Sunday, December 25, 2011

Christmas Fruit Cake ( ခရစ်စမတ် လက်ဆောင်)



အားလုံးပဲ Merry Christmas ပါနော်။ ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်ဖြစ်ပါစေလို့ နုတ်ဆက်လိုက်ပါတယ်။ ဒီတစ်ခါတော့ ခရစ်စမတ်အမီ ပွဲတော်နဲ့လိုက်ဖက်တဲ့ မုန့်ကိုအချိန်မီလုပ်လိုက်နိုင်ပါတယ်။ ခရစ်စမတ်မှာ မုန့်လုပ်မယ်လို့ ကြံစည်ထားတာ ၂ နှစ်ရှိပါပြီ။ ခုမှပဲ အောင်မြင်သွားတော့တယ်။ ဒီမုန့်က သူငယ်ချင်းတစ်ယောက်အတွက် လက်ဆောင်ပါ။ ပထမဆုံး ခရစ်စမတ်မုန့်လက်ဆောင်ပေါ့။

မုန့်မလုပ်ခင်မှာ log cake ပဲလုပ်ရမလို၊ သီးစုံကိတ်ပဲ လုပ်ရမလိုနဲ့ ဝေခွဲမရဖြစ်နေပါသေးတယ်။ log cake ဆိုရင် ခရင်မ်တွေနဲပို အလုပ်ရှုပ်မှာဖြစ်လို့ ရိုးပြီး အမြင်လှတဲ့ သစ်သီးကိတ်ကိုပဲ ရွေးလိုက်ပါတယ်။ ခရီးကအပြန်ပင်ပန်းနေတာကြောင့် သိပ်ပင်ပန်းမယ်ထင်တဲ့ ဟာမျိုးဆိုမလုပ်ချင်ဘူး ဖြစ်နေတယ်။ ဒီကိတ်ကိုတောင်မှ ၂ ရက်ကြိုပြီးမှ ဖုတ်လိုက်နိုင်ပါတယ်။ အမှန်က ဒီလိုကိတ်မျိုးဆိုရင် သူများတွေ ၁ ပတ်လောက်ကြိုပြီး လုပ်ထားကြပါတယ်။ နဲနဲကြာမှ ပိုပြီးသိပ်သိပ်သည်းသည်းနဲ့ စားကောင်းလို့ပါ။ ကျွန်မကတော့ အချိန်မရတာကြောင့် အနီးကပ်မှဘဲ ကမန်းကတန်းလုပ်ရတာ။ အရသာကတော့ မဆိုးလှပါဘူး။ Rachel Allen ရဲ့ Christmas Cake recipe ကိုမှီငြမ်းပါတယ်။ ဒါပေမယ့်လည်း ကိုယ့်အကြိုက်နဲ့ ကိုယ်လိုတိုးပိုလျော့ပေါ့။

ဒီမှာတော့ ကျွန်မလုပ်ထားတဲ့ အချိုးအဆတွေပဲရေးပေးလိုက်ပါတယ်

ပစ္စည်းများ
  • 8"x8" မုန့်ဖုတ်ဗန်း
  • ဂျုံ ၂၀၀ ဂရမ်
  • သကြား ၁၈၀ ဂရမ်
  • ထောပတ် ၂၀၀ ဂရမ်
  • သစ်သီးခြောက်အစုံအရော - ၂၀၀ ဂရမ်
  • Baking powder - 1/4 tea spoon
  • ကြက်ဥ ၃ လုံး
  • Rum essence - 5 teaspoon

  1. ပထမဆုံး အာဗင်ကို ၁၅၀ ဒီဂရီ အပူပေးထားပါ
  2. သစ်သီးခြောက်တွေနဲ့ ရမ်ကို ရောမွှပေးထားပါ။ ဖြစ်နိုင်ရင် ၁ ညသိပ်ထားပါ။
  3. ထောပတ် နဲ့ သကြားကို ပွလာအောင်မွှေပေးပါ
  4. ပြီးရင် ကြက်ဥကို ၁လုံးချင်းစီ သမအောင်မွှေထည့်ပေးပါ
  5. နောက် ဂျုံနဲ့ ပွဆေးကို စကာစစ်ချပေးပါ
  6. နောက်ဆုံးမှ သစ်သီးခြောက်တွေကို ရောမွှေပေးပါ
  7. မုန့်ဖုတ်ဗန်းထဲ ထည့်ပြီး ၁ နာရီ ကြာအောင်ဖုတ်ပေးပါ။ မုန့်ကျက်မကျက်ကို ဒုတ်ချွန်လေးထိုးပြီး စမ်းပါ။ မုန့်နှစ်ကပ်ပါမလာရင် ကျက်ပါပြီ
  8. မုန့်ကျက်ရင် ဗန်းကို အလူမီနီယံစက္ကူနဲ့ အုပ်ပြီး အအေးခံပါ။ လုံးဝအေးသွားရင် ပလပ်စတစ်အုပ်ပေးပြီး ရေခဲသေတ္တာ ထဲမှာထားပေးပါ။ Almond paste အုပ်တော့မယ်ဆိုမှ ပလပ်စတစ်ကို ဖြုတ်ပေးပါ။






















Almond Paste
  • 250g almond meal
  • 250g caster sugar
  • 1small egg
  • 1egg white
  • 1 egg yolk

Almond meal နဲ့ caster sugar ကို သမအောင်မွှေပေးပါ။ ပြီးရင် ကြက်ဥ ၁လုံးခေါက်ထားတာကို နဲနဲစီရောမွှေပေးပါ။ ခပ်မာမာ မုန့်သားရရင် ရပါပြီ။

 Roll out the paste
 Cover on top (မကပ်ခင်မှာ ကိတ်ကို ကြက်ဥအကာနဲ့ သုတ်ပေးပါ)
 And the whole cake
 Cut the balance almond paste with festive cookie cutters & decorate on the cake (brush egg yolk before pasting them on the cake) . And bake in 180degree preheated oven for 15 to 20 mins

 After baking
 Ready to go
 Merry Christmas to you all

Friday, December 23, 2011

ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ် (Tag post)


courtesy of google image

အားလုံးပဲ မင်္ဂလာပါလို့ နုတ်ဆက်လိုက်ပါတယ်။ ဒီနှစ်  ဒီဇင်ဘာမှာ ပျော်စရာလေးတွေကြုံတာနဲ့ ပို့စ်လေးသပ်သပ်ရေးမယ်လို့ စိတ်ကူးတုန်းမှာ ညီမ ရို့စ်က တဂ်လာတဲ့အတွက် အချိန်ကိုက်လေးဖြစ်သွားပါတယ်။


တနှစ်တာ ကာလလုံးမှာ ကျွန်မအကြိုက်ဆုံးက ဆောင်းတွင်းတွေပါ။ နွေမှာ ဆိုသိပ်ပူသလို မိုးတွင်းစိုစိုစွတ်စွတ်နဲ့ ကျောင်းသွားရတာကို အတော်မုန်းဖူးပါတယ်။ ဆောင်းတွင်းရောက်လို့ ချမ်းချမ်းအေးအေးနဲ့ မနက်စောစောလမ်းလျောက်ရတာဟာ ကျွန်မအနှစ်သက်ဆုံးအရာများထဲက တစ်ခုပါ။ ရာသီဥတုတွေပြောင်းလဲတာနဲ့ အတူမတူတဲ့တဲ အ၀တ်အထည်တွေ ရာသီအလိုက်ဝတ်ရတာတွေကိုလည်း အရမ်းနှစ်သက်ခဲ့တာပေါ့။ ခုလောလောဆယ်တော့ ရာသီဥတုအပြောင်းအလဲ မရှိတဲ့နေရာမှာ ရောက်နေတာကြာပါပြီ။ ဒါပေမယ့်လည်း ဒီဇင်ဘာရောက်လာရင် လူကအလိုလိုကို ပျော်နေတာပါပဲ။ ခရစ်စမတ် သီချင်းတွေနားထောင်ရတာလဲ မြူးမြူးရွှင်ရွှင်နဲ့ စိတ်ကို ကြည်နူးစေတယ်လို့ ထင်မိပြန်ရော။ ငယ်ငယ်တုန်းကတော့ အိမ်ကို သီချင်းလာဆိုကြရင် တော်တော်ပျော်ခဲ့ဖူးတယ်။ ခုတော့ အဲလိုမျိုးလေးတွေ နားမထောင်ရတာတောင် ကြာနေပြီ။ ဟိုးတုန်းက အဖေ၊ အမေနဲ့ အတူ ဆေးရုံမိသားစု ခရစ်စမတ်ဒင်နာတွေလိုက်တက်ရတာဟာလည်း ပျော်စရာအမှတ်တရလေးတွေထဲက တစ်ခုပေါ့။


တကယ်တမ်းတော့ ဒီဇင်ဘာမှာ ကျွန်မအတွက် အမှတ်တရတွေများတဲ့လလို့ ဆိုရပါမယ်။ ကျွန်မရဲ့ အိမ်ဦးနတ်ကြီးရဲ့ မွေးနေ့ကလည်း ဒီဇင်ဘာမှာ ဖြစ်သလို ကျွန်မတို့ ၂ ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည်ဟာလည်း ဒီဇင်ဘာမှာပါဘဲ။ ဒီနှစ်တော့ ဗမာပြည်ကိုလည်း ပြန်ဖြစ်သွားတော့ အမှတ်တရလေးတွေပိုများသွားလို့ ကျွန်မအတွက် မှတ်မှတ်ရရ ၂၀၁၁ ဒီဇင်ဘာလို့ပြောချင်တယ်။ မိဘတွေနဲ့ အတူမင်္ဂလာနှစ်ပတ်လည်ဆုံခွင့်ရခဲ့သလိုပဲ ဖေ့စ်ဘွတ်ထဲက ခင်မင်ရင်းနှီးလာတဲ့ အိမ်ရှင်မလက်ရာက ခင်မင်ခဲ့ရတဲ့ ဟင်းချက်ညီအစ်မတွေနဲ့ အပြင်မှာဆုံဖြစ်ခဲ့ကြတယ်။ ဒါ့အပြင် မနော်ဖောလည်း စင်္ကာပူရောက်တုန်းသတိတရဆက်သွယ်လာလို့ အရမ်းဝမ်းသာရပါတယ်။ ဒါလေးတွေက လက်ရှိကျွန်မအတွက် အမှတ်တရဖြစ်စေတဲ့ အကြောင်းလေးတွေပေါ့။


ရို့စ်မေးထားတဲ့ မေးခွန်းလေးတွေကို ဖြေရမယ်ဆိုရင်....

♥  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
အလှဆင်ချင်တယ်။ ဒါပေမယ့် သိပ်ဆင်လေ့တော့ မရှိပါဘူး။ ဒါပေမယ့် ခရစ်စမတ်နားနီးရင် အလှထားတဲ့ အရုပ်ကလေးတွေ စိတ်ကူးပေါက်သလို ၀ယ်လေ့ရှိတယ်

 ♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
အင်း....ရွေးချယ်ခွင့်သာရှိမယ်ဆိုရင် ဒီဇင်ဘာကိုနှင်းတွေရှိတဲ့ နေရာမှာနေချင်တယ်။ နှင်းတွေနဲ့မှ ခရစ်စမတ်က ပိုအသက်ဝင်မယ်ထင်လို့။ ဒါပေမယ့် နှင်းကျုံးရမှာတော့ ကြောက်သား။



 ♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
အဲလိုမျိုးနေ့မျိုးကို သူငယ်ချင်းတွေအိမ်သွားလည် ချင်တယ်။ ကိုယ်တိုင်ဖုတ်တဲ့ မုန့်တွေလက်ဆောင်ပေးချင်တယ် (ဒီနှစ်တောင် ဖိတ်ထားတဲ့ သူငယ်ချင်းအိမ် ၁ အိမ်သွားစရာရှိတယ် :-)  )


♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
အဲလိုမျိုးတော့ သီးသန့်မပေးဖြစ်ဘူး

♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
ခရစ်စမတ်နီးလာတိုင်းပျော်တာပါဘဲ။ ၁ နှစ်တော့ မှတ်မှတ်ရရရှိဘူးတယ်။ အင်္ဂလိပ်စာ ဆရာမကြီး အိမ်မှာ ဆရာမဦးဆောင်ပြီး သူငယ်ချင်းတွေနဲ့ ဂိမ်းတွေကစားကြပြီး ခရစ်စမတ်ပါတီလုပ်ကြတာ ပျော်မဆုံးဘူး။ ၁၀တန်း အောင်ပြီးကာစ နှစ်လို့မှတ်မိလိုက်တယ်။ ဆရာမကဘိုကပြားဆိုတော့ ၀ိုင်တွေဘာတွေကို သူကိုယ်တိုင်လုပ်တာ။ အဲဒါအပြင် ကျောင်းသား၊ကျောင်းသူတွေနဲ့လည်း ရင်းရင်းနှီးနှီးနေလေ့ရှိတယ်။ ခုတော့ ဆရာမလဲမရှိတော့ပါဘူး။

♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
ချစ်တဲ့ မိသားစုဝင် အားလုံးနဲ့ အတူတူပေါ့

♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
ငယ်ငယ်တုန်းကတော့ countdown လုပ်ရတာကို စိတ်လှုပ်ရှားတယ်။ သူများတွေအော်နေသံကြားရင် ပျော်နေတာပဲ။ ကြီးလာတော့ ကိုယ်နဲ့ သိပ်မဆိုင်သလိုပဲ။ စောစောအိပ်ဖြစ်သွားတာ ၃ ၊ ၄ နှစ်ရှိပြီ။ နိုးလာတော့ နှစ်ကူးနေပြီ

♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
ရှိပါဘူး။ အလည်အပတ်ကတော့ ကြုံသလိုသွားတာပါဘဲ

♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
အဲဒါမျိုးလည်း မရှိပြန်ပါဘူး။



နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။

အချိန်တွေကုန်တာ မြန်လွန်းတယ်၊ အသက်ကြီးတာ မြန်လိုက်တာဆိုတဲ့ ခံစားမှုမျိုးတော့ ရှိတယ်။


♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
တခါတလေတော့ လုပ်ဖြစ်တယ်
Courtesy of google image
ကဲရို့စ်ရေ ခရစ်စမတ်အမီ ရေးလိုက်ပါပြီနော်။ ဘလော့ လာလည်သူများကိုလည်း ပျော်စရာပိတ်ရက်များဖြစ်ပါစေလို့ နုတ်ဆက်လိုက်ပါတယ်။ Christian သူငယ်ချင်းများကိုလည်း Merry Christmas 2011 ပါလို့ နုတ်ဆက်လိုက်ပါတယ်နော်။ နောက်ပို့စ်တစ်ခုမှဘဲ ဗမာပြည်က စားစရာတွေနဲ့ နှိပ်စက်ပါ့မယ် :P. ဒီနှစ် နှစ်သစ်ကူးရုံးပိတ်ရက်မှာတော့ မုန့်လုပ်ဖြစ်အောင်လုပ်မယ်လို့ ကြံစည်ထားပါတယ်