Showing posts with label Muffin. Show all posts
Showing posts with label Muffin. Show all posts

Wednesday, April 1, 2015

Chocolate Chip Muffins




လက်ဖက်ရည် သောက်ချိန်အတွက်ပဲ ဖြစ်ဖြစ်..မနက်စာအတွက်ပဲ ဖြစ်ဖြစ် အဆင်ပြေမယ့် လွယ်ကူမြန်ဆန်တဲ့ Muffin လေးတွေလုပ်ကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

  • ရိုးရိုးဂျုံ - ၂၂၀ ဂရမ်
  • ဘိတ်ကင် ပေါင်ဒါ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဘိတ်ကင်ဆိုဒါ - လက်ဖက်ရည် ဇွန်းတစ်ဝက်
  • ကိုကိုးပေါင်ဒါ - စားပွဲဇွန်း ၂ ဇွန်း
  • သကြား - ၁၅၀ ဂရမ်
  • ချောကလက်စေ့အနည်းငယ်
  • နွားနို့ - ၂၀၀ ဂရမ်
  • ဆီ - ၈၀ ဂရမ်
  • ကြက်ဥ ၁ လုံး
  • ဗနီလာ အနံ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မညက်တစ်ညက်ဖြစ်အောင် ကြိတ်ထားသော Almond စေ့အနည်းငယ်


ပြုလုပ်နည်း

  • ဂျုံ၊ ဘိတ်ကင်ပေါင်ဒါ၊ ဆိုဒါ ကိုကိုးမှုန့်များကို စကာချကာ ဇလုံအကြီးတစ်ခုထဲ ထည့်ပါ။
  • သကြားများကို လည်းရောမွှေကာထည့်ပေးပါ။
  • ထို့နောက် အရည်ပစ္စည်းများဖြစ်သည့် နို့၊ ဆီ၊ကြက်ဥ များကို ရောမွှေကာ ထိုဇလုံထဲသို့လောင်းထည့်ကာ သမအောင်မွှေပါ။


  • ချောကလက်စေ့များလည်း ထည့်မွှေကာ Muffin ခွက်များထဲသို့ တစ်ဝက်ကျော်ကျော်ပြည့်အောင်ထည့်ပါ။
  • မုန့်နှစ်ပေါ်မှ Almond အဆံလေးများဖြူးပေးပါ။
  • ထို့နောက် ၂၀၀ ဒီဂရီ အပူပေးထားသော Oven တွင် မိနစ် ၂၀ခန့်ဖုတ်ပါ။


  • မုန့်ကျက်မကျက်ကို မုန့်သားအလယ်တွင် စူးတံသုံးကာ စမ်းပါ။
  • မုန့်နှစ်ကပ်မပါလာလျှင် ရပါပြီ။




Friday, January 16, 2015

Chicken Spinach Muffin




မနက်စာအတွက်သင့်တော်တဲ့ ကြက်သား၊ဟင်းနုနယ် Muffin ပါ။ ဒါကတော့ အင်္ဂလိပ်အခေါ်ပေါ့။ အနီးစပ်ဆုံး မြန်မာအခေါ်အဝေါ်ကို ပြောပါဆိုရင်တော့ ကြက်သားပေါင်းနဲ့ နီးစပ်တယ်လို့ပဲ ပြောရမှာပါပဲ။ ဒီနည်းကတော့ ကြက်သားတစ်ခုထဲတင်မကပဲ အသီးအရွက်၊ ကြက်ဥများပါပါဝင်ပြီး Oven သုံးကာဖုတ်ထားတဲ့နည်းပါ။ မနက်စာအဖြစ် ရေနွေးကြမ်းပူပူလေးနဲ့ပဲ သောက်သောက်၊ ကော်ဖီလေးနဲ့တွဲစားစား အရသာရှိလှပါတယ်။ 






ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၂လုံး
  • ကြက်သွန်မိတ် ၂ ပင် (သေးသေးလှီးပါ)
  • ကြက်ရင်ပုံ ၁ ခြမ်း (နုတ်နုတ်စဉ်းပါ)
  • နုတ်နုတ်စဉ်းထားသော ပန်းငရုပ်ပွ လက်တစ်ဆုပ်စာ
  • ဟင်းနုနယ်အရွက် - လက်တစ်ဆုပ်စာသာသာ
  • ချယ်ရီခရမ်းချဉ်သီး- အနည်းငယ်
  • ဆီ စားပွဲဇွန်း ၁ ဇွန်း
  • ပဲငံပျာရည် လက်ဖက်ရည် ၁ဇွန်း
  • ကြက်သားမှုန့်လက်ဖက်ရည် ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်
  1. ကြက်ဥကို ဆားအနည်းငယ်ထည့်ကာ ခေါက်ထားပြီး ကြက်သွန်မိတ်နဲ့ ရောမွှေထားပါ
  2. နုတ်နုတ်စဉ်းထားသော ကြက်သားကို ကြက်သားမှုန့်နဲ့ရောနယ်ကာ ဆီပူပူမှာမွမွလေးများဖြစ်လာအောင် မွှေကာဖိခြေပေးပါ။ထို့နောက် ပဲငံပျာရည်ကိုလည်းရောထည့်ပါ။
  3. ပန်းငရုပ်ပွကို ထည့်ကြော်ပြီး ၁ မိနစ်ခန့်ကြာလျှင် ဟင်းနုနယ်ကိုရောမွှေပါ။
  4. ဟင်းနုနယ် နွမ်းစပြုလျှင် ကြက်ဥများကို ထည့်မွှေကာ အနည်းငယ်ပျစ်လာလျှင်မီးပိတ်လိုက်ပါ။
  5. ဆီသုတ်ထားသော Muffin ခွက်လေးများထဲတွင်ထည့်ကာ ချယ်ရီခရမ်းချဉ်သီးများထည့်ပါ။ ချိစ်နှစ်သက်လျှင် အနည်းငယ်ခြစ်ထည့်နိုင်ပါတယ်။
  6. ထို့နောက် ၁၈၀ ဒီဂရီအပူပေးထားသော အာဗန်တွင် ၁၇ မိန်နစ်ခန့်ဖုတ်ပေးရင်တော့ အနံ့အရသာပြည့်စုံသော ကြက်သား အသီးအရွက် muffin လေးများ အဆင်သင့်ဖြစ်ပါပြီ။

Wednesday, June 20, 2012

ပန်းသီး သစ်ဂျပိုးမုန့် / Apple Cinnamon Muffin


ခုတစ်လော အလုပ်တွေများပြီး နေသိပ်မကောင်းတာနဲ့ ဘလော့ကို ပစ်ထားသလိုဖြစ်နေတာကြာပါပြီ။ ပေးထားတဲ့ ကတိများလည်း (ဟင်းချက်နည်းများ) ပျက်ကွက်နေလို့ အရမ်းအားနာမိပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုမှ မလုပ်နိုင်ဖြစ်နေလို့ အားနာနာနဲ့ ထပ်ပြီးရက်ရွှေ့ရပြန်ပါတယ်။ နောက်လကစပြီး ဟင်းချက်နည်းတွေ၊ မုန့်လုပ်နည်းတွေ ပုံမှန်ပြန်တင်ဖြစ်မယ်ထင်ပါတယ်။ ခုတော့လောလောဆယ် စာဖတ်သူများနဲ့ အဆက်မပြတ်သွားအောင် အဆင်သင့်ရှိတဲ့ muffin လုပ်နည်းလေးကိုပဲ ဝေမျှပေးပါ့မယ်။

ဒီနည်းက ကျွန်မ မုန့်ဖုတ်သင်တန်းတက်တုန်းက ရခဲ့တဲ့နည်းလေးပါ။ သင်တန်းကဆရာတွေ ပေးတဲ့ လုပ်နည်းဆိုတော့ အရသာကနဲ့ မုန့်သားကတော့ ပြောစရာမလိုအောင်ကောင်းပါတယ်။ နည်းပေးတုန်းကတော့ အခု ၄၈ခုစာနည်းပေးတာပါ။ သင်တန်းသားက ၄ ယောက်တစ်ဖွဲ့ကိုး။ ဒါပေမယ့်လည်း အိမ်မှာလုပ်စားတဲ့သူတွေ အဆင်ပြေအောင် recipe ကိုပြန်ပြီး တွက်ပေးလိုက်ပါတယ်။ 


ဒီrecipe က Muffin  ၉ခုစာပါ။
 
ပါဝင်ပစ္စည်းများ
  • ဂျုံ - 160g
  •  သကြား - 140g
  • baking powder - 1 tsp
  • ဆား - 1/4 tsp
  • ကြက်ဥအကြီး ၁ လုံး
  • နို့စိမ်း (သို့) ရိုးရိုးနို့ - 60g + 1tsp of vanilla extract
  • ထောပတ် ၈၀ ဂရမ်
  • ပန်းသီးအသေးတစ်လုံး  (သေးသေးစိတ်ပြီး သစ်ဂျပိုးမှုန့်နဲ့ရောနယ်ထား)။ ပန်းသီးက သစ်ဂျပိုးနဲ့အလိုက်ဆုံးပါ။ အဲဒါမပါရင် ဒီမုန့်က အသက်မ၀င်တော့သလို့ ခံစားရတယ်။ ကျွန်မကတော့ သစ်ဂျပိုးမှုန့်ရဲ့ အနံ့ကို မုန့်ဖုတ်တာ အတွက်တော်တော်နှစ်သက်ပါတယ်။
 

လုပ်နည်း

  1. ပထမဆုံး ဂျုံနဲ့ ဘိတ်ကင်ပေါင်ဒါကို ရောမွှေစကာချထားပါ။
  2. သကြားနဲ့ ထောပတ်ကို ပွအောင်မွှေ
  3. ကြက်ဥကို ထည့်၊ သမအောင်မွှေ
  4. ခုနကဂျုံအရောကို ၂ ခါခွဲပြီး ထည့်မွှေပေးရပါမယ်
  5. ပထမဆုံးဂျုံကို ထည့်ပြီးရင် နွားနို့ကို ထည့်မွှေပါ။ ပြီးမှ ကျန်တဲ့ဂျုံကို တစ်ခါထပ်ထည့်ပြီး သမအောင်မွှေပါ။
  6. နောက်ဆုံးမှ ပန်းသီးစိတ်ထားတာကိုရောမွှေထည့်
  7. ပြီးရင် ခုနက ပုံစံခွက်လေးထဲထည့်ပြီး ၁၉၀ အာဗင်မှာ ၁၀ မိနစ်လောက်ဖုတ်၊ ပြီးရင် ၁၈၀ကိုလျော့ပြီး ၈ မိနစ်လောက်ဖုတ်လိုက်ရင်ရပါပြီ။
  8. မုန့်ကျက်မကျက်ကို ၀ါးတံလေးထိုးပြီး စမ်းသပ်ပါ။ မုန့်နှစ်ကပ်ပါမလာရင်ရပါပြီ