Sunday, February 26, 2012

ဖက်ထုပ်ပေါင်း

 ဒါကတော့ ရန်ကုန်ဖက်ထုပ်ပေါင်းကို စားချင်လွန်းလို့ အိမ်မှာ စမ်းထားသောဖက်ထုပ်ပေါင်းပါ။ တခြားနေရာက ဖက်ထုပ်ပေါင်းကတော့ ဘယ်လိုမျိုးလဲမသိဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ရန်ကုန်ပြန်တုန်းက စကော့ဈေးမှာ သွားစားလာတဲ့ ဖက်ထုပ်ပေါင်းကို သဘောကျလို့ အဲဒီပုံအတိုင်း လုပ်ကြည့်လိုက်တာ။ စားလို့တော်တော်ကောင်းပါတယ်။ 

ဖက်ထုပ်လုပ်ရန် (သိပြီးသားဖြစ်မှာပါ။ အရင်တုန်းက ကြက်သားပေါင်း လုပ်တဲ့ နည်းနဲ့ ခပ်ဆင်ဆင်ပါဘဲ)
  • ကြက်ရင်ပုံ အသား ၂ ခု (နုတ်နုတ်စဉ်းထား)
  • ကြက်ဥအကာ ၁ ခု
  • မှိုခြောက် ၂ ခု (ရေစိမ် နုနုတ်စဉ်းထား)
  • ဆန်ဝိုင် လက်ဖက်ရည် ၂ ဇွန်း
  • ကော်မှုန့် လက်ဖက်ရည် ၁ ဇွန်း
  • ဆား လက်ဖက်ရည် ၁ ဇွန်း
  • အချိုမှုန့်အနည်းငယ်
  • သကြားအနည်းငယ်
  • ငရုပ်ကောင်းအနည်းငယ်
  • နှမ်းဆီ  လက်ဖက်ရည် ၂ ဇွန်း

အဲဒါတွေအားလုံးရောနယ်ထားလိုက်ပါ။
ပြီးရင် ဖက်ထုပ်လုပ်တဲ့ ဖက်ကလေးတွေနဲ့ တစ်ခုချင်းစီ သေချာထုပ်ပါ။
 ဒါဆိုရပြီ။
ပုံမှာပါတဲ့ ကြက်သားအတွက်ကတော့ pressure cooker မှာ ကြက်ပေါင် ၁ ခုကို ပဲငံပျာရည် အကြည်၊ အနောက်၊ နှမ်းဆီ၊ ငရုပ်ကောင်း နဲနဲ နဲ့ မိနစ် ၂၀လောက်ပေါင်းထားလိုက်ပါတယ်။ ဖက်ထုပ်တွေကိုလည်း ရေနဲနဲဖြန်းပြီး ၁၅ မိနစ်လောက်ပေါင်းပေးပါ။ ဒါမှ မဟုတ်လဲ ရေနွေးဆူဆူထဲ ၅ မိနစ်လောက်ပြုတ်လိုက်ပါ။ 

ပွဲပြင်တော့မယ်ဆိုရင် ကြက်သားကို အလည်မှာထည့်  ကြက်သားပေါင်းထဲက ဆီ၊ရေ လေးတွေထည့် ဘေးမှာ ခုနက ပြုတ်ထားတဲ့ ဖက်ထုပ်လေးကိုထည့်ပြီး  ကြက်သွန်မိတ်၊ ကြက်သွန်နီကြော်လေးဖြူးလိုက်ရင် ရပါပြီး နှမ်းဆီနံ့မွေးမွေးလေးနဲ့ စားလို့ကောင်းပါတယ်



Sunday, February 12, 2012

ဗယ်လင်တိုင်း + မွေးနေ့ အမှတ်တရ




ဒီနှစ်ဗယ်လင်တိုင်းကတော့ ကိုယ်တစ်ယောက်ထဲ ပျင်းခြောက်ခြောက်ပါပဲ။ အကြောင်းကတော့ ချစ်သော အိမ်ဦးနတ်က အဝေးခဏရောက်နေလို့ပါဘဲ။ ၂ ယောက်ရှိတဲ့ နှစ်တွေကြတော့လည်း ဗယ်လင်တိုင်းနေ့ လုပ်သလားဆိုတော့ မလုပ်ဖြစ်ပြန်ပါဘူး။ ၁ နှစ်တော့ အမှတ်တရ ရှိခဲ့ဖူးတယ်။ ကျွန်မကလည်း အဲဒီနေ့တွေမျိုးကို မရူးသွပ်တတ်တာလည်း ပါမှာပေါ့လေ။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် နဲ့ နားလည်မှုရှိဖို့ပဲ မဟုတ်လား။ Celebrate သာလုပ်တတ်မယ်ဆိုရင်တော့ ပိုပြီးပျော်စရာ၊ ရင်ခုန်စရာ ကောင်းနေမယ်ထင်ပါတယ်။ :-) ကျွန်မကတော့ ထုံးစံအတိုင်းမုန့်လုပ်ဖို့ အကြောင်းရှာနေတဲ့သူဆိုတော့ တိုက်ဆိုင်ဆိုင်မဆိုင်ဆိုင် အတင်းကိုလိုရာဆွဲပြီး မုန့်လုပ်တော့တာပါပဲ ။ နောက်ဖြစ်ချင်တော့ အမေ့မွေးနေ့ကလည်း ဖေဖော်ဝါရီ ၁၆ ရက်ဆိုတော့ မုန့်လုပ်ဖို့အကြောင်းက ပိုကခိုင်လုံသွားရော။ ဒါပေမယ့်လည်း အမေလည်း ဗမာပြည်မှာပါဘဲ။ အဲဒီတော့ ကိုယ့်ဘာသာကိုယ်မုန့်လုပ် ကိုယ့်ဘာသာကိုယ်အားပေးပေါ့လေ။  အမှတ်တရလေးတွေတော့ရှိပါတယ် ဒါပေမယ့် အမှတ်တရအလုပ်ခံမယ့်လူတွေက လောလောဆယ် ကိုယ့်နားမှာ တစ်ယောက်မှ မရှိဘူး ဖြစ်နေတယ် :D  (စဉ်းစားမိတာက အမေဟိုခေတ်မှာ မွေးလို့ ခုခေတ်တွေမှာများ လူဖြစ်လို့ ဆက်ကျော်သက်အရွယ်ဆိုရင်တော့ celebrate လုပ်လို့ကောင်းလိုက်မယ့် ဖြစ်ချင်းလို့ တွေးဖူးတယ်။ ဟုတ်တယ်လေ ရက်ကကြည့်ဦး ၂ ရက်ပဲကွာတယ်)

အဲဒါနဲ့ပဲ အမှတ်တရနေ့ ၂ခုပေါင်းပြီး မုန့်တစ်လုံးဖြစ်သွားပါလေရောလား
မုန့်တွေဘာလုပ်ရမလဲလို့ စဉ်းစားပြီးတဲ့ အခါမှာ နောက်ဆုံး အ၀သက်သာမယ်ထင်တဲ့ ဒီမုန့်ကိုလုပ်ဖြစ်သွားပါတယ်။ သိပ်လည်း အများကြီးမလုပ်ရဲဘူး။ အမာခံ ပရိတ်သတ်မရှိတော့ မကုန်မချင်း တစ်ယောက်ထဲစားရမယ့် အရေးကိုတွေးမိလို့။ ခါတိုင်းလို ပမာဏကို ဂရုမစိုက်ပဲ မနေရဲဘူး။ သေးသေးစားချင်တော့ အကြံထုတ်ရတယ်။



ဒါလေးတွေက မုန့်လုပ်မယ့် ပစ္စည်းလေးတွေ။ ဗယ်လင်တိုင်းဆိုတော့လည်း အသည်းပုံပေါ့။ တစ်ဆင့်ချင်းစီတော့ ဓာတ်ပုံမရိုက်လိုက်နိုင်ဘူး။ ရသလောက်ပေါ့





ဒါလေးတွေ မုန့်မဖုတ်ခင်၊ ဖုတ်ပြီး နဲ့ အသဲပုံဖြတ်ထားတာ။ ပြီးတော့မှ whip cream နဲ့ တစ်လွှာခြင်းစီ အလှဆင်တာ (အဲဒီ အဆင့်တွေတော့ မပါတော့ဘူး လက်မအားလို့ မရိုက်လိုက်ရလို့)။

ကိတ်မုန့်လုပ်နည်း
  • ကြက်ဥ  ၁၂၆ ဂရမ်
  • သကြား ၅၀ ဂရမ်
  • ပျားရည် ၁၉ ဂ၇မ်
  • ဂျုံ ၅၀ ဂရမ်
  • ပွဆေး လက်ဖက်ရည် ဇွန်းထက်ဝက်
  • နို့ ၁၉ ဂရမ်
  • ဆီ ၁၂ ဂရမ် 

(အိမ်က ဗန်းက ၁၀လက်မ x ၁၀လက်မဗန်းပါ)

  1. သကြား၊ ကြက်ဥ၊ပျားရည် ရယ်ကိုရောပြီး ribbon like stage ရောက်တဲ့အထိ မွှေပေးပါ။
  2. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုထည့်ပြီး သမအောင်မွှေပေးပါ။
  3. နောက်ဆုံးမှ ဆီ+ နို့ကိုရောမွှေပြီးထည့်ပေးပါ။ အရောင်နဲ့ အနံ့အတွက် ဗနီလာ (လက်ဖက်ရည် ဇွန်း ထက်ဝက်) နဲ့ အနီရောင်ဆိုးဆေး ၁စက်လောက်ကိုထည့်ပြီး ရောမွှေပါ။
  4. ၁၈၀ ဒီဂရီမှာ ၈မိနစ်ဖုတ်ရင်ရပါပြီ။ 
  5. ပြီးမှ လိုသလို လှီးဖြတ်ပြီး ခရင်မ်တစ်လွှာစီ ထည့်ပေးပြီး အအေးခံ ပြီးရင် ရပါပြီ။ ဘယ်လိုတစ်လွှာခြင်းစီ ထည့်ရမယ်ဆိုတာ ကိုကြည့်ချင်ရင် အရင်က ပို့စ်မှာ ကြည့်လိုက်နော်။
ခုတော့ လုပ်ပြီးသားပုံလေးတွေပဲ တင်တော့မယ်။

အသည်းလေးကွဲသွားပြီ :D :D

ဒါလေးတွေကတော့ မနေ့ကရှော့ပင်းထွက်တုံး ရလာတာလေးတွေ။ မနေ့က Raffel city မှာပတ်ရင်း Laneige က ၈၀% bazzar sales ဆိုလို့ဝင်ကြည့်တာ အခန်းသေးသေးလေးထဲမှာ ခိုးကြောင်ခိုးဝှက်လေးရောင်းနေတာ။ ဈေးတွေကတော့ တော်တော်သက်သာတယ်။ အဲဒီ နုတ်ခမ်းနီ ၂ဗူးမှ ၁၅ကျပ်ပဲ။ နောက်ကပုလင်းလေးတွေက makeup remover ၁၀ပုလင်းကို ၅ ကျပ်။ အတူသွားတဲ့ ညီမလေးကို ၅ ပုလင်းပြန်ခွဲပေးလိုက်တယ်များနေတာနဲ့။ ဘာရယ်မဟုတ် အဲလိုပစ္စည်းလေးတွေကို တိုးဝှေ့ဝယ်ရတာလဲ ပျော်တာပါပဲ။ 



အားလုံးပဲ ပျော်စရာ ဗယ်လင်တိုင်း ဖြစ်ပါစေနော်။

Thursday, February 2, 2012

မှိုပေါင်း



နာနတ်သီးမုန့်လုပ်ပြီးကတည်းက ငြိမ်နေတာကြာပါပြီ။ ဟင်းတွေကတော့ အမြဲမဟုတ်ရင်တောင် ၁ပတ်မှာ ၂ ခါ (သို့) ၃ခါ ချက်ဖြစ်တယ်။ ဒါပေမယ့်လည်း ချက်ဖူးသမျှတွေချည်းပဲ ဆိုတော့ဘလော့ထဲကို မရောက်ဘူးပေါ့။ ဒါနဲ့ပဲ ဘလော့မှာ တင်ဖို့ အကြံထုတ်ရပါတယ်။ နောက်တော့ ချော (အစိမ်းရောင်လွင်ပြင်) ရဲ့ မှိုပေါင်းလေးကို သွားတွေ့တယ်။ အဲဒါလေး ပြန်လုပ်စားကြည့်တာလည်း စားကောင်းတာမို့ သူ့မှိုပေါင်းလုပ်နည်းကို ပြန်မျှလိုက်ပါတယ်။ လုပ်နည်းလေးက လွယ်လွယ်လေးနဲ့ အချိန်ကုန်သက်သာပါတယ်။






 ရွှေအပ်မှိုလေးတွေကို ကျူဆိုင်နဲ့စည်း။ ဆော့စ်ပြင်။ အဲဒါကလည်း လွယ်ပါတယ်နော်။ ပဲငံပျာရည်၊ သကြား၊ နှမ်းဆီ ကိုရော (လိုချင်တဲ့ အရသာကို ကိုယ့်ဘာသာကိုယ် စပ်ယူပါ) ပြီး ငရုပ်သီး၊ကြက်သွန်ဖြူ၊ကြက်သွန်မိတ် လှီးထည့် ပြီးအဲဒီမှိုတွေပေါ်လောင်းလိုက်။ ပြီးရင် ၁၀မိနစ်လောက်ရေနွေးဆူဆူမှာပေါင်း။ ဒါဆိုရပြီ။




ဒါကပေါင်းအပြီး။ အမြင်လည်းလှသလို စားလို့လည်းကောင်းပါတယ်။




ဒါကအရင်နေ့ကချက်စားတဲ့ အမဲသားလုံးဟင်း။ အမဲသားကို ဒီလိုမျိုးချက်တာလည်း စားကောင်းတယ်။

**** ထပ်ဖြည့်ထားတာ *****အမဲသားကြိတ်ပြီးသားလေးတွေကို ဂျင်းနဲ့ကြက်သွန်ဖြူ  ညက်ညက်ထောင်းနဲ့ရော၊ ကြက်ဥ၁လုံးပါထည့်၊ ဆားအချိုမှုန့်ရောနယ်ပြီး အရွယ်တော်လေးတွေလုံးထားလိုက်တယ်။ ပြီးရင် ကြက်သွန်နီ(ပါးပါးလှီး)၊ ကြက်သွန်ဖြူဂျင်း (ညက်ညက်ထောင်း)  ကိုဆီသတ် (စိတ်ရှည်လက်ရှည်ဆီသတ်ပါ) ပြီး ကြက်သွန်နီကြော်လေးတွေ တော်တော်နွမ်းစပြုပြီဆိုရင် ခရမ်းချဉ်သီး အသေး၁လုံးကို ဘလန်ဒါနဲ့ ကြိတ်ပြီးထည့်ပါတယ်။ ငရုပ်သီးအရောင်တင်နဲနဲ၊အပေါ့အငံအတွက် ငံပျာရည်ထည့်ပြီး ဆီပြန်အောင်ထားပါ။ ဆီပြန်လာမှ ခုနက အမဲသားလုံးလေးတွေထည့်ပြီး ၁၀မိနစ်လောက် ထပ်တည်ရင် ရပါပြီ။ အမဲသားကကြိတ်ထားပြီးသားဆိုတော့ ခဏလေးနဲ့ ကျက်ပါတယ်


ဒါကတော့ နာနတ်သီးမုန့် နောက်ဆက်တွဲများ။ သူငယ်ချင်းတွေ အတွက်လုပ်သွားတာ