Sunday, February 27, 2011

Profiterole

မုန့်တွေမတွေ့တာကြာလို့ မုန့်မျှော်နေသူများအတွက် cream puff မုန့်လုပ်ပြီး တင်လိုက်ပါတယ်။ ဒါကို Profiteroleလို့လည်း ခေါ်ကြပါတယ်။ ပြောရမယ်ဆိုရင် အသံတောင်သေချာမထွက်တတ်ဘူး။ Cream Puff (သို့) Eclair နဲ့ဆင်တဲ့ မုန့်လို့ပဲ သိထားတာ။ Internet မှာရှာကြည့်လိုက်တာ အဲဒီလို ထွက်လာလို့ အဲဒီနာမည်ကူးရေးပေးလိုက်တာ။   လုပ်နည်းက Rachel Allen ရဲ့ မုန့်လုပ်နည်း အစီအစဉ်က ကူးထားတာပါ။ အဲဒီလိုမုန့်မျိုးကို မရှင်လေးဆီမှာလဲ တစ်ခါက တွေ့လိုက်ဖူးပါတယ်။ အရမ်းလွယ်ပြီး စားလို့ကောင်းလို့ လုပ်သမျှပထမတစ်ဗန်း ချက်ခြင်းကုန်ပါလေရောလား။  အလယ်ကထည့်တဲ့ Custard က မအီပဲ တော်တော်စားလို့ကောင်းပါတယ်။ နောက်ခဏခဏလုပ်ဖြစ်မှာမြင်ယောင်နေပါတယ်။


ပါဝင်ပစ္စည်းများ
  • ကြက်ဥ ၂ လုံး
  • ဂျုံ ၇၅ ဂရမ်
  • သကြား စားပွဲဇွန်း ၁ဇွန်း
  • ရေ ၁၂၅ ဂရမ် 
  • ထောပတ် ၄၅ ဂရမ်

  1. ပထမဆုံး ဂျုံကို စကာချပြီး သကြားနဲ့ရောမွှေထားပါ။ 
  2. ရေနဲ့ ထောပတ်ကို ရောပြီး ဆူအောင်တည်ပါ။ ဆူပြီဆိုတာနဲ့ ခုနက ဂျုံ၊သကြားအရောကို လောင်းထည့်ပြီး သမအောင်မွှေပါ။ ပြီးရင် ၅ မိနစ်ခန့် အအေးခံပါ
  3. အေးသွားပြီဆိုရင် ကြက်ဥကို ၁ လုံးစီရောမွှေပေးပါ။ တစ်လုံးသမအောင်မွှေပြီးမှ နောက်တစ်လုံးထည့်ပါ။
  4. ပြီးရင် ဗန်းပေါ်မှာ pipe နဲ့ ပုံစံအသေးလေးတွေသွင်းပြီး ၁၉၀ ဒီဂရီမှာ ၁၀မိနစ်ဖုတ်ပါ။ နောက် အပူချိန်ကို ၁၇၀ဒီဂရီလျော့ချပြီး ၁၃ မိနစ်ဖုတ်ပေးပါ။ Oven ထဲက ထုတ် အပေါက်ကလေးတွေ ဖောက်ပြီး ၂ မိနစ်လောက် ၁၇၀ ဒီဂရီမှာ ထပ်ဖုတ်ပေးပါ။ ဒါဆိုရပါပြီ။ 

အအေးခံနေတုန်း Custard ကိုလုပ်ပါမယ်
custard power - ၁ဇွန်း
သကြား ၁ ဇွန်းခွဲ
နို့ ၂၅၀ မီလီလီတာ

သကြားနဲ့ custard power ကိုရောလိုက်ပါ။ ပြီးရင် နို့ ၁ဇွန်းထည့်မွှေပေးပါ။ ကျန်တဲ့ နို့တွေကို မီးပေါ်မှာဆူကာနည်းအထိတည်ပေးပါ။ နောက် ခုနက သကြား၊ custard power၊ နို့ရောထားတဲ့ အထဲထည့်မွှေပေးပါ။ ပြီးရင် မီးပေါ်ပြန်တင်ပြီး ဆူအောင်ကြိုပေးပါ။ အဆက်မပြတ်မွှေပေးရပါမယ်။ ပျစ်လာပြီဆို မီးပေါ်က ချပြီး အအေးခံပါ။ မြန်မြန်ရချင်လို့ ရေခဲသေတ္တာထဲ ထည့်လိုက်ပါတယ်။ custard အေးသွားရင် မုန့်လေးတွေထဲ ထည့်လို့ရပါပြီ။ ဒါဆိုရင် စားဖို့အသင့်ဖြစ်ပါပြီ :-)

Thursday, February 24, 2011

Sweet Lassi - ဒိန်ချဉ်




လုပ်ရတာ အရမ်းလွယ်တဲ့ ဒိန်ချဉ်ပါ။ ဒါကိုများ ဆိုင်တွေမှာ 3- 4 $ နဲ့ရောင်းကြသေးတာ။  လုပ်နည်းက  plain yogurt နဲ့ နွားနို့ဆတူရော၊ သကြားကို လိုသလိုထည့်ပြီး blender ထဲထည့်မွှေလိုက်ရင် ရပြီ။ အိမ်မှာဖျော်တုန်းက အချိုးအဆကိုရေးပေးလိုက်မယ်နော်။

Plain Yogurt - 250ml
Low Fat Milk - 250ml
Sugar - 4 Table Spoons

အဲဒါတွေအားလုံးကိုရောမွှေလိုက်ရင် ဆိုင်က ရောင်းတဲ့ ဒိန်ချဉ်အတိုင်းကို ရပါတယ်။



နောက်တစ်မျိုး အချိုပွဲက သစ်တော်သီးနဲ့ ဒိန်ချဉ် အချိုကိုရောထားတာပါ။ ဒီဒိန်ချဉ်ကတော့ ဆိုင်ကဗူးနဲ့ အသင့်ဝယ်ထားတာ ဘာမှ ပြင်စရာမလိုပဲ တစ်ခါထဲ ထည့်စားလိုက်ရုံပဲ။ တစ်လောက စာအုပ်ထဲမှာ ဖတ်ဖူးလိုက်တာ နေ့တိုင်းဒိန်ချဉ် စားပွဲဇွန်းတစ်ဇွန်း စားပေးရင် ၀ိတ်ကျတယ်ဆိုလားပဲ။ စိတ်ဝင်စားရင် စမ်းကြည့်ကြပါ။



Sunday, February 20, 2011

အမဲနှပ် ၊ သီးစုံပဲကုလားဟင်း

စာမေးပွဲနီးနေသူအတွက် အထူးချက်ပေးသော အမဲနှပ်ပါ။  အမဲသားကို ရေဆေး၊ အတုံးသေးသေးတုံးပြီး ဂျင်း၊ဆား၊သကြားနဲနဲ နဲ့ ဒိန်ချဉ် စားပွဲဇွန်း၁ ဇွန်းထည့်ပြီး ညကတည်းက နှပ်ထားပါတယ်။

ဆီပူအောင်တည်ပြီး ဂျင်း၊ကြက်သွန်ဖြူ ကြိတ်ထားတာကို ဆီသတ်ပါ။  ဟင်းခတ်အမွှေးအကြိုင်များ (နာနတ်ပွင့်၊ ဇီယာ၊ သစ်ဂျပိုးခေါက်၊ လေးညှင်း) ကိုပါထည့်ပြီး ဆီသတ်ပေးပါ။ ကြက်သွန်ဖြူ၊ ဂျင်း  အညိုရောင်နဲနဲသန်းစပြုရင် ငရုပ်သီးမှုန့်၊ ဆနွင်း၊ အချိုမှုန့် ထည့်ပေးပါ။ ပြီးရင် အမဲသားနှပ်ထားတာကို ထည့်ပြီး ၃ မိနစ်လောက်ကြော်ပေးပါ။ ပြီးရင် ကြက်သွန်နီလှီးထားတာကိုရောမွှေပြီး အသားမြုပ်ရုံရေထည့်ပြီး ပေါင်းအိုးထဲပြောင်းပေးပါ။ နာရီဝက်ဆိုရင် ရပါပြီ။  ဟင်းအိုးချကာနီး ပဲငံပျာရည် အကြည်တစ်ဇွန်းလောက်ထည့်မွှေပေးပါတယ်။  ပြီးရင် ဟင်းခတ်မဆာလာ ထည့်ပြီးရင် စားဖို့အသင့်ဖြစ်ပါပြီ။

အမဲသားနဲ့လိုက်အောင် သီးစုံကုလားဟင်းပါချက်လိုက်တယ်။ ပဲကို သပ်သပ်နူးအောင်တည်ထားပါတယ်။ အသီးအနှံတွေကို အရင်ဆီသတ်ပြီးမှ ပဲနဲ့ရော၊ ရေထည့်ပြီး နူးအောင်တည်ပါတယ်။  အာလူးနူးပြီဆိုမှ ဆား၊ မန်ကျည်းသီးအနှစ်နဲနဲထည့်ပါတယ်။ ဆူရင်ရပါပြီ

Thursday, February 17, 2011

အချိုပွဲ

 
 
ဒါတွေက တရုပ်စာ အချိုပွဲတွေလို့ပြောလို့ရပါတယ်။ အရင်တုန်းက ဒါမျိုးတွေမကြိုက်တတ်ဘူး။ မတွေ့ဖူးတာလဲပါတယ် ၊ ဗမာပြည်အလယ်ပိုင်းမှာ ဒါမျိုးဘယ်ရှိပါ့မလဲနော်။ ကျွန်မအမျိုးသားကတော့ တရုပ်စပ်ပြီး ရှမ်းပြည်နယ်က ဆိုတော့ဒီလို အချိုပွဲမျိုးတွေဟာ သူ့အတွက်တော့ အထူးအဆန်းမဟုတ်ပါဘူး။ ဒါတွေစားတတ်လာတာ သူ့ကြောင့်ဆိုရင်လည်မမှားပါဘူး။ ကျွန်မက ဒီမှာသာအနေကြာတာ အဲလိုဖြူနေတဲ့အစားအသောက်ဆို မတို့ရေးချမတို့ (အဲလိုညဉ် မကောင်းတာ၊ မစားဖူးတဲ့အစားဆိုရင် စမ်းစားဖို့ကို အင်မတန်မှဝန်လေးတာ။ တစ်ခါတစ်လေ အရောင်ကြည့်ရုံနဲ့မစားတာမျိုးတွေလည်း ခဏခဏ- ခုတော့အဲဒါတွေပျေက်သလောက်ဖြစ်နေပါပြီ ) ခုလည်း သူအတင်းကျွေးလို့စားရင်း နဲ့ကြိုက်သွားတာ အခုကိုယ်တိုင် ရှာဖွေလုပ်တဲ့အဆင့်အထိပါဘဲ။
 
ဒါကတော့ Tofu-fa လို့ဒီမှာခေါ်ကြတယ်။ ပဲနို့ခဲကို ထန်းလျက်အရည်နဲ့ တွဲစားတာ။ လိုချင်တဲ့ အနေအထားရောက်ဖို့ ၂ ခါ ၃ခါလုပ်လိုက်ရတယ်။ NTUC မှလည်း ရှိပါတယ်။ ဒါပေမယ့် ထုံးစံ အတိုင်း ကိုယ်တိုင်လုပ်ရမှ ကျေနပ်တာမို့ internet ထဲက လုပ်နည်းရှာပြီး စမ်းလုပ်လိုက်ပါတယ်။ လုပ်နည်းကအတော့်ကိုလွယ်ပြီး အရသာကလည်းမဆိုးဘူးလို့ပြောလို့ရတယ်။ ပဲနို့ကတော့ ဆိုင်ကဟာပဲဝယ်တာပါ။ ဆိုင်ကဆိုတော့ ထုံးစံအတိုင်း အထားခံအောင် ဟိုရောဒီရောပေါ့။ ပဲနို့အစစ်နဲ့လုပ်နိုင်ရင် ပိုကောင်းပါတယ်။ အလုပ်ရှုပ်မခံချင်တာနဲ့ပဲ ဆိုင်ကပဲနို့တစ်ဗူးဆွဲပြီး စမ်းကြည့်လိုက်ပါတယ်။
 
ပဲနို့ ၂ခွက် (၁ခွက်= ၂၅၀ မီလီလီတာ)
Gelatin - 3 teaspoon
 
Gelatin ကို ရေ ထမင်းစားဇွန်းနဲ့ ၃ ဇွန်းနဲ့ရောဖျော်ထား။ ပွလာအောင်စောင့်ပါ။ ပဲနို့ကို ဆူအောင်တည်၊ ဆူရင်မီးပိတ်ပြီး Gelatinဖျော်ထားတာကို သမအောင်ရောမွှေ။ ဆီသုတ်ထားတဲ့ခွက်တွေထဲထည့်ပြီး အအေးခံ (ရေခဲသေတ္တာ ထဲမှာ)ပါ။ စားခါနီး ထန်းလျက်ရည်ကို ကျဲကျဲလေးဖျော်ပြီး ပဲနို့ခဲပေါ်ကို လောင်းထည့်ပြီးစားပါ။

 
 
နောက်တစ်မျိုးက ဘာလီစေ့ကိုနို့၊ သကြားထည့်ပြီး ကျိုတာပါ။ ကျန်းမာရေးနဲ့ညီညွှတ်တယ် ပြောတာပါဘဲ။ ဒီအနေရောက်အောင် အတော်တော့ ကျိုလိုက်ရတယ်။ အနည်းဆုံး ၃ နာရီလောက်တော့ ရှိမယ် ထင်တာပဲ။

Tuesday, February 15, 2011

ငါးအချိုပေါင်း

ငါးဆိုရင် အိမ်မှာသိပ်ချက်လေ့မရှိပါဘူး။ ငါးဟင်းလည်း သိပ်မကြိုက်တာနဲ့ တစ်ခါတစ်လေမှ ချက်လေ့ရှိတယ်။ ဒီတစ်ခါတော့ ငါးပေါင်းလုပ်နည်းလေးရထားတာနဲ့ လုပ်စားကြည့်လိုက်တာ တော်တော်လွယ်ပြီး အရသာရှိပါတယ်။ စုစုပေါင်း ၁၅ မိနစ်လောက်ပဲကြာတယ်။ အဲဒီငါးပေါင်းထဲက ဆော့စ်ချိုချိုငံငံကို ကြိုက်လို့ လုပ်နည်းရှာနေတာကြာပါပြီ။ ခုမှပဲ ရတော့တယ်

တီလားပီးယားငါးကိုပေါင်းထားတာပါ။ အရိုးနည်းတဲ့ တခြားငါး ဥပမာ Yellow Tail Fusilier (ဗမာလိုဘယ်လိုခေါ်လဲမသိ) ငါးကိုသုံးလည်း ရပါတယ်။ သူက ပိုတောင် အသားများပြီး ချိုသလိုပဲ။ အိမ်မှာတော့ ပထမတစ်ခါလုပ်စားပြီးလို့ ကြိုက်လို့ထပ်လုပ်စားဖြစ်တော့ ဓာတ်ပုံတော့ မရိုက်ထားလိုက်ဘူး။ နောက်လည်း ခဏခဏလုပ်စားဖြစ်မယ့် ဟင်းတစ်မျိုးပါ။

ပထမဆုံးငါးကို အနံ့ပျောက်အောင် မန်ကျည်းမှည့်နဲ့ သေချာဆေးပါတယ်။  ပြီးရင် ငါးပေါင်းမယ့် ပန်းကန်ထဲမှာထည့် Chinese Cooking Wine တစ်ဇွန်းကို ငါးပေါ်လောင်း၊ ဂျင်းပါးပါးလှီးတာကို ငါးပေါ်တင်ပြီး ၆-၈ မိနစ်လောက်ပေါင်းပါတယ်။ ငါးပေါင်းနေတုန်းမှာ sauce ကိုပြင်ပါမယ်

  • ပဲငံပျာရည် အကြည်- စားပွဲဇွန်း ၄ ဇွန်း
  • ဟင်းချက်ဝိုင်ဖြူ (တရုပ်တွေသုံးလေ့ရှိတဲ့ ဆန်နဲ့လုပ်ထားတဲ့ဝိုင်ပါ) - စားပွဲဇွန်း ၂ ဇွန်း
  • ရေ - စားပွဲဇွန်း ၂ ဇွန်း
  • နှမ်းဆီ အနည်းငယ်
  • ငရုပ်ကောင်း အနည်းငယ်
  • သကြား -လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ဒါက မိမိကြိုက်သလိုလိုတိုး ပိုလျော့လုပ်ပါ)

  1. ဒါတွေအားလုံးကိုရောထားလိုက်ပါ။
  2. ငါးရပြီ ဆိုရင် ငါးကထွက်လာတဲ့ရေတွေ အားလုံးကို သွန်ပြစ်ရပါမယ်။ မနှမြောပါနဲ့။ နို့မို့ဆို ငါးညှီနံ့ရရင် စားလို့မကောင်းပါဘူး။ တင်ထားတဲ့ ဂျင်းတွေကိုလည်း ပြစ်လိုက်ပါ။
  3. ပြီးရင် ဆီစားပွဲဇွန်းတစ်ဇွန်းကို အပူပေးပြီး ငါးပေါ်ကိုလောင်းလိုက်ပါ။  (အရောင်စိုစိုလေးနဲ့ ပိုပြီး လှစေတယ်ပြောတာပဲ)
  4. အဲဒီ ဆီအိုးကို သုံးပြီး ခုနကရောထားတဲ့ ဆော့စ်ကို ဆူအောင် အပူပေးပါ။ ဂျင်းကို လည်း ပါးပါးလှီးပြီး ဆော့စ်ထဲကို ထည့်ပါ။
  5. ဆူတာနဲ့ ငါးပေါ်လောင်းပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ။ ချက်ခြင်းစားမှကောင်းမှာပါ။ အေးသွားရင်မကောင်းပါဘူး။
 အိမ်မှာသုံးတဲ့ Rice Wine ပါ ( Courtesy of Google Image)