Thursday, January 20, 2011

သီချင်းမိတ်ဆက်- မျှော်လင့်တုန်းပဲ


MusicPlaylistView Profile
Create a playlist at MixPod.com

                                                courtesy of google image
ဒါသီချင်းမိတ်ဆက်လေးပါ။ ကျွန်မညီမ အငယ်ဆုံးဟာ အနုပညာနဲ့ပတ်သက်ရင်အတော် ၀ါသနာပါတယ်လို့ပြောလို့ရပါတယ်။ ကျောင်းပွဲတွေမှာလဲ နှစ်တိုင်းနီးပါးကလေ့ရှိတယ်။ တစ်ခါတစ်လေ အပြင်က ပွဲကြီးတွေမှာလဲ ပါလေ့ရှိတယ်။ ပြီးခဲ့တဲ့နှစ်က နှင်းဆီရင်ခွင်မှာလည်း အကူအညီတောင်းလို့ သွားကလိုက်သေးတယ် ။အဲဒီလိုမျိုးဆိုရင် ကျွန်မကတော့ အမြဲပွဲကြည့်ပရိတ်သတ်ပါဘဲ။ သူလိုတာ နည်းနည်း (နောက်က အ၀တ်လိုက်ခေါက်တာတို့ဘာတို့ ) လိုက်လုပ်ပေးလေ့ရှိတယ်။ ဒါတောင်မှ တစ်ခါတစ်လေမှလုပ်နိုင်တာပါ။  သူက အကအပြင် သီချင်းတွေဘာတွေလဲ စိတ်ဝင်စားတယ် ။ သူက သူကိုယ်တိုင် သီချင်းရေး သံစဉ်တွေရှာလေ့ရှိတယ်။ (ကျွန်မကတော့ သီချင်းတောင် သိပ်ဖြောင့်အောင်မဆိုနိုင်ဘူး။ ) သူက အဆိုတော်ဖြစ်ချင်တာ။

အဲဒါနဲ့ သူရန်ကုန်ခဏပြန်တိုင်းမှာ အချိန်ရရင် ရသလို သီချင်း တွေကို တီးဝိုင်းနဲ့အသံ သွင်းလေ့ရှိပါတယ်။ ခုတင်ထားတာက နောက်ဆုံးတစ်ပုဒ်ပါ။ သီချင်းနာမည်က မျှော်လင့်တုန်းပဲတဲ့ ။ (မနေ့ကတည်းက တင်မလို့ကြိုးစားတာ မရတာနဲ့ ဒီနေ့မှ တင်ဖြစ်သွားတယ် ) နားထောင်ကြည့်ကြပေးပါဦး :-)

Saturday, January 8, 2011

မုန်ညှင်းပေါင်း


ဟိုတလော ၃ရက်ဆက်တိုက်ပိတ်တာနဲ့ မုန်ညှင်းပေါင်းလေးလုပ်စားဖြစ်တယ်။ ဒါ မမိုးကောင်းသူရဲ့ ကျေးဇူးပေါ့။ သူ့ရဲ့လုပ်နည်းလေးနဲ့လုပ်တာ တော်တော့်ကို အဆင်ပြေပါတယ်။ ကျွန်မက မြန်မာပြည် အလည်ပိုင်းနီးပါးက လာတာမို့ မုန်ညှင်းပေါင်းတို့၊ ဟင်းထုပ်တို့ဆိုတာ အရင်က မြင်လည်း မမြင်ဖူး စားလည်းမစားဖူးပါဘူး။ ပဲပုတ်ကို ၂၀၀၈ ဒီဇင်ဘာကမှ စပြီးစားဖူးတယ်ဆိုရင် ယုံကြမလားတော့မသိဘူး။ ခေါပုတ်ဆိုတာကို ကြားဖူးပေမယ့် အရသာမသိသေးပါဘူး။ အမျိုးသားက ရှမ်းပြည်ဖက်က ဆိုတော့အဲဒါမျိုးတွေကို ကြိုက်မှကြိုက်။ ကြိုက်ပေမယ့်လည်း ကျွန်မက အဲဒါတွေနဲ့ အကျွမ်းတ၀င်မရှိလေတော့ သူ့ခမျာသိပ်စားဖို့ အခွင့်မရပါဘူး။ တစ်ခါတလေတော့လည်း ဘလော့တွေထဲက နည်းယူပြီး ချက်ကြည့်တယ်။ ဒါပေမယ့် သူ့စိတ်ကြိုက်တော့ ဖြစ်ဟန်မတူဘူး။ ဘာပဲဖြစ်ဖြစ် အလွမ်းပြေလောက်တော့ဖြစ်ပါတယ်။


ဒီမုန်ညှင်းပေါင်းကြတော့ သူသိပ်မကြိုက်ဘူး။ ဟင်းထုပ်ကို ပိုကြိုက်တယ်တဲ့။ ခက်တာက ဟင်းထုပ်က ဘယ်လိုမှ အဆင်မပြေဘူးဖြစ်နေတာ။ လုပ်တိုင်းအမြဲလိုလို မာသွားလေ့ရှိလို့ လက်လျော့ချင်နေပြီ။ ဆီဘယ်လောက်များများ။ ရေဘယ်လောက်များများထည့်ထည့် မာတဲ့အချိန်အဆက နဲနဲလေးမှ မလျော့ဘူး။ မုန်ညှင်းပေါင်းကျတော့ထူးဆန်းတယ် အဲလိုမဖြစ်ဘူး။ သူလည်းဆန်မှုန့်အတော်ထည့်ရတာပါဘဲ။ ဒါပေမယ့် အဲဒီဆန်မှုန့်က ကျက်သွားရင်လဲမမာဘဲ နူးနူးညံ့ညံ့လေး။ ဘာဖြစ်လို့လဲတော့ မသိပါဘူး။


အဲဒါနဲ့ဘဲ တင်္နလာရုံးပိတ်ရက် အိမ်မှာတစ်ယောက်ထဲရှိတဲ့နေ့မှာ မုန်ညှင်းပေါင်းလုပ်ပြီး မနက်ည ထမင်းလွတ်စားလိုက်တယ်။ မုန်ညှင်းပေါင်းပူပူလေးကို ငရုပ်သီးဆီချက်စပ်စပ်လေးနဲ့စား။ ကော်ဖီလေးသောက်ပြီး စာအုပ်ဖတ်၊ TV ကြည့်ရတဲ့အရသာက ဘာနဲ့မှမတူဘူး။


လုပ်နည်းကို ပြန်ကူးပေးလိုက်ပါတယ်
  • မုန်ညှင်း အသေးတစ်ထုတ်
  • ခရမ်းချဉ်သီး ၁ လုံး (ပါးပါးလှီးထား)
  • ကြက်သွန်နီ ဥကြီး ၁ဥ (နုတ်နုတ်စဉ်းထား)
  • ကြက်သွန်ဖြူ ၃မွှာ (နုတ်နုတ်စဉ်းထား)
  • ငါးပိ လက်ဖက်ရည်ဇွန်းတစ်ဝက်သာသာလောက်
  • ဆန်မှုန့် စားပွဲဇွန်း ၈ ဇွန်း
  • ဆီစားပွဲဇွန်း ၂ဇွန်း
  • ရေ ၆၀ မီလီလီတာ လောက်ရှိမယ်
  • ဆား လက်ဖက်ရည် ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့်အနည်းငယ်
  • ပုဇွန်ခြောက် (တကယ့်လုပ်နည်းမှာ အဲဒါမပါဘူး၊ ကိုယ့်ဘာသာကိုလျောက်ထည့်ထားတာ)
  • ပဲပုတ်ထောင်းထားတာမရှိလို့မထည့်လိုက်ရပါဘူး
အဲဒါတွေကို ဇလုံတစ်ခုထဲမှာထည့်ပြီး နယ်ပေးပါ။ ပြီးရင် အလူမီနီယံ ခွက်ထဲထည့်ပြီး နာရီဝက်ကြာအောင်ပေါင်းပေးပါ။ ပေါင်းနေတုန်းမှာ သူနဲ့တွဲစားဖို့ ငရုတ်သီးကိုပြင်လိုက်ပါတယ်။ ဆီကိုပူအောင်လုပ်ပြီး ငရုတ်သီးခွဲကြမ်းမှုန့်ထဲကိုလောင်းထည့်လိုက်ပြီး ဆားနဲနဲထည့်လိုက်တာပါဘဲ။ ဒါဆိုအဆင်သင့်ဖြစ်ပါပြီ





မပေါင်းခင်


ပေါင်းပြီး

စားရန်အသင့်ပါ