နေတာကြာပါပြီ။ ဒါပေမယ့်လည်း ဒီဇင်ဘာရောက်လာရင် လူကအလိုလိုကို ပျော်နေတာပါပဲ။ ခရစ်စမတ် သီချင်းတွေနားထောင်ရတာလဲ မြူးမြူးရွှင်ရွှင်နဲ့ စိတ်ကို ကြည်နူးစေတယ်လို့ ထင်မိပြန်ရော။ ငယ်ငယ်တုန်းကတော့ အိမ်ကို သီချင်းလာဆိုကြရင် တော်တော်ပျော်ခဲ့ဖူးတယ်။ ခုတော့ အဲလိုမျိုးလေးတွေ နားမထောင်ရတာတောင် ကြာနေပြီ။ ဟိုးတုန်းက အဖေ၊ အမေနဲ့ အတူ ဆေးရုံမိသားစု ခရစ်စမတ်ဒင်နာတွေလိုက်တက်ရတာဟာလည်း ပျော်စရာအမှတ်တရလေးတွေထဲက တစ်ခုပေါ့။


တကယ်တမ်းတော့ ဒီဇင်ဘာမှာ ကျွန်မအတွက် အမှတ်တရတွေများတဲ့လလို့ ဆိုရပါမယ်။ ကျွန်မရဲ့ အိမ်ဦးနတ်ကြီးရဲ့ မွေးနေ့ကလည်း ဒီဇင်ဘာမှာ ဖြစ်သလို ကျွန်မတို့ ၂ ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည်ဟာလည်း ဒီဇင်ဘာမှာပါဘဲ။ ဒီနှစ်တော့ ဗမာပြည်ကိုလည်း ပြန်ဖြစ်သွားတော့ အမှတ်တရလေးတွေပိုများသွားလို့ ကျွန်မအတွက် မှတ်မှတ်ရရ ၂၀၁၁ ဒီဇင်ဘာလို့ပြောချင်တယ်။ မိဘတွေနဲ့ အတူမင်္ဂလာနှစ်ပတ်လည်ဆုံခွင့်ရခဲ့သလိုပဲ ဖေ့စ်ဘွတ်ထဲက ခင်မင်ရင်းနှီးလာတဲ့ အိမ်ရှင်မလက်ရာက ခင်မင်ခဲ့ရတဲ့ ဟင်းချက်ညီအစ်မတွေနဲ့ အပြင်မှာဆုံဖြစ်ခဲ့ကြတယ်။ ဒါ့အပြင် မနော်ဖောလည်း စင်္ကာပူရောက်တုန်းသတိတရဆက်သွယ်လာလို့ အရမ်းဝမ်းသာရပါတယ်။ ဒါလေးတွေက လက်ရှိကျွန်မအတွက် အမှတ်တရဖြစ်စေတဲ့ အကြောင်းလေးတွေပေါ့။


ရို့စ်မေးထားတဲ့ မေးခွန်းလေးတွေကို ဖြေရမယ်ဆိုရင်....

♥  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
အလှဆင်ချင်တယ်။ ဒါပေမယ့် သိပ်ဆင်လေ့တော့ မရှိပါဘူး။ ဒါပေမယ့် ခရစ်စမတ်နားနီးရင် အလှထားတဲ့ အရုပ်ကလေးတွေ စိတ်ကူးပေါက်သလို ၀ယ်လေ့ရှိတယ်

 ♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
အင်း....ရွေးချယ်ခွင့်သာရှိမယ်ဆိုရင် ဒီဇင်ဘာကိုနှင်းတွေရှိတဲ့ နေရာမှာနေချင်တယ်။ နှင်းတွေနဲ့မှ ခရစ်စမတ်က ပိုအသက်ဝင်မယ်ထင်လို့။ ဒါပေမယ့် နှင်းကျုံးရမှာတော့ ကြောက်သား။



 ♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
အဲလိုမျိုးနေ့မျိုးကို သူငယ်ချင်းတွေအိမ်သွားလည် ချင်တယ်။ ကိုယ်တိုင်ဖုတ်တဲ့ မုန့်တွေလက်ဆောင်ပေးချင်တယ် (ဒီနှစ်တောင် ဖိတ်ထားတဲ့ သူငယ်ချင်းအိမ် ၁ အိမ်သွားစရာရှိတယ် :-)  )


♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
အဲလိုမျိုးတော့ သီးသန့်မပေးဖြစ်ဘူး

♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
ခရစ်စမတ်နီးလာတိုင်းပျော်တာပါဘဲ။ ၁ နှစ်တော့ မှတ်မှတ်ရရရှိဘူးတယ်။ အင်္ဂလိပ်စာ ဆရာမကြီး အိမ်မှာ ဆရာမဦးဆောင်ပြီး သူငယ်ချင်းတွေနဲ့ ဂိမ်းတွေကစားကြပြီး ခရစ်စမတ်ပါတီလုပ်ကြတာ ပျော်မဆုံးဘူး။ ၁၀တန်း အောင်ပြီးကာစ နှစ်လို့မှတ်မိလိုက်တယ်။ ဆရာမကဘိုကပြားဆိုတော့ ၀ိုင်တွေဘာတွေကို သူကိုယ်တိုင်လုပ်တာ။ အဲဒါအပြင် ကျောင်းသား၊ကျောင်းသူတွေနဲ့လည်း ရင်းရင်းနှီးနှီးနေလေ့ရှိတယ်။ ခုတော့ ဆရာမလဲမရှိတော့ပါဘူး။

♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
ချစ်တဲ့ မိသားစုဝင် အားလုံးနဲ့ အတူတူပေါ့

♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
ငယ်ငယ်တုန်းကတော့ countdown လုပ်ရတာကို စိတ်လှုပ်ရှားတယ်။ သူများတွေအော်နေသံကြားရင် ပျော်နေတာပဲ။ ကြီးလာတော့ ကိုယ်နဲ့ သိပ်မဆိုင်သလိုပဲ။ စောစောအိပ်ဖြစ်သွားတာ ၃ ၊ ၄ နှစ်ရှိပြီ။ နိုးလာတော့ နှစ်ကူးနေပြီ

♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
ရှိပါဘူး။ အလည်အပတ်ကတော့ ကြုံသလိုသွားတာပါဘဲ

♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
အဲဒါမျိုးလည်း မရှိပြန်ပါဘူး။



နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။

အချိန်တွေကုန်တာ မြန်လွန်းတယ်၊ အသက်ကြီးတာ မြန်လိုက်တာဆိုတဲ့ ခံစားမှုမျိုးတော့ ရှိတယ်။


♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
တခါတလေတော့ လုပ်ဖြစ်တယ်
Courtesy of google image
ကဲရို့စ်ရေ ခရစ်စမတ်အမီ ရေးလိုက်ပါပြီနော်။ ဘလော့ လာလည်သူများကိုလည်း ပျော်စရာပိတ်ရက်များဖြစ်ပါစေလို့ နုတ်ဆက်လိုက်ပါတယ်။ Christian သူငယ်ချင်းများကိုလည်း Merry Christmas 2011 ပါလို့ နုတ်ဆက်လိုက်ပါတယ်နော်။ နောက်ပို့စ်တစ်ခုမှဘဲ ဗမာပြည်က စားစရာတွေနဲ့ နှိပ်စက်ပါ့မယ် :P. ဒီနှစ် နှစ်သစ်ကူးရုံးပိတ်ရက်မှာတော့ မုန့်လုပ်ဖြစ်အောင်လုပ်မယ်လို့ ကြံစည်ထားပါတယ်

Tuesday, November 29, 2011

ခေါက်ဆွဲသုပ်



ဒါကတော့ အိမ်ကလူကြီး တောင်းဆိုလို့လုပ်ကျွေးတဲ့ အသားနဲ့ ခေါက်ဆွဲသုပ်ပါ။ သူတို့အရပ်က စားတဲ့ခေါက်ဆွဲတွေကို သိပ်မစားဖူးပါဘူး။ မြီးရှည်တော့ သူ့သူငယ်ချင်းလုပ်ကျွေးလို့စားဖူးတယ်။ စားလို့တော်တော်ကောင်းလို့ အရင်တုန်းကမြီးရှည်မကြိုက်တဲ့ ကျွန်မတောင် တစ်ခါထည်းနဲ့ ကြိုက်သွားတာပါဘဲ။ ဒီခေါက်ဆွဲကို ဘာလို့ခေါ်သလဲ ကျွန်မလဲ သေချာမသိပါဘူး။ သူက ဒီလို ဒီပုံစားချင်တယ် ချက်ကျွေးပါဆိုတာနဲ့ အထင်နဲ့ မှန်းချက်လိုက်ရတာ။

တစ်ခါကလည်း ဆီချက်စားချင်တယ်ဆိုလို့ အိမ်မှာ ဆီချက်လုပ်ကျွေးပါတယ်။ ကျွန်မသိထားတဲ့ ဆီချက်ကအသားပြုတ်တွေဘာတွေနဲ့ ကြက်သွန်ဖြူဆီချက်နဲ့ဟာကိုပဲ သိတာလေ။ ရန်ကုန်မှာ ရောင်းတဲ့ပုံစံပေါ့။ ခါတိုင်းအမေ အိမ်မှာလုပ်လဲ ဒါမျိုးပါပဲ။ အဲဒါကို သူကကြည့်ပြီး ဟင်ဆီချက်လဲ မဟုတ်ဘူးဆိုတော့ ကိုယ်တောင်ကြောင်တောင်တောင်ဖြစ်သွားတယ်။ ကျွန်မကလဲ အလျော့မပေးပဲ ဒါဆီချက်မှ ဆီချက်ပဲပေါ့။ သူက သူသိတဲ့ ရှမ်းပြည်က ဆီချက်က ဒီလိုမဟုတ်ဘူးဆိုပဲ။ အသားကို ဟင်းအနှစ်လိုချက်ပြီး ထည့်တာတဲ့။ သူပြောတဲ့ဆီချက်ကို ကျွန်မကလည်း တစ်ခါမစားဖူးတော့ သဘောမပေါက်၊ အရသာလည်း မှန်းလို့မရနဲ့လေ။ ဘာပဲဖြစ်ဖြစ် ဒီပုံစံ ဆီချက်ပဲ ကျွန်မတသက်လုံးစားလာတာ။ ဒါပဲစားဆိုပြီး ကျွေးတာ။ :D
  

နောက်တော့ သူစားချင်တဲ့ ပုံစံလေး စမ်းကြည့်ပါဦးမယ်ဆိုပြီး ဒီခေါက်ဆွဲ ဖြစ်လာတာပါဘဲ။

ခေါက်ဆွဲအတွက်
  •  အမဲသားကို ဆီများများနဲ့ အတုံးသေးသေးတုံးပြီး နှပ်ပါတယ်။
  • မြေပဲကိုလည်း မညက်တညက်ကြိတ်ထားတလိုက်တယ်။ 
  • ခေါက်ဆွဲကို ကြက်ဥခေါက်ဆွဲသုံးပါတယ်  (စားခါနီးမှ ပြုတ်ပြီးရေအေးလောင်း ရေပြန်စစ်ထားလိုက်ပါတယ်) ကင်မ်ချီ ကိုလည်း ပြင်ထားလိုက်တယ် (သူတို့ အရပ်မှာတော့ မုန်ညှင်းချဉ်ပေါ့။ ဒီမှာတော့ မုန်ညှင်းချဉ် မရှိလို့ ကင်မ်ချီ အစားထိုးပါတယ်) 



အမဲသားနှပ်


မေ့လို့နောက် အရေးကြီးတာ တစ်ခုကျန်သေးတယ်။ ငရုပ်သီးအကြမ်းမှုန့်ကို ဆီပူပူနဲ့လောင်းထားတာ။ ကြုံလို့ပြောရဦးမယ်။ အကြမ်းမှုန့်သုံးမယ် ဆိုရင် ယိုးဒယားကလာတဲ့ အကြမ်းမှုန့်လေးတွေ တော်တော် အဆင်ပြေပါတယ်။ အထုတ်ကြီး တစ်ထုတ် 3$ ဆိုရင် သုံးပါလေရော့ပဲ။ ငရုပ်သီးအစေ့လေးတွေကလဲ သေးသေးလေးတွေနဲ့ အထူးတလယ် ဖယ်နေစရာမလိုတော့ဘူး။

 ငရုပ်သီးမှုန့်ပုံ (ထပ်ဖြည့်လိုက်တာ- NTUC မှာဝယ်လို့ရပါတယ်)


စားဖို့ပွဲပြင်မယ်ဆိုရင် ခေါက်ဆွဲထည့်၊ မြေပဲ မှုန့်၊  ကင်မ်ချီ၊ ပဲငံပျာရည်အကြည်၊ ငရုပ်သီး (လိုသလို)၊ ကြက်သားမှုန့် ၊ အမဲသားနှပ် နဲ့ နှပ်ထားတဲ့ ဆီ ၂ ဇွန်းလောက်ကိုထည့်ပေးပြီးရင် သုံးဆောင်လို့ရပါပြီ။
သူကတော့ အကြိုက်တွေ့ပြီး သိပ်ကောင်းဆိုပဲ။ ဘာလို့ခေါ်မှန်းသာမသိတာ စားလို့တော့ အတော်ကောင်းပါတယ်။ အမဲသားမစားရင် ကြက်သားနဲ့လည်း ချက်လို့ရပါတယ်။ ဆီတော့အများကြီးထည့်ရတယ်၊ ဘာလို့လဲဆိုတော့ ဆီချက်သပ်သပ်မထည့်ပဲ အဲဒီကဆီတွေနဲ့ ယူသုံးတာကိုး။ ဒါပေမယ့် ဆီများများနဲ့ ရေကုန်အောင် ချက်ထားတော့ ရေခဲသေတ္တာထဲထည့်ထားရင် ၁ ပတ်လောက်တော့ အနည်းဆုံးခံပါတယ်။

အမဲသားဆိုတော့ ခဏခဏတော့ မစားဖြစ်ပါဘူး။ ၂လ တစ်ခါလောက်ပေါ့။

သုပ်ပြီး ဒီပုံထွက်လာတယ်

p.s  မကြာခင်မှာ ဗမာပြည်ကို ခဏပြန်ပါမယ်။ ဘလော့နဲ့ ရက် ၂၀ လောက်ဝေးနေမှာလို့ ပြောချင်တာပါ။ ပြန်ရောက်ရင် ဟိုကစားစရာပုံတွေကို ရနိုင်သမျှဓာတ်ပုံရိုက်ခဲ့ပါ့မယ် :D

Sunday, November 20, 2011

ကင်မ်ချီ


တီဆွိကျေးဇူးနဲ့ ကင်မ်ချီလုပ်စားဖြစ်သွားပါပြီ။ ချဉ်လဲချဉ် စားလို့လဲ အရမ်းကောင်းပါတယ်။ ခါတိုင်းလိုဆိုင်ကနေ  ၀ယ်စရာမလိုတော့လို့ ပိုက်ဆံလဲအတော်သက်သာသွားပါတယ်။ နောက်ကိုလဲ အိမ်မှာပဲ ကင်မ်ချီတည်တော့မယ်လို့ဆုံးဖြတ်လိုက်ပါပြီ။ တီဆွိကို ကျေးဇူးအထူးတင်ပါကြောင်း။

လုပ်နည်းအပြည့်အစုံကတော့ ဒီလင့်ထဲမှာပါ။ ကိုယ့်ဘာသာကိုယ်လဲ နည်းလေးပြန်ကြည့်လို့ရအောင် ဒီထဲမှာပါ ပြန်ကူးလိုက်တယ်။


၁။Korean Cabbage/ Chinese Cabbage အထုတ် တစ်ဝက်လောက်
၂။ မုံလာဥနီ သို့ အဖြူ ဥကြီးတစ်စိတ်လောက်။
၃။ ကြက်သွန်မြိတ် လက်တစ်ဆုတ်စာလောက်။

မုံလာဥကိုလည်း အခွံသင် တစ်လက်မခွဲအရှည်လောက် ပါးပါးသေးသေးလေးတွေလှီးထားပါ။ ကြက်သွန်မိတ်ကိုလည်း လက်တစ်ညိုးစာ အရွယ်ဖြတ်ထားပါ။

မုံလာထုတ်ကို ၂ရက်လောက်ရေခဲသေတ္တာထဲမထည့်ပဲ အရွက်များကိုဖြန့်ပြီးခြောက်အောင် အပြင်မှာထားပါ။ ဆားစိမ်ခါနီးမှ တစ်လက်မလောက်စီဒါးနဲ့ဖြတ် ထားပါ။ ဇလုံကြီးကြီးတစ်လုံးထဲကို ဆား၂ဇွန်းလောက်ရယ် ရေ မုံလာရွက်မြုတ်ရုံထည့်မွှေပါ။ ဆားပျော်ရင် မုံလာရွက်လှီးထားတာတွေ တစ်နာရီခန့် စိမ်ထားပါ။ ပြီးရင် ရေနှစ်ထပ်လောက်ဆေးပြီး စကာနဲ့ ရေခြောက်အောင် တစ်နာရီလောက်စစ်ထားပါ။



ဆားနယ်၊ရေဆေးအပြီး ရေစစ်ထား


ိနယ်ဖို့ ကင်မ်ချိအနှစ်အတွက်
၁။ ဂျင်း လက်မအရွယ် ၄ခု အခွံသင်ထားပါ။
၂။ကြက်သွန်ဖြူ ဥကြီးတစ်ဥ(၈မွှာလောက်) အခွံနွှာထားပါ။
၃။ ကြက်သွန်နီတစ်ဥပါးပါးလှီးပြီး ကြိတ်ထားပါ။
၎။ ငရုပ်သီးအရောင်တင်မှုန့်ညက်ညက် ၃ဇွန်း။
၅။ သကြား၂ဇွန်း
၆။ ငံပြာရည်၂ဇွန်း
၇။ ဆန်မှုန့်တစ်ဇွန်းမောက်မောက်ကို ရေ ၃-၄ဆထည့်ပြီး မပျစ်မကျဲကျိုထားပါ။

 အနှစ်တွေမနယ်ခင်

 ဒါကနယ်ပြီးစ

 ၂ရက်အကြာ

 ဒီပုလင်းက ၁ပတ်ကျော်အကြာမှာ။ ကြာလေပိုကောင်းလေ။

Wednesday, November 9, 2011

Chocolate Cheese Brownies




ဘရောင်နီ၊ ဘရောင်နီ၊ ဘရောင်နီ။ ဒါကတော့ ဒေါ်ကြီးဘို လူကိုတွေ့တိုင်း အော်နေကြစကားတစ်ခုပါ။ အော်တာ အကောင်းအော်တာမဟုတ်ဘူး။ မုန့်တောင်းနေတာ။ မလုပ်ပေးမချင်းကို တဂျီဂျီနဲ့ ကလေးလိုပ ကိုတောင်းတာ။ ခုတစ်ခါတော့ သူ့ဆန္ဒပြည့်ဝဖို့ အကြောင်းဖန်လာပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေ သူ့အိမ်မှာ ဘုန်းကြီးဆွမ်းကပ် အလှူကိုဖိတ်တော့ အလှူ့ရှင် စိတ်ချမ်းသာပါစေတော့ ဆိုပြီး ဘရောင်နီလေး လုပ်ယူသွားလိုက်ပါတယ်။ အဆန်းထွင်ပြီး  ချိစ်နဲ့ရော လုပ်လိုက်တာ အရသာက အရင်လိုသိပ်မကောင်းသလိုပဲ။ သူကတော့ ကောင်းတယ်လို့တော့ ပြောတာပါဘဲ။ အလှူမှာ သူကိုယ်တိုင်လုပ်တဲ့ ငါးထမင်းနယ်ကျွေးပါတယ် ။ လူတွေတအားများနေတာနဲ့ ဓာတ်ပုံမရိုက်လိုက်ရဘူး။

အဲ ဘရောင်နီတော့ ဆန္ဒပြည့်ပြီးသွားတဲ့အခါမှာ နောက်တစ်မျိုးကို မျက်စထပ်ပစ်ပြန်ပါလေရောလား။ "ငါနင့်အိမ်လာမယ် ငါ့ကိုမာလာဟင်းလုပ်ကျွေး" တဲ့။ မပြန်ခင် တိုးတိုးတိတ်တိတ် ကပ်ပြောတော။ အဲဒါတင်လားဆိုတော့ အကင်ပါပါတယ်တဲ့။ သူငယ်ချင်း အရင်းခေါက်ခက်ဆိုတော့လည်း သူ့အကြိုက်ကို လိုက်လျောရတောမှာပေါ့။ :D ။ ဒီပို့စ်ကို မြင်ရင်အော်ဦးမှာ အသေအချာပဲ။

ခုလောလောဆယ်တော့ ချိစ်ဘရောင်နီလုပ်နည်းလေး တင်ပေးလိုက်ပါတယ်။ ဘရောင်နီ စစ်စစ်ကို စမ်းချင်သူများ ဒီပို့စ် ကိုသွားကြည့်ကြပါ။ ကျွန်မအကြိုက်ဆိုရင်တော့ အရင်က ဘရောင်နီတွေကို ပိုပြီးကြိုက်ပါတယ်။

ဘရောင်နီအလွှာအတွက်
  • ချောကလက် ၁၁၀ ဂရမ်
  • ထောပတ် ၃၅ ဂရမ်
  • ဂျုံ ၇၅ ဂရမ်
  • သကြား ၁၅၀ ဂရမ်
  • ပွဆေး ( လက်ဖက်ရည်ဇွန်း တစ်ဝက်)
  • ဆား အနည်းငယ်
  • ကြက်ဥ ၂ လုံး
  • ဗနီလာအမွှေးနံ့  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မုန့်ပြင်နည်း

 ပထမဆုံး ထောပတ်နဲ့ ချောကလက်ကို အရည်ပျော်အောင် မီးပေါ်တင်ပြီး မွှေပေးပါ
 ဒီလိုရလာပါလိမ့်မယ်

နောက်ကြက်ဥနဲ့ သကြားကို ribbon like texture ရအောင်မွှေပေးပါ
ပြီးရင် ခုနက ချောကလက် အရည်ကို ထည့်မွှေ။ ဂျုံကိုလည်း ထည့်မွှေထားပြီး ခဏဘေးဖယ်ထားလိုက်ပါ



ချိစ်အလွှာအတွက်
  • ခရင်မ်ချိစ် ၇၅ ဂရမ်
  • သကြား ၂၅ ဂရမ်
  • ကြက်ဥ ၁လုံး
  • ဂျုံ ၁၅ ဂရမ်
  • ဗနီလာအမွှေးနံ့ လက်ဖက်ရည်ဇွန်း တစ်ဝက်

  1. သကြားနဲ့ ချိစ်ကို သမအောင်ရောမွှေပေးပါ
  2. ကြက်ဥထည့်ပြီး မျှသွားအောင် ထပ်မွှေပေးရပါမယ်
  3. နောက်မှ ဂျုံထည့်၊ အမွှေးနံ့ထည့်မွှေပေးပြီးရင် အဆင်သင့်ဖြစ်ပါပြီ


အိမ်မှာတော့ ၈လက်မ ဗန်းကိုသုံးပါတယ်။ အဲဒီအထဲမှာမှ ခုနက အညိုရောင် မုန့်နှစ် နဲ့ အဖြူရောင်မုန့်နှစ်ကို တစ်လွှာစီထည့်ပေးပြီး ၁၆၀ ဒီဂရီမှာ မိနစ် ၄၀လောက်ဖုတ်ပေးရင် ရပါပြီ။ မုန့်ရမရကို သွားကြားထိုးတံ သို့မဟုတ် မုန့်စမ်းတဲ့ စတီးချောင်းလေးနဲ့ စမ်းလို့ရပါတယ်။ မုန့်သား အလယ်တည့်တည့်ကို ထိုးကြည့်လို့ မုန့်နှစ် ကပ်ပါမလာရင် ရပါပြီ။
ဒါကမဖုတ်ခင်

 ဒါက အအေးခံတုန်း

စားလို့ရပါပြီ

Friday, November 4, 2011

မာလာဟင်း

 
 
 
မာလာဟင်းကိုတော့ တော်တော်များများ သိပြီး မြည်းဖူးပြီးသား ဖြစ်ကြမှာပါ။ ကျွန်မကတော့ မာလာဟင်းကို အခုမှကြိုက်တတ်သွားတာ။ ဘာလို့လဲဆိုတော့ သူနဲ့ ပတ်သက်ပြီး ဆိုးဝါးတဲ့ အတွေ့အကြုံရခဲ့လို့ပါ။ ဖြစ်ချင်တော့ ၂၀၀၉ မှာ ကျွန်မနဲ့ အမျိုးသား ဗမာပြည်ပြန်ကြပါတယ်။ အဲဒီအချိန်တုန်းကတော့ ရန်ကုန်မှာ မာလာဟင်း ခေတ်စားကာစလားမသိဘူး။ သူ့အစ်ကို တစ်ဝမ်းကွဲက မာလာဟင်းလိုက်ကျွေးပါတယ်။ ဒါပေမယ့် အဲဒီမာလာဟင်းကလေ အရသာကလည်း လုံးဝမကောင်းတဲ့အပြင် နောက်ဆက်တွဲအနေနဲ့ ကျွန်မ မှာ နေမကောင်းတွေဖြစ်ပြီး သွားဖို့စီစဉ်ထားတဲ့ နေရာတွေ တစ်ခုမှကို မရောက်လိုက်ဘဲ စလုံးကိုပြန်လာခဲ့ရပါတယ်။ အဲဒီမှာတင် ဒီဟင်းကို အတော်စိတ်နာသွားခဲ့တာ။
 
အဲဒီကတည်း မာလာဟင်းဆိုရင် ယောင်လို့တောင် လှည့်မကြည့်တော့ဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ညီမမွေးနေ့ကို အကင်ဆိုင်မှာလိုက်ကျွေးပါတယ်။ အဲဒီဆိုင်က မာလာဟင်းကောင်းတယ်ဆိုပြီး သူတို့က မာလာဟင်းမှာကြပါတယ်။ ကျွန်မကတော့ မာလာဟင်းဆိုတာနဲ့ ရှုံမဲ့ပြီး ငါမစားဘူးနော်လို့ အကြောက်အကန်ငြင်းတာ။ သူတို့မှာတော့လည်း တို့ကနန်းဆိတ်ကနန်း လိုက်စားပြီး မဆိုးပါလားဆိုတာသိသွားတယ်။ အဲဒီဆိုင်က မာလာဟင်းက တကယ့်ကိုကောင်းပါတယ်။ မန္တလေး လက်ရာဆိုလားပဲ။ ရန်ကုန်ဆိုင်က မာလာဟင်းနဲ့တော့ အများကြီးကွာပါတယ်။ ကျွန်မလို တူးတူးခါးခါး ဖြစ်နေတဲ့လူတောင် ကြိုက်သွားတာကြည့်။
 
ကြိုက်မိတော့လည်း ထုံးစံအတိုင်း လိုက်လုပ်ကြည့်ရမှ စိတ်ကျေနပ်တာမို့ မာလာဟင်း ချက်နည်းတွေကို သိသမျှဘလော့တွေထဲမှာ မွှေတော့တာပါဘဲ။ နောက်ဆုံး မမလု ရဲ့ နည်းနဲ့ ချက်မယ်လို့ ဆုံးဖြတ်ပြီး ချက်လိုက်ပါတယ်။ မမလု လောက်တော့ အမယ်မစုံဘူး။ ကြိုက်တာတွေကို ကြိုက်သလိုစုပြုံထည့်လိုက်တာပါဘဲ။ မာလာဟင်းကို အဓိကကောင်းစေတာက မြေပဲထောင်းလို့ထင်တယ်။ မြေပဲထောင်း ထည့်တာကို သိပ်မနှစ်သက်ကြတဲ့လူလည်း ရှိမှာပါ။ ကျွန်မကတော့ အဲဒါလေးပါမှ ဆိမ့်ဆိမ့်လေးနဲ့ စာကောင်းလို့ ပိုသဘောကျပါတယ်။
 
လုပ်နည်း (အိမ်မှာ ချက်သောနည်း - ၂ ယောက်စာအတွက်)
 
  • ပဲပြား - သေးသေးလှီးထား
  • မုန်ညှင်းရွက်အသေး - ရေဆေးထား
  • မုန်လာဥနီ တစ်ဝက် - ပါးပါးလှီး
  • ပြောင်းဖူးသေးသေး ၄ခု- အရှည်လိုက်လှီးထား
  • ကြွက်နားရွက်မှို - ရေစိမ်ထား
  • ကျောက်ပွင့် အဖြူ - ရေစိမ်ထား
  • ရွှေပဲသီး ၁၀ခု
  • မုန်ညှင်းထုပ်အဖြူ- ၁လက်မလောက်လေးတွေလှီးထား
 
အနှစ်အတွက်
- မောရှမ်းမြေ မာလာဟင်း အနှစ် တစ်ဝက်
- ကြက်သားမှုန့် ၁ဇွန်း
- ငံပျာရည် - သင့်သလို
- ကြက်သွန်နီ အ၇ွယ်တော် တစ်လုံး - နုတ်နုတ်စဉ်းထား
- ကြက်သွန်ဖြူ ၃၊ ၄ မွှာ-  - နုတ်နုတ်စဉ်းထား
- မြေပဲထောင်း လက်တစ်ဆုပ်စာ
 
  1. ပထမဆုံး ရွှေပဲသီး၊ မုန်ညှင်း စတဲ့ အသီးအရွက်တွေကို ရေနွေးဆူဆူမှာ ၁ မိနစ်ခန့်ပြုတ်ပြီး ရေခဲရေထဲမှာ စိမ်ထားလိုက်ပါ။ အဲဒါမှာ အသီးအရွက်တွေ အရောင်မ၀ါသွားပဲ ကြွပ်ကြွပ်ကလေးဖြစ်မှာ။ နောက် မှိုတွေကိုလည်း ၁မိနစ်ခန့်ပြုတ်ပေးပီး ဆယ်ထားလိုက်ပါ
  2. ဟင်းအနှစ်အတွက် ဆီ ထမင်းစားဇွန်း ၅ ဇွန်း ၊ နှမ်းဆီမွှေး ထမင်းစားဇွန်း ၁ ဇွန်းကို အပူပေး၊ ကြက်သွန်ဖြူ၊နီ ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန် နွမ်းရင် မာလာဟင်း အနှစ်ကိုထည့် ၊ ပြောင်းဖူး မုန်လာဥနီနဲ့ မှို၊ ကျောက်ပွင့်ကို ထည့်မွှေပေးပါ။ အဖုံးအုပ်ပြီး ၁ မိနစ်ခန့်ထားပါ။ ဟင်းခတ်မှုန့်များကိုလည် ထည့်မွှေပါ
  3. ပြီးရင် မြေပဲမှုန့်ထည့်မွှေပေး ပြီး ဟင်းရွက်အားလုံးကို နောက်ဆုံးမှထည့်ပြီး မီးပြင်းပြင်းနဲ့ ၁မိနစ်လောက်ကြော်ပါ။  ပြီးမှ ပြောင်းဖူးမှုန့်ကို ရေဖျော်ပြီး လောင်းထည့်ပေးလိုက်ပါ။ အပျစ်အကျဲကတော့ စိတ်ကြိုက်ချိန်ပါ။ မိနစ်ဝက်လောက်နေရင် မီးပေါ်မှ ချလို့ရပါပြီ။
 
အရမ်းကောင်းလွန်းလို့ ထမင်းလွတ် ၂ပွဲစားလိုက်တယ် :D

Thursday, October 27, 2011

ချောကလက် ချိစ် ကိတ်

ဒီမုန့်ကို မှတ်မိကြဦးမလား မသိဘူး။ လွန်ခဲ့သော ၁ နှစ်က စမ်းထားပြီး ထပ်မလုပ်ရသေးတဲ့မုန့်ပါ။ စားလို့ကောင်းမှန်းသိလို့ ကိုယ်စားဖို့အတွက်ကိုယ် မလုပ်ရဲဘူး။ တစ်ထိုင်ထဲနဲ့ ၁ ၀က်လောက်အသာလေးကုန်မှာသိနေတယ်။ ထုံးစံအတိုင်း အသိတစ်ယောက်အတွက် လက်ဆောင်ဖုတ်သွားတဲ့မုန့်ပါ။ လက်ဆောင်ဆိုပေမယ့်လည်း ထမင်းစားပြီး သူကအဲဒီမုန့်နဲ့ပဲ  အချိုပွဲ ပြန်ဧည့်ခံလို့ ကိုယ့်လက်ရာကိုယ် မြည်းခဲ့ရသေးတယ် ။ ၀ိတ်ချဖို့ကြိုးစားနေလို့ မစားဘူးလို့ အားတင်းထားပေမယ့်လည်း နောက်ဆုံးတော့ ကိုယ့်စိတ်ကိုယ် အရှုံးပေးလိုက်ရတာပါဘဲ။  အဲဒီ အသိကလည်း ဒီမုန့်ကိုအရမ်းသဘောကျပြီး လုပ်နည်းတွေဘာတွေမေးလို့။ လာမယ့် ခရစ်စမတ်ကို လာဖြစ်အောင်လာပါဆိုပြီး ထပ်ဖိတ်တယ်။ ဩော် မုန့်မျက်နှာ။ :D :D
ဒီလထဲမှာ မွေးနေ့ပွဲတွေကလည်း များတယ်။ ပြီးခဲ့တဲ့ ၂ရက်နေ့က အငယ်မလေး မွေးနေ့။ ၂၁က အလတ်မမွေးနေ့။ သူ့မွေးနေ့ကို မုန့်မဖုတ်လိုက်မိတော့ စိတ်ကောက်ခံရပါလေရောလား။ ငါနင်မုန့်မျှော်နေမှန်း မသိလို့ပါဟယ်။ ညီအစ်မ ၃ ယောက်ထဲသွားစားတော့ များများစားမယ့်လူမရှိလို့ မုန့်မလုပ်လာတာ နောက်တစ်ပတ်မှ သီးသန့်မုန့်ထပ်ဖုတ်ပေးမယ်နော်ဆိုတော့...ခုမှ မျက်နှာချိုလာမသွေးနဲ့ ရဘူးတဲ့ :-( .သူ့အတွက်မုန့်အကြွေးကို နောက်လမှပဲပေးလိုက်တော့မယ်။
ခုလောလောဆယ်တော့ အသိအိမ်အတွက်လုပ်တဲ့ မုန့်တွေကိုပဲတင်လိုက်ပါတယ်။ အိမ်မှာရိုက်တုန်းတော့ ကိတ်မုန့် ၁လုံးလုံးပဲရိုက်လို့ရတယ်လေ။ အထဲက မုန့်သားအနေအထားကို မမြင်ရဘူး။ အဲဒါနဲ့ ဟိုအိမ်ရောက်ရင် ငါ့ရှေ့မှာ မုန့်ခွဲကောင်းခွဲမှာဆိုပြီး ကင်မရာလေးကို အသာလေးထည့်ယူသွားလိုက်တယ်။ ဟိုရောက်တော့ သူက ကိုယ့်မုန့်နဲ့ ပြန်ဧည့်ခံတော့ ရည်ရွယ်ချက်အထမြောက်သွားတာပေါ့နော်။ မုန့်ခွဲကာနီးကင်မရာမထုတ်ခင် အိမ်ကလူကြီးကိုမေးရသေးတယ်။ ရိုက်လို့ရမလားလို့။ တော်ကြာသူများနဲ့ အိမ်မှာ အလုပ်ရှုပ်တယ်ဖြစ်မှာစိုးလို့။ ခွင့်ပြုချက်ရပြီး ကင်မရာထုတ်လာတော့ အသိက Group photo ရိုက်မယ်များထင်သွားလားမသိ။ ကိုယ်ကတော့ ထုံးစံအတိုင်း ကင်မရာတကားကားနဲ့ စားပွဲဝိုင်းမှာဟိုလိုရိုက်ဒီလိုရိုက်နဲ့ နောက်ဆုံးလိုချင်တဲ့ ပုံရမှငြိမ်ငြိမ်သက်သက်ထိုင်ပြီး စားနိုင်တော့တယ်။

မုန့်လုပ်နည်း ပြန်ကူးပေးလိုက်ပါတယ်
  • Cream Cheese 150g
  • Sugar 25g
  • 1 Egg

အဲဒါတွေအားလုံးကို သမအောင်ရောမွှေထားလိုက်ပါ

Choco Batter အတွက်
  • Butter 100g
  • Sugar 80g
  • Flour 80g
  • 2 Eggs
  • 2 Tbsp of Cocoa Powder
  • 2 tsp of baking powder
  • 2 Tbsp of milk

  1. ဂျုံ၊ ပွဆေး နဲ့ ကိုကိုး မှုန့်ကို စကာ ချထားပါ
  2. သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
  3. ကြက်ဥကို တစ်လုံးချင်းစီ သမအောင် ထည့်မွှေပေးပါ။
  4. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။
  5. ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို ချောကလက် တစ်လွှာ၊ Cheese တစ်လွှာထည့်ပြီး ၁၇၀ ဒီဂရီမှာ ၄၀-၄၅ မိနစ် ဖုတ်ပေးပါ။


စကာပေါ်မှာ အအေးခံထားတာ


ချောကလက်အလွှာလောင်းပြီး ခဏစောင့် ပြီးမှ အလှဆင်

သူများအိမ်မှာ မျက်စေ့နောက်လောက်အောင်ရိုက်ထားသောမုန့်

အလယ်မှာအဲလိုလေးတွေဖြစ်နေတာ

Friday, October 7, 2011

ဂျုံအကြောင်း သိကောင်းစရာ


courtesy of yahoo image

မုန့်ဖုတ်ခြင်းကို စိတ်ဝင်စားသူများအတွက် ဂျုံအကြောင်းသိသလောက်ကို မျှဝေပေးချင်ပါတယ်။ သိပြီးသူများလဲ ရှိမှာပါ။ မသိတဲ့သူတွေ အတွက်တော့ ဗဟုသုတအနေနဲ့ရော၊ မုန့်ဖုတ်တဲ့အခါ သိထားသင့်တဲ့ အချက်ကလေးတွေပါ။ ဂျုံအမျိုးအစားအကြောင်းကို သေချာသိပြီးမှ မုန့်ဖုတ်မယ်ဆိုရင်တော့ ပိုပြီး အဆင်ပြေတဲ့ မုန့်လေးတွေထွက်လာမှာအမှန်ပါဘဲ။ ကျွန်မတုန်းကတော့ အရင်သင်တန်းမတက်ခင်မှာ ဂျုံအကြောင်း၊ ကိုင်တွယ်နည်း အကြောင်းမသိဘဲ ထင်ရာစိုင်းလို့ အမှိုက်ပုံးထဲ ရောက်သွားတဲ့ မုန့်အရေအတွက်လည်း မနည်းတော့ပါဘူး။



ဂျုံမှာ ၃ မျိုး ရှိပါတယ်။ အနုစား (low protein flour or cake four) ၊အလတ်စား (medium protein or all purpose flour)၊ အကြမ်းစား (high protein flour) ဂျုံမျိုး ဆိုပြီး အဓိက သုံးမျိုးခွဲထားပါတယ်။ အနုစားဂျုံက ကိတ်မုန့် တွေအတွက် အဓိကသုံးလေ့ရှိပြီး အကြမ်းစားကတော့ ပေါင်မုန့်လိုမုန့်မျိုးတွေအတွက်သုံးလေ့ရှိပါတယ်။ အလတ်စားဂျုံကတော့ မုန့်အမျိုးအစားအားလုံးအတွက် သုံးလို့ရပါတယ်။ ဒါကြောင့်လည်း All purpose flour ဆိုပြီး ခေါ်ကြတာပါ။


courtesy of yahoo image

ဒီမှာပြထားတာက ဂျုံစေ့လေးပါ။ အဲဒီဂျုံစေ့လေးကို မှအဆင့်ဆင့် အခွံချွတ်၊ polish လုပ်ပြီးမှ ဂျုံမှုန့်ရအောင်ကြိတ်ယူရတာပါ။ လိုချင်တဲ့ ဂျုံမှုန့် အမျိုးအစားကို မူတည်ပြီး polish လုပ်တဲ့ အဆင့်တွေလဲ ကွဲပြားခြားနားပါတယ်။ အနုဆုံးဂျုံကတော့ chemical treatment အများဆုံးလုပ်ခံရတဲ့ ဂျုံမျိုးပေါ့။ နုနုလေး လိုချင်တာကိုး။ ဒီဂျုံမျိုးကို သုံးပြီး ကိတ်မုန့်လုပ်ရင်တော့ သိပ်ကို နူးညံ့တဲ့ မုန့်လေးတွေရမှာပါ။ ဒီလိုဂျုံအမျိုးအစားက ပရိုတင်းပမာဏ ပါဝင်မှု နည်းတဲ့ အတွက် ပေါင်မုန့်ဖုတ်မယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး။ သူရဲ့ ပရိုတင်းပမာဏ ပါဝင်မှုဟာ ၆%-၈% ပဲရှိတယ်လို့ ဆိုပါတယ်။ ဒီလိုဂျုံ အမျိုးအစားဟာ မုန့်သားနယ်ပြီးတဲ့အခါမှာ ကျုံဆန့်အားနည်းတဲ့ အတွက် ပေါင်မုန့်သားလို့ အနေအထားမျိုး မဖြစ်နိုင်ပါဘူး။ ဒါကို မုန့်ဖုတ်သောသူများက lower gluten formation လို့သုံးကြပါတယ်။ ထုတ်လုပ်သူများက တမင်တကာရည်ရွယ်ပြီး gluten ဖြစ်စေမယ့် strength ကိုလျော့ချထားတာပါ။ low protein flour နောက်မျိုးကွဲတစ်ခုကတော့ pastry flour ပါ။ ပရိုတင်းပမာဏ ၈% ကနေ ၁၀% အထိပါဝင်ပြီး ဘီစကစ် တို့ ကွတ်ကီးတို့လိုမျိုး pastry တွေအတွက်ပို့သင့်လျော်ပါတယ်။

courtesy of yahoo image














နောက်တစ်ခုကတော့ မုန့်အားလုံးအတွက်သုံးလို့ရတဲ့ဂျုံပါ၊ ပရိုတင်းပါဝင်မှု အလတ်စား (၁၀%-၁၂%)ရှိပါတယ်။ ဒါနဲ့ကတော့ ဘာမုန့်ပဲလုပ်လုပ် သင့်တော်ပါတယ်။ အိမ်မှာတော့ မုန့်လုပ်ရင် ဒီဂျုံနဲ့ပဲ သုံးဖြစ်တာများပါတယ်။ ဒီ all purpose flour မှာမှာ နောက်တစ်မျိုးထပ်ရှိတာကတော့ self raising flour ပါ။ ဘာကွာလဲဆိုတော့ သူ့မှာက baking powder ကိုရောထားပြီးသားဆိုတော့ မုန့်လုပ်တဲ့အခါမှာထပ်ထည့်စရာ မလိုပဲတစ်ခါတည်း တန်းပြီးသုံးလို့ရပါတယ်။ အိမ်မှာတော့ အဲဒီအမျိုးကို သုံးခဲပါတယ်။ သင်တန်းမှာဆရာတွေသင်တုန်းကတော့ self raising flour ကိုသုံးဖို့ အားမပေးပါဘူး။ မုန့်လုပ်နည်းတွေမှာပါတဲ့ အညွှန်းထဲကအတိုင်း လိုသလောက်ကိုသာ သုံးဖို့ကို ပိုပြီးအားပေးကြပါတယ်။



courtesy of yahoo image



 



နောက်ဆုံးတစ်ခုကတော့ ပေါင်မုန့်လုပ်တဲ့ ဂျုံပေါ့။ သူ့ရဲ့ ပရိုတင်းပါဝင်မှုကတော့ အများဆုံးပါ။ ၁၂% ကနေ ၁၄% အထိပါပါတယ်တဲ့။ အဲဒါကြောင်မို့လို့လည်း gluten formation အများဆုံးပေါ့။ ပေါင်မုန့် လုပ်ဖူးတဲ့သူဆိုရင် သိမယ်ထင်ပါတယ်။ ဂျုံကို တဆေးနဲ့ နို့၊ရေ တွေဘာတွေထည့် နာနာနယ်ပြီး ၂ နာရီလောက်ထားလိုက်ရင် နယ်ထားတဲ့ ပမာဏထက် ၃ဆလောက်ပွတက်လာတာကို မြင်ဖူးကြမှာပါ။ အဲဒါ gluten formation ကြောင့်ပါဘဲ။ အဲလိုပွလာတာမျိုးကို ဖုတ်မှကျွန်မတို့ အခုစားနေတဲ့ ပေါင်မုန့်သားမျိုးကို ရမှာပါ။


courtesy of yahoo image


ဂျုံအနုအရင့်ပေါ်မူတည်ပြီး အချင်အတွယ်ပမာဏလဲ ကွဲပါသေးတယ်။ အောက်မှာတော အင်တာနက်ကတွေ့တာလေးကို ပြန်ကူးရေးပေးလိုက်ပါတယ်။

All-Purpose Flour:
1 cup = 140 grams
1 cup sifted = 115 grams


Cake Flour:  
1 cup = 130 grams
1 cup sifted = 100 grams


Bread Flour:
 1 cup = 160 grams
1 cup sifted = 130 grams

နောက်မှပဲ ဂျုံနယ်၊ မုန့်နယ်ရင် သတိထားသင့်တဲ့ဟာလေးတွေ ကိုယ်တိုင်ကြုံတွေ့ဖူးတာလေးတွေ ရေးပေးပါဦးမယ်။



Ref:



မှတ်ချက်။ တစ်ခုကြိုပြီးတောင်းပန်ချင်တာက မုန့်ဖုတ်တာကို professional မဟုတ်တဲ့အတွက် တချို့ အချက်အလက်တွေဟာ ကျွမ်းကျင်သူများသိခဲ့သလို အတိအကျဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း အတတ်နိုင်ဆုံး တိကျအောင်ကြိုးစား စုစည်းထားပါတယ်။ သိခဲ့ဖူးသော၊ ဖတ်ခဲ့ဖူးသော ဗဟုသုတများကို ဝေမျှခြင်းပါ။

Monday, October 3, 2011

စတော်ဘယ်ရီ မီနီကိတ်လေးများ - မွေးနေ့အမှတ်တရ


မနေ့က ကျွန်မညီမ အငယ်ဆုံးမွေးနေ့ပေါ့။ ကိုယ့်မွေးနေ့သာ ကိတ်မလုပ်ဖြစ်တာ မိသားစု၊ သူငယ်ချင်းမွေးနေ့တွေဆိုရင် အချိန်ရရင် ရသလို့ ကိတ်မုန့်လုပ်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ စုပြီးတွေ့တဲ့ပွဲတို့၊ ကလေးမွေးနေ့တွေမျိုးတို့ ဆိုတာ မုန့်ဖုတ်ချင်တဲ့ ကျွန်မအတွက်တော့ အကြောင်းပြချက်ကောင်းပါဘဲ။ မဟုတ်လည်း အကြောင်းရှာပြီးတော့ မုန့်ဖုတ်ဦးမှာကိုး။ မွေးနေ့အတွက်တို့လိုမျိုးဆိုရင်တော့ ပိုပြီးသဘောကျတာပေါ့။ ကိတ်မုန့်ကို မွေးနေ့စာတမ်းလေးတွေနဲ့ အလှပိုဆင်လို့ရတယ်လေ။ ပြီးတော့ ကိုယ်လုပ်ထားတဲ့ မုန့်ကို မိသားစု၊ သူငယ်ချင်းတွေ အားပေးရင်လိုက်ရင် ပင်ပန်းထားတာတွေ အားလုံးပျောက်သွားသလိုကို ၀မ်းသာတာပါ။

ခုတစ်ခါတော့ သာမန်မွေးနေ့ကိတ်အစား cup cake လေးတွေလုပ်ဖြစ်ပါတယ်။ ခလယ်ခေါင်က ရိုးရိုး cup cake အရွယ်အစား နဲ့ ဘေးကဟာလေးတွေက သေးသေးလေးတွေ။ ချစ်စရာလေးတွေနော်။ အဲဒီ အသေးလေးတွေလုပ်တဲ့ မုန့်ဗန်းလေးကို တစ်နေ့ကမှ သွားဝယ်ထားတာ အတော်ပဲ ဖြစ်သွားပါတယ်။ ကိတ်လေးတွေပေါ်မှာ တကယ်တမ်းပုံဖော်ချင်တာက နှင်းဆီပွင့်၊ ဖြစ်သွားတာကတော့ အောက်မှာမြင်ကြရတဲ့ အတိုင်းပါဘဲ။ ပုံဖေါ်တဲ့ ကတော့လေးက နံပါတ်မှားနေလို့ နှင်းဆီပွင့်မထွက်တဲ့ အဆုံးရသလိုပဲ လုပ်လိုက်တော့တာ။

မုန့်ကတော့ ရိုးရိုးမုန့်နှစ်မှာ စတော်ဘယ်ရီအနှစ်ကလေးတွေရောထည့်လိုက်တာ စတော်ဘယ်ရီကိတ်ဖြစ်ရောပေါ့။ အိမ်မှာ ရှိတဲ့ စတော်ဘယ်ရီခပ်ချဉ်ချဉ် ပုလင်းကို အသုံးချလိုက်တာလေ။ စမ်းချင်သူများ လုပ်နည်းရေးပေးလိုက်မယ်နော်


Cake Batter

  • 120 grams all purpose flour
  • 1/2 teaspoon baking powder
  • 1/2 baking soda
  • a pinch of salt
  • 75 grams unsalted butter, at room temperature
  • 130 grams Castor white sugar
  • 1 teaspoon pure vanilla extract
  • 2 eggs
  • 75 ml milk
  • 90g of strawberry puree
  • 2 drops of red coloring
  1. ပထမဆုံး ဂျုံ၊ ဘိတ်ကင်ပေါင်ဒါ၊ ဆိုဒါ နဲ့ဆားကို ဇကာချထားပါ
  2. သကြားနဲ့ ထောပတ်ကိုပွအောင်မွှေပါ
  3. ပြီးရင် ကြက်ဥကို ၁လုံးချင်းစီထည့်ပေးပါ
  4. နောက် စတောဘယ်ရီ အနှစ်နဲ့ အရောင်အနီကို ရောမွှေပေးပါ
  5. အဲဒါပြီးမှ ခုနက ဇကာစစ်ထားတဲ့ ဂျုံရယ်၊ နွားနို့ရယ်ကို ထည့်မွှေပေးပါ။ 
  6. ဗန်းထဲမှာ စက္ကူလေးတွေခံ၊ မုန့်နှစ်ထည့်ပြီး ၁၆၀ အာဗင် မှာ ၁၅ မိနစ် (အသေးလေးတွေအတွက်) နဲ့ ၂၅ မိနစ် (ပုံမှန်size) ဖုတ်ပေးပါ။
  7. မုန့်ကျက်ရင် လုံးဝအေးသွာအောင် အအေးခံပြီးမှ ခရင်မ်နဲ့ အလှဆင်ပါ


ခရင်မ်လုပ်နည်းကတော့ အရမ်းကိုလွယ်ပါတယ်။ Whipping Cream (non dairy) ကို ၁၅၀ ဂရမ်လောက်ထည့်။ အနီရောင်ဆေးထည့်ပြီး ၄ မိနစ်လောက်မွှေလိုက်ရင် ရပါပြီ။ ခရင်မ် ရမရ စမ်းနည်းက မွှေထားတဲ့ ခရင်ခွက်ကိုယူ ဇောက်ထိုးလုပ်ကြည့် (တကယ်ပြောတာ၊ မနောက်ဘူး :D ) ဘာခရင်မ်မှ ကျမလာဘူးဆိုရင် ရပါပြီ။
 မွေးနေ့ရှင်အတွက် အနီးကပ်ရိုက်ချက်

ဒါလေးတွေက မီနီကိတ်လေးတွေ ၊ တစ်ခါစာ တစ်လုပ်စာ အတော်ပဲ။ အရမ်းစားလို့ကောင်းပါတယ်။ တကယ်ပြောတာ။ 
အဲဒီနေ့က ညီအစ်မတွေနဲ့ သူငယ်ချင်းတွေ ထမင်းသွားစားပြီး သီချင်းသွားဆိုကြတာ မှတ်မှတ်ရရပါဘဲ။ အလတ်မက ဘရဏီသီချင်းကို ၀င်းဦးသံနဲ့ လုပ်ဆိုလို့ ရယ်လိုက်ရတာ ကိုယ်တောင် မဆိုနိုင်တော့တဲ့ အထိ တကယ့်ကိုဟာသပဲ။ အဲလိုမျိုး သူကမျက်နှာပြောင်နေကျ။ သူငယ်ချင်း ၅ ယောက်နဲ့ ပျော်စရာကောင်းတဲ့ မွေးနေ့ပါ အမှတ်တရပါ။