Tuesday, November 30, 2010

ကော်ပြန့်စိမ်း (or) Burmese Style Spring Rolls


ခုတစ်လော ဓာတ်ကျနေတာ ကော်ပြန့်စိမ်းပါ။ အရင်တုန်းကတော့သိပ်မကြိုက်ခဲ့ဘဲ ကော်ပြန့်ကြော်ကိုပိုကြိုက်ခဲ့ပါတယ်။ အသက်ကလေး နဲနဲရလာတော့ ဆီကြော်တွေတတ်နိုင်သမျှရှောင်မှဆိုတဲ့ စိတ်က၀င်လာတယ်။ ပြီးတော့ ဆီကြော်တွေကို စားချင်တဲ့စိတ်လည်း နည်းသွားတယ်။ နဂိုထဲက ဆီကြောက်တာလည်းပါပါတယ်။ တစ်ခါတစ်လေများဆို ဆီနဲလွန်းတော့ ဟင်းတွေက စားမကောင်းဘူး။ ကဲထားပါလေ ဒါကဆီကြောက်တဲ့အကြောင်း။ ဒါနဲ့ပဲ ကော်ပြန့်စိမ်းလုပ်စားဖြစ်တယ်ဆိုပါတော့။

စလုံးကဆိုင်တွေမှာလည်း ကော်ပြန့်စိမ်းရောင်းပါတယ်။ Popiah ဆိုပြီးလေ။ ဒါပေမယ့် သူတို့က ထန်းလျက်ရည်တို့ မြေပဲဆံတို့တွေထည့်လေ့ရှိတယ်။ ကော်ပြန့်အတွက် ချိုလွန်းတယ်လို့ထင်ပါတယ်။ ဗမာပြည်က ကော်ပြန့်အရသာကိုပဲ ပိုကြိုက်ပါတယ်။ အဲဒါကြောင့် အိမ်မှာဘဲ လုပ်စားလေ့ရှိပါတယ်။ တစ်ခုရှိတာက ကော်ပြန့်ဖတ်က ready made ဆိုတော့ ဗမာပြည်ကကော်ပြန့်ဖတ်နဲ့ သိပ်မတူဘူး။ ဒါပေမယ့်လည်း မဆိုးဘူးလို့ပြောလို့ရပါတယ်။ ကော်ပြန့်ဖတ်လုပ်နည်းတော့ရထားတယ်။ မစမ်းကြည့်ရသေးဘူး။ စမ်းကြည့်လို့ အဆင်ပြေရင် ဘလော့ပေါ်မှာတင်လိုက်ပါ့မယ်။


ခုလောလောဆယ်တော့ ready made ကော်ပြန့်ဖတ်နဲ့လုပ်ထားတဲ့ ကော်ပြန့်စိမ်းကို မြည်းကြည့်လိုက်ပါဦး။ လုပ်နည်းကတော့ အားလုံးသိကြပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ စိမ်းစားဥ ၊ ဂေါ်ဖီ၊ မုန်လာဥနီ ကို ပါးပါးလှီး၊ ပဲပင်ပေါက်ကိုရေဆေးထား၊ ပဲပြားကို ပါးပါးလှီးထား။ အဲဒါတွေအားလုံးကို ဆီနဲနဲနဲ့ ကြော်။ အေးရင်ကော်ပြန့်ဖတ်ထဲထည့်လိပ်ပါ။ အိမ်မှာတော့ မစားခင်ရေလေးနဲနဲတောက်ပြီး microwave ထဲကို ၁ မိနစ်လောက်ထည့်ပါတယ်။ ငရုပ်ဆီလေးဆမ်းပြီးရင် စားဖို့အသင့်ပါပဲ။ အများကြီးလိပ်ပြီး freezer ထဲထည့်ထားလိုက်တယ်။ စားချင်ရင် လွယ်တယ်လေ။ တစ်ခါတစ်လေ မနက်စာပေါ့။ တစ်ခါတစ်လေလည်း ညစာအနေနဲ့စားတယ်။




Which type of spring roll do you prefer ? Fried or just a soft one which doesn't go thru deep frying process? To me I like both of them and used to prefer the 'fried' version. However, as the letter 3 starts appearing on my age counter, I am trying to reduce the consumption of deep fried stuffs, little by little.


Here in Singapore, they called it Popiah and it is widely available in most coffee shops . I tried them a few times, however I don't really fancy them as much as I like them in own country as they are way too sweet for my liking. No offence but my preference would be my country style Popiah. So, in order to fulfil my craving, I made my own version of it quite often. However, not knowing that spring roll skin can be eaten as it is after steaming, I ended up deep frying them most the time.


This really is a new finding for me. I was quite delighted with my finding as it is not only healthier but also omit the air pollution in my squeeze living room (Fumes which release from deep frying process are really a headache for me). What a nicer way to consume it,huh. If I have chance, I will try to make Popiah skin by myself and not forgetting to share with you guys the result, of course.
In the mean time, here is my version of Popiah using a normal spring roll skin which I grab from grocery shop ;-)
  • 1 Small turnip (shredded)
  • 1 small carrot (shredded)
  • 1/2 of small cabbage (shredded)
  • 500gms of bean sprout
  • salt to adjust
  • 2 tbsp of oil
  1. Heat up oil in wok.
  2. Add in bean sprout first and stir fry for about 2 mins.
  3. Then add in shredded turnip & carrot. Lastly add in shredded cabbage.
  4. Sprinkle some salt and adjust to taste.
  5. Let it cool completely before wrapping.
  6. Wrap the above mixed veggie with spring roll skin. Put it in microwave for 1 min before severing.
  7. Serve it with chili sauce while hot. Enjoy.

Tuesday, November 23, 2010

ပူရီ နဲ့ သီးစုံပဲကုလားဟင်း


ပူရီလာပါပြီ။ လုပ်စားတာကတော့ အရင်တစ်ပတ်ထဲကပါ။ ဒါပေမယ့် မုန့်တွေကို တလှည့်စီ တင်နေရတာနဲ့ ပူရီအလှည့်ကို ခုမှကျပါတယ်။ ပူရီကို စပြီး စားဖူးတာ အသက် ၁၄၊ ၁၅ လောက်မှပါ။ အမေတို့ ဆေးခန်းကို ညနေပိုင်းလိုက်သွားရင်း နဲ့ အဲဒီ အနီးတစ်ဝိုက်က မုန့်တွေကိုတစ်ခါတစ်လေ စားလေ့ရှိပါတယ်။ ပူရီဆိုင်ကလည်း ဆေးခန်းနားတစ်ဝိုက်မှာပါပဲ။ အဲဒီမှာတင် စပြီး စားရင်းနဲ့ကြိုက်သွားတာ။


စလုံးရောက်လာတော့ Mustafa ရောက်တိုင်းလိုလို ပူရီစားဖြစ်တယ်။ ဒါပေမယ့် ဒီက ပူရီတွေက ခပ်ထူထူမာမာ ကြီးတွေ။ ဗမာပြည်မှာလို့ ခပ်ပါးပါးသေးသေးတွေမဟုတ်လို့ စားလို့မကောင်းလှပါဘူး။ ခက်တာက ကိုယ်တိုင်လဲ မလုပ်တတ်ဆိုတော့ အရသာသိပ်မကောင်းသော်ငြားလည်း အလွမ်းပြေဆိုပြီး စားရတာပါဘဲ။ အဲဒီတုန်းကလည်း Blog တွေဘာတွေ မသိသေးတော့ စားချင်တာကို လုပ်နည်းလဲဘယ်နားရှာရမှန်းမသိသေးဘူးလေ။ ခုနောက်ပိုင်း ကျမှ blog တွေ ထဲမှာ လုပ်နည်းတွေကိုတွေ့ပြီး တစ်ခုပြီး တစ်ခု မရပ်မနားလုပ်စားတော့တာပဲ။ တရုပ်၊ ဗမာ၊ အဂ်လိပ်စာ တစ်ခုမှမကျန်ဘူး :D ။ စားရတဲ့လူတွေလဲ ကောင်းလဲစားမကောင်းလဲစားပဲ ၊ သိပ်လည်းမညည်းရှာပါဘူး။


ဒီပူရီ လုပ်နည်းကိုလည်း Ko Andy ဆီကနေရထားတာပါ။ တထိတ်ထိတ်နဲ့ စမ်းလုပ်ရတာ တော်ကြာ် ခပ်မာမာပြားပြား ကျပ်ခဲကြီး ထွက်လာရင် ဒုက္ခဆိုပြီးတော့လေ။ ဒီတစ်ခါတော့ တစ်ခါထည်းနဲ့ အောင်မြင်တယ်လို့ပြောလို့ရပါတယ်။ ကုလားပဲ ပြုတ်ထားတာကလည်း အဆင်သင့်ရှိနေတာနဲ့ သီးစုံပဲကုလားဟင်းလေးချက်လိုက်တယ်။ ပူရီနဲ့ ပဲကုလားဟင်း ၊စားလို့ကောင်းတဲ့ ညစာတစ်ခွက်ပါ။


ပူရီလုပ်နည်း (စားမယ့် ပမာဏကို လိုက်ပြီး အချိုးအဆ ပြန်ညှိထားပါတယ်)
  1. ဂျုံ - ၁ခွက်
  2. ရေနွေးနွေး - ၁/၃ ခွက် (ရေက နွေးတယ်ဆိုရုံလေး)
  3. ဆား အနည်းငယ်
  4. ဆီ -ထမင်းစားဇွန်းတစ်ဇွန်း
အဲဒါတွေအားလုံးကို သမအောင်နယ်ပါ။ မကပ်တော့တဲ့ အထိနယ်ပေးပါ။ ကျွန်မကတော့ နယ်ရင် လက်ဖနောင့်ကို သုံးပြီးနယ်လေ့ရှိတယ် ၊ Knead လုပ်တယ်ခေါ်မှာပေါ့နော်။ ၁၀ မိနစ်လောက်ကြာရင် မကပ်တော့ပဲ ချောလာပါလိမ့်မယ်။ အဲဒါဆိုရင် နှပ်ထားလို့ရပါပြီ။ Cling Film ကိုသုံးပြီး ၁ နာရီကြာအောင် နှပ်ထားလိုက်ပါတယ်။
ပြီးရင် ကွမ်းသီးလုံးလောက် အလုံးလေးတွေလုံး ပြီး ဒလိမ့်တုံးနဲ့ ပြားပေးပါ
ကိုအန်ဒီရေးပြထားသလို့ ဆီထဲမြုတ်အောင်ထည့်ကြော်ပြီး ပွတက်လာတာနဲ့ချက်ခြင်းတစ်ဖက်ကို လှန်ပေးပါ။ ခဏလေးပဲထားပြီး ဆယ်ပေးပါ။

အိမ်မှာတော့ ဆီစုပ်စက္ကူပေါ်ကို တင်လေ့ရှိပါတယ်။ ပြီးရင်စားလို့ရပါပြီ

ဒါကပူရီနဲ့တွဲစားဖို့ သီးစုံပဲကုလားဟင်း

ဒီလောက်အလုံးလေးတွေလုံးပြီး အရင် ဒလှိမ့်တုံးနဲ့ လှိမ့်ပါတယ်


ဂျုံပြားလေးတွေမကြော်ခင်။ ကြော်ပြီးရင် ပူရီဖြစ်ပါပြီ။

Sunday, November 21, 2010

Chocolate Truffle - မွေးနေ့ကိတ်


ဒီတစ်ပတ်တော့ မုန့်လုပ်တာတွေနဲ့အလုပ်ရှုပ်နေလို့ ဟင်းတောင်ကောင်းကောင်းမချက်ဖြစ်ပါဘူး။ တနေ့ကတော့ ပူရီလုပ်စားဖြစ်တယ်။ နောက်မှတင်ရဦးမယ်။ ဟင်းမချက်ရရင် သာနေနိုင်မယ်။ မုန့်မလုပ်ရဘဲ မနေနိုင်ပါဘူး။ ကြာတော့ ကိုယ့်ဘာသာကိုယ်မုန့်လုပ်ပြီး မစားနိုင်တော့ဘူးဖြစ်လာတယ်။ ဒါမျိုးတွေကသိပ်အများကြီးစားရင်လဲ မကောင်းဘူး မဟုတ်လား။ ၀ိတ်တက်တဲ့အပြင် ကျန်းမာရေးအတွက်လဲသိပ်မကောင်းဘူး။ အဂ်လိပ်မုန့်တွေကလည်း သိတဲ့အတိုင်း ထောပတ်၊ သကြား၊ ဂျုံ နဲ့ ကြက်ဥ အကုန်ပါမှ ဖြစ်တာဆိုတော့ အကုန်ဝစရာတွေချည်းပါဘဲ။ မုန့်စလုပ်ပြီးကတည်းက ၀ိတ်ကတဖြည်းဖြည်းနဲ့တက်လာတာ မနည်းကိုပြန်ထိန်းနေရတယ်။ စားတာတွေအတွက် လေ့ကျင့်ခန်းကို (စိတ်မပါသော်ငြားလည်း) ကြိုးစားပြီး လုပ်နေရတယ်။ မုန့်မလုပ်ရမနေနိုင်ဆိုတော့ ခက်သား။ ဒါပေမယ့် ခုတစ်လောတော့ သူများကို လက်ဆောင်ပေးတာတွေနဲ့ အဆင်ပြေနေတယ်။


ဒီကိတ်လေးက ညီမလေးတစ်ယောက် သူ့ bf မွေးနေ့အတွက် ကိတ်ကိုသူကိုယ်တိုင်လုပ်ပြီး လက်ဆောင်ပေးချင်လို့ ဆိုပြီး အကူအညီတောင်းလာလို့ ကူလုပ်ပေးထားတဲ့ ကိတ်လေးပါ။ သူလိုချင်တဲ့ Design လေးကို Internet ကနေရှာပေးလာပါတယ်။ အရင်တစ်ခေါက် ညီမတွေမွေးနေ့ အတွက်လုပ်ပေးတဲ့ ကိတ်နဲ့ လုပ်ပုံလုပ်နည်းချင်းအတူတူပါပဲ။ Decoration လေးပဲကွာသွားတာပါ။


အရင်တစ်ခေါက်က cream များသွားလို့ ခုတစ်ခါတော့ မုန့်သားများများရအောင် ပိုလုပ်လိုက်ပါတယ်။
ဒါမုန့်သားချည်းပဲ ၃ လွှာမလွှာခင်

ချောကလက် ခရင်မ်အတွက် ပြင်ထားတာ

မုန့်သားကို ၃ လွှာလွှာ၊ ပြီးရင် Cream ထည့်။ အသီးလွှာထားတာထည့်


နောက်ဆုံး Ganache လောင်း။ သစ်သီးနဲ့ အလှဆင် အပြီးပုံ။

ပိုတဲ့ Chocolate Cream လေးတွေကို မုန့်ပတ်ပတ်လည်မှာ star လေးတွေလုပ်ပြီး အလှဆင်လိုက်တယ် ဆိုရင် ပြီးသွားပါပြီး ယူသွားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ မွေးနေ့ကိတ်ကို ကြည့်ပြီး လုပ်ရကြိုးနပ်လို့ ပျော်ကြရပါတယ်။



ဒါလေးက ပိုတဲ့မုန့်လေး ဖယ်ထားပေးလို့ အထဲကပုံကို ဓာတ်ပုံ ရိုက်လိုက၊် မြည်းလိုက်နိုင်ပါတယ်။ ခရင်မ် သိပ်မများပဲ အရသာလေးလဲကောင်းတယ် (ကိုယ်လုပ်တဲ့ မုန့်ကို ကိုယ့်ဘာသာ သဘောကျနေတာ :D)



ပျော်စရာ မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Wednesday, November 17, 2010

Blueberry Cheese Cake




ပထမတော့ ဒီနေ့ ဂဏန်းဟင်းချက်မလို့ပါဘဲ။ နောက် ကြားဖြတ်အစီအစဉ် ၀င်လာတာကြောင့် ဟင်းမချက်ဖြစ်ပဲ မုန့်လုပ်တဲ့ဆီကို ရောက်သွားတာပါ။ ဒီ ကိတ်က ဒီတစ်ခါနဲ့ ဆိုရင် ၃ ခါမြောက်လုပ်တဲ့ Cheese Cake ပါ။ ကိုယ့်အတွက်တော့ မဟုတ်ပါဘူး။ သူငယ်ချင်း လင်မယားအတွက် လက်ဆောင်လုပ်သွားတာပါ။ အဲဒီ အစ်မက ရှမ်းစာတွေချက်တာ အရမ်းကောင်းပါတယ်။ နောက်မှ သူ့ဆီက သေချာလေးသင်ရပါဦးမယ်။


Cheese Cake ကို အရင်တုန်းက လုပ်နည်းအတိုင်းပဲ နဲနဲပြင်ပြီးလုပ်လိုက်ပါတယ်။ ပိုတာဆိုလို့ အချဉ်အရသာလေးပိုအောင် သံပုရာရေလေးနဲနဲပိုထည့်လိုက်တာပါ (အဲဒီ အစ်မက အရမ်းချိုတာတွေသိပ်မကြိုက်တတ်လို့ပါ၊ စမ်းကြည့်ချင်သူများ ကိုယ့်စိတ်ကြိုက်အတိုင်း အချဉ်ကိုလိုသလိုထည့်နိုင်ပါတယ်နော် ) blueberry ကိုလည်း အသီးလိုက်မထည့်တော့ပဲ ယိုဘဲ ၀ယ်ထည့်လိုက်ပါတယ်။ Cheese Cake ကလည်း သိပ် Decorate လုပ်လို့မရတဲ့ အမျိုးထဲပါတာရယ် ကိုယ်တိုင်ကလည်း Cake Decoration ကို သိပ်မရတာရယ်ကြောင့် ကောင်းမယ်ထင်တဲ့ ပုံကိုမှန်းလုပ်လိုက်တာ။ လုပ်နည်းကို ပြန်ကူးပေးလိုက်တယ်။ စိတ်ဝင်စားရင် စမ်းကြည့်၊ မြည်းကြည့်နိုင်ပါတယ်။ ၀လာမှာကို တာဝန်မယူပါ :D



ပါဝင် ပစ္စည်းများ

Base အတွက်
  • Digestive Biscuit 175g ကိုချေပြီး ထောပတ် 60g (အရည်ပျော်ထား)နဲ့ ရောမွှေပါ။ ပြီးရင် removable base ပါတဲ့ tin ထဲမှာဖိသိပ်ပြီးထည့်ပေးပါ။ ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် အအေးခံပေးထားပါ

Filling
  1. 250g cream cheese
  2. 90g sour cream
  3. 3 eggs
  4. 90g sugar
  5. 1 table spoon of lemon juice
  6. 75g non dairy whipping cream -whipped
  7. 50g blueberry
ပထမဆုံး သကြားနဲ့ cream cheese ကိုစက်နဲ့ မွှေပါ။ ပြီးရင် ကြက်ဥကို တစ်လုံးချင်းစီ ထည့်ပြီး သမအောင်မွှေပေးပါ။ sour cream နဲ့ lemon juice/zest ကိုလည်းထည့်မွှေပါ။ နောက်ဆုံးမှာ whip cream ကိုထည့်ပြီးမွှေပါ။

Cream အဆင်သင့်ဖြစ်ပြီဆိုရင် ရေခဲသေတ္တထဲက ပြင်ထားတဲ့ဗန်းကိုထုတ်။ base ပေါ်မှာ blueberry ယိုကို ထည့်။ ပြီး မှ cream တွေကိုထည့်ပါ။

ရေထည့်ထားတဲ့ဇလုံတစ်ခုမှာ ခုနက မုန့်ဗန်းကို တင်။ မတင်ခင်မှာ aluminum foil နဲ့အောက်ခြေကိုလုံ အောင်ပတ်ပေးပါ (ရေ၀င်မှာစိုးလို့)။ ပြီးရင် ၁၆၀ ဒီဂရီစီ oven မှာ ၇၀မိနစ်ကြာအောင်ဖုတ်ရင်ရပါပြီ။ မုန့်ဖုတ်ပြီးသွားရင် မုန့်ကို oven ထဲမှာပဲ အအေးခံပါ။ လုံးဝအေးသွားမှ ရေခဲသေတ္တထဲကိုပြောင်းထည့်ပေးပါ။ အနဲဆုံး ၃နာရီလောက် chill လုပ်ပြီးမှစားပါ။


ဒါစားဖို့လှီး အပြီး ကျန်တဲ့ မုန့်တွေကို ရိုက်လိုက်တာ။

Saturday, November 13, 2010

Oatmeal Mixed Fruit Bars

မနက်စာအဖြစ်သင့်တော်တဲ့ သစ်သီး+Oat နဲ့ လုပ်ထားတဲ့ bar လေးတွေပါ။ Oatmeal နဲ့အဓိကလုပ်ထားတာမို့ အဆာလည်းခံပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ NTUC မှာလည်း ရောင်းတာတွေ့ဖူးပါတယ်။ ဈေးကလည်း သိပ်မသေးလှပါဘူး။ ဒီ bar သေးသေးလေးတစ်ခုကို 1 $Sလောက်ပေးရတာ။ အိမ်မှာလုပ်တော့ ဈေးသက်သက်သာသာနဲ့ များများစားရတာပေါ့နော်။ အိမ်မှာ Oatmeal ပုံးတစ်ပုံးသောင်တင်နေရကနေ ကြာလာတော့ ဘာလုပ်ရမှန်းမသိတာနဲ့ ဒီမုန့်စမ်းလုပ်တဲ့ဆီရောက်သွားတာပါ။ ဒါတောင်အများကြီး ကျန်နေသေးတော့ နောက်ဘယ်နေရာမှာ အသုံးချရမယ် ဆိုတာကို ခေါင်းခြောက်အောင်စဉ်းစားရပါလိမ့်ဦးမယ်

ဒီနည်းကတော့ food blogger တစ်ယောက်ဆီကနည်းကို ယူပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ နဲနဲပြင်ထားတာပါ။ အချိုသိပ်မများဘဲ စားလို့ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  • Oat meal 1 cup
  • Flour 1 1/4 cups
  • baking soda 1/2 tsp
  • salt 1/2 tsp
  • 1 egg
  • Brown sugar 1/2 cup
  • cinnamon powder 1 tsp
  • Almond flakes 1/2 cup
  • vanilla extract 1 tsp
  • 80ml of sunflower oil
  • dry mixed fruits 1 cup
  • 2 table spoon of condense mil
  1. သစ်သီးနဲ့ နို့်ဆီကို ရောထားလိုက်ပါ
  2. မုန့်ဖုတ်မယ့်ဗန်းကို ဆီသုတ်ထားပါ
  3. Dry ingredients အားလုံးကိုရောပြီး သမအောင်မွှေပါ။ ပြီးရင် ဆီ၊ ကြက်ဥ နဲ့ vanilla ကိုထည့်ပြီး သမအောင်ထပ်မွှေပါ။ ဒါဆို မုန့်ဖုတ်ဖို့ မုန့်သားရပါပြီ။
  4. မုန့်ဗန်းထဲကို ခုနကမုန့်သားကို လက်မ၀က်လောက်နီးပါးအထူ ဖြန့်ခင်းပေးပါ။ ပြီးရင် သစ်သီးခြောက်နဲ့ နို့ဆီအရောကို ခုနကမုန့်သားပေါ် ဖြန့်ခင်းပေးပါ။ နောက်ဆုံးမှ ကျန်တဲ့မုန့်သားကို ထပ်ခင်းပြီး လက်သန့်သန့်လေးနဲ့ အသာဖိပေးပါ
  5. ၁၇၀ဒီဂရီ C မှာ ၃၀ မိနစ်ဖုတ်ပေးရင်ရပါပြီ။
  6. oven ထဲမှထုတ်ပြီး နှစ်သက်ရာပုံ လှီးပြီးရင် စားဖို့အသင့်ဖြစ်ပါပြီ




Tuesday, November 9, 2010

အဖေ့မွေးနေ့ နဲ့ သစ်တော်သီးမုန့် - 9 Nov 2010



အဖေ့ရဲ့ ၆၅ နှစ်မြောက်မွေးနေ့ အမှတ်တရ မုန့်လုပ်ဖြစ်ပါတယ်။။ မွေးနေ့မှာ ကိတ်မုန့်လှီးတယ်ဆိုတာ ကျွန်မတို့အိမ်မှာသိပ်လုပ်လေ့မရှိတဲ့ အလေ့အထပါ။ ဗမာဓလေ့လည်း မဟုတ်ဘူးလေ။ မှတ်မှတ်ရရ ညီမ အငယ်ဆုံး ၂ယောက် မွေးနေ့ ( ၅ နှစ်နဲ့ ၁ နှစ်ပြည့်) ပေါင်းလုပ်တုန်းက တစ်ခါ ကိတ်မုန့်မှာတာကို အမှတ်ရလိုက်ပါတယ်။ အဲဒီနောက်ပိုင်းဘာကိတ်မှ မမှာဖြစ်ပါဘူး။ မွေးနေ့မှာ အိမ်မှာမုန့်တစ်ခုခု လုပ်ပြီး ဘုန်းကြီးဆွမ်းကပ်တာလောက်ပဲလုပ်ကြပါတယ်။ ခုနှစ်ပိုင်းမှ မွေးနေ့အမှတ်တရ ကိတ်မုန့်တွေဘာတွေ ဖြစ်လာတာပါ။ အဲလိုဖြစ်လာတဲ့ တရားခံကလည်း ကျွန်မပါဘဲ။ သူတို့ကအဲလိုကိတ်တွေဘာတွေ သိပ်လုပ်ချင်တာမဟုတ်ဘူး။ လုပ်ချင်တာကကျွန်မ ၊ ဘယ်လိုအကြောင်းပြချက်ပေးပြီး မုန့်ဖုတ်ရမလဲကို ချောင်းနေတာပါ။ ကျွန်မ မုန့်လုပ်ရတာကို သိပ်ဝါသနာပါပါတယ်။ ဘာအထိမ်းအမှတ်ပဲဖြစ်ဖြစ် မုန့်ဖုတ်ရမယ့်အရေးကို ကြံစည်တတ်ပါသေးတယ်။ ဘာအထိမ်းအမှတ်မှမရှိလဲ ၁ လ ၂ခါလောက်တော့ အကြောင်းပြချက်မျိုးစုံပေးပြီးကို မုန့်လုပ်တာပါ။ ဒီရက်ပိုင်း စားမယ့်လူတွေလဲ ရှိတော့ ကျွန်မအကြိုက်ပေါ့။



အဲလောက်မုန့်လုပ်တာကို နှစ်သက်ပေမယ့် မွေးနေ့ကိတ်နဲ့ပတ်သက်လာရင် ကျွန်မကလည်း ဆိုက်ကို တစ်ခုရှိပါတယ်။ အဲဒါကတော့ သီချင်းဆိုရတာကို သေမလောက်ရှက်တာပါ။ အရင်မုန့်မလုပ်တတ်ခင်တုန်းက သူငယ်ချင်းတစ်ယောက်ယောက်မွေးနေ့ဆို လူစုပြီး မွေးနေ့ကိတ်ဝယ်ပြီး ဆိုင်မှာဆုံလေ့ရှိကြတယ်။ စားပြီးသွားရင် မွေးနေ့ကိတ်မီးထွန်းဘာထွန်း သီချင်းဆိုပေါ့။ အဲဒီအချိန်ဆို ကျွန်မအရမ်းနေရခက်တယ် (မွေးနေ့ရှင်က ကျွန်မ မဟုတ်ဘူးနော်)။ လူကြားထဲများ မွေးနေ့သီချင်းဆိုရမယ်ဆိုရင် အရမ်းကိုရှက်တာ။ ဘယ်တော့မှလည်း လိုက်ဆိုလေ့မရှိဘူး။ လက်ခုပ်ပဲ ၀ိုင်းတီးပေးလေ့ရှိတယ်။ ကျွန်မက တိတ်တိတ်ဆိတ်ဆိတ် celebreate လုပ်ရတာကို ပိုသဘောကျတယ်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့။


ခုအဖေ့မွေးနေ့မှာတော့ ကိတ်အစား Pastry ကိုလုပ်ဖြစ်ပါတယ်။ အဖေက cream တွေအများကြီးပါတဲ့ မုန့်ထက်ဒီလိုမုန့်မျိုးကို ပိုသဘောကျမယ်ထင်လို့ပါ။ ဒီလိုမုန့်မျိုးကိုပြီးခဲ့ နှစ်ပိုင်းကတော့လုပ်ဖြစ်တယ်။ လုပ်နည်းကို ဒီမှာ ကြည့်လိုက်ပါနော်။





အဖေ နဲ့ အမေ ဒီတစ်ခေါက်လာတာကတော့ ကျွန်မအတွက် တကယ့်ကို အမှတ်တရပါပဲ။ ဒါပေမယ့် မနက်ဖြန်ဆိုရင် ပြန်ကြတော့မယ်။ အဖေ အမေနဲ့ နေရတဲ့ အချိန် ၁ လ ကျော်ကျော် အချိန်လေးဟာ အရမ်းနဲလွန်းတယ်လို့ ခံစားရပါတယ်။ ဒါကြောင့် အဖေ အမေနဲ့ နေရတဲ့ ရသမျှအချိန်လေးကို ကျွန်မတန်ဖိုးထားတယ်။ ဒီအချိန်တွေက ပြန်ရဖို့မလွယ်ဘူးလေ။ ခုချိန်မှာ ကျွန်မအဖြစ်ချင်ဆုံး ဆန္ဒ ကိုပြောပါဆိုရင် အဖေနဲ့ အမေကို ဘာအကြောင်းကြောင့်မှ စိတ်မညစ်စေချင်ပဲ အေးအေးချမ်းချမ်းနေစေချင်တာပါ။ သူတို့ကို အတတ်နိုင်ဆုံး စိတ်ချမ်းသာစေချင်ပါတယ်။


ကျွန်မချစ်တဲ့ အဖေ ကျန်းကျန်းမာမာ၊ စိတ်ချမ်းသာစွာ နဲ့ နောင်မွေးနေ့ပေါင်းများစွာ ဆင်နွှဲနိုင်ပါစေလို့ ၆၅ နှစ်မြောက်မွေးနေ့ အမှတ်တရဆုတောင်းလိုက်ပါတယ်။


ဒါအဖေ့အတွက်လက်ဆောင်လေး



ဖွင့်လိုက်တော့ အထဲမှာဒီလို။ အဖေက လက်ဆောင်ထက် အဲဒီကဒ်ထဲမှာပါတဲ့ ကျွန်မရေးထားတဲ့ စာကြောင်းလေးတွေကို ပိုတန်ဖိုးထားတယ်ဆိုတာ ကျွန်မသိတယ်




မွေးနေ့ကိတ်လေး

Friday, November 5, 2010

ချောကလက် ကိတ်အသေးလေးများ

ဒီရက်ပိုင်း blog လာဖတ်တဲ့ သူတွေတော့ မှောင်နဲ့ မဲမဲဆိုသလို ကိတ်မုန့်အမဲရောင်တွေ မြင်နေရမှာပါ။ ပြီးခဲ့တဲ့ လကတည်းက တောက်လျောက် လုပ်လိုက်တဲ့မုန့်တွေအားလုံး ဆိုသလို ချောကလက်ကိတ်တွေပါပဲ။ အဖေက ချောကလက်ကိတ်မှ ပိုသဘောကျတာမို့ ချောကလက်ကိတ်ကို ပုံစံမျိုးစုံနဲ့ လုပ်ကြည့်နေတာပါ။ လုပ်နည်းကတော့ အရင်ကအတိုင်း ဘာမှသိပ်မပြောင်းလဲပါဘူး။ ထည့်တဲ့ ခွက်ကလေးတွေသာ အမျိုးမျိုးပြောင်းလုပ်ကြည့်နေတာ။

စိတ်ဝင်စားသူများ စမ်းကြည့်နိုင်အောင် အရင်ကလုပ်နည်းကို ပြန်ကူးထည့်ပေးလိုက်ပါတယ်

Choco Batter အတွက်
  • Butter 100g
  • Sugar 80g
  • Flour 80g
  • 2 Tbsp of Cocoa Powder
  • 2 tsp of baking powder
  • 2 Tbsp of milk

  1. ဂျုံ၊ ပွဆေး နဲ့ ကိုကိုး မှုန့်ကို စကာ ချထားပါ
  2. သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
  3. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။
  4. ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို စက္ကူခွက်လေးတွေ အရင်ထည့်၊ ပြီးရင် မုန့်နှစ် ၃ ပုံ ၂ ပုံ ပြည့်အောင်ထည့်ပြီး ၁၇၀ ဒီဂရီမှာ ၃၀ မိနစ် ဖုတ်ပေးပါ။မုန့်ကျက်မကျက်သိအောင် ဆူးတံကလေးထိုးပြီး စမ်းသပ်ပါ။ မုန့်နှစ်ကပ်ပါ မလာရင် ကျက်ပါပြီ။
  5. အချိန်ပြည့်ရင် မုန့်ဗန်းထဲက ထုတ်ပြီး စင်လေးပေါ်မှာ အအေးခံပေးပါ။
  6. အေးသွားရင် စားလို့ရပါပြီ။


ဒါoven က ထွက်ထွက်ခြင်း


အအေးခံပြီးစားရန်အသင့်

Monday, November 1, 2010

မလေးခေါက်ဆွဲကြော် Fried Kway Teow



ဒါကတော့ အမေ့လက်ရာစစ်စစ် ခေါက်ဆွဲကြော်ပါ။ အိမ်မှာ အားလုံးကြိုက်ကြလို့ အမေခဏခဏလုပ်ပေး ရပါတယ်။ ဒီမှာတော့ Fried Kway Teow လို့ခေါ်မလားပဲ။ အမေကတော့ ဟိုတုန်းကတည်းက မလေးခေါက်ဆွဲလို့ပဲ ခေါ်လေ့ရှိပါတယ်။ ဒီက Kway Teow ကြော်တွေကိုစားဖူးပေမယ့် အမေ့လက်ရာကိုတော့မမီပါဘူး။ အမေ မပြန်ခင်လေး လုပ်နည်းလေးမေးပြီး တင်ပေးလိုက်တယ်နော်။


ပါဝင်ပစ္စည်များ

  • ဆန်ခေါက်ဆွဲပြားအကြီး ၁ထုပ် (Kwe Teow)
  • ပုဇွန်ကို သန့်ရှင်းရေးလုပ်ပြီး ဆား၊ ဆနွင်း (နဲနဲ) နယ်ထားပေးပါ။
  • ကြက်သားကို အတုံးသေးသေးတုံးပြီး ပဲငံပျာရည်၊ အချိုမှုန့်နယ်ထား
  • ကြက်သွန်နီ ဥကြီး ၂ ဥကို ၄စိပ် ဒါမှမဟုတ် ၆ စိပ်စိပ်ထား
  • ကြက်သွန်ဖြူ ၅မွှာကို သေးသေးလှီးထား
  • ငရုပ်ကြမ်းမှုန့် စားပွဲဇွန်း ၁ ဇွန်းခန့်
  • ပဲပင်ပေါက် လက်၂ ဆုပ်စာလောက်
  • ပန်းငရုပ်ပွ ကိုလှီးထား
  • ဂေါ်ဖီ အနည်းငယ် (လက်တစ်လုံးစာအပြားလေးများ လှီးထား)
  • ကြက်ဥ ၃ လုံး ကိုခေါက်ပြီး အရင်ကြော်၊ ဆီစစ်ထားပါ။

  1. ပထမဆုံး ခေါက်ဆွဲကို ဖွပေးပြီး ပဲငံပျာရည်၊ ကြက်သားမှုန့်နဲ့ နယ်ထားလိုက်ပါ
  2. ဆီပူအောင်တည်ပြီး ကြက်သွန်ဖြူ၊ နီဆီသတ်၊ ပြီးရင် ကြက်သားထည့်ပြီး ခဏထားပေးပါ။
  3. ပြီးရင် ဂေါ်ဖီထည့်မွှေပေးပါ။ ထို့နောက် ငရုပ်ကြမ်းမှုန့်ကိုထည့်ပြီး ၂ မိနစ်နီးပါးလောက်မွှေပေးပါ။
  4. ပုဇွန်ကို ထည့်မွှေပြီး ၁ မိနစ်လောက်နေရင် ခေါက်ဆွဲထည့်၊ ဆား ၊အချိုမှုန့်၊ ပဲငံပျာရည် ထည့် ပြီး သမအောင်မွှေပေးပါ။
  5. နောက်ဆုံးမှ ပဲပင်ပေါက် နဲ့ ကြက်သွန်မိတ် ထည့်ပြီး မီးပေါ်မှာ ၃- ၄ မိနစ်လောက်ထပ်မွှေပေးလိုက်ပါဦး။ ကြက်ဥကြော်ထားတာလေးကို သမအောင်ရောထည့်ပေးပြီးရင် စားဖို့ အသင့်ဖြစ်ပါပြီ။