Wednesday, April 30, 2014

စတော်ဘယ်ရီနို့ပါင်မုန့်







ဒီတစ်ခါမှာတော့ စတော်ဘယ်ရီနို့ပေါင်မုန့်လေးလုပ်ကြည့်ကြရအောင်။ စတော်ဘယ်ရီဂျုံဒိုးနဲ့  ရိုးရိုးဂျုံဒိုးကို ပေါင်းစပ်ထားတာကြောင့် ၂ လွှာစပ်ကြားဖြစ်နေပြီး ကြည့်ရတာလည်း အလွန်အမြင်လှပါတယ်။ အရသာကတော့ ရိုးရိုးနို့ပေါင်မုန့်အရသာပါပဲ။ ပေါင်မုန့်ရိုးရိုးလုပ်ရမှာ ပျင်းသူတွေ စမ်းလုပ်ကြည့်လို့ရတာပေါ့နော်.

ပါဝင်ပစ္စည်းများ
ပေါင်မုန့်ဂျုံ ၂၀၀ ဂရမ်
သကြား ၂၀ ဂရမ်
ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
နွားနို့ ၁၀၀ ဂရမ်
ကြက်ဥခေါက်ပြီးသား ၃၅ ဂရမ်
တဆေး (yeast) - ၄ ဂရမ်
ထောပတ် ၁၅ ဂရမ်


ပေါင်မုန့်ပြုလုပ်နည်း
  1. ထောပတ်ကလွဲလို့ ကျန်တဲ့ ပစ္စည်းများအားလုံးကို ရောမွှေကာ နယ်ပေးပါ။
  2. ၁၀ မိနစ်လောက်ကြာလို့ ဂျုံသားရလာပြီဆိုမှ ထောပတ်ကိုထည့်မွှေပြီး နယ်ပေးပါ။
  3. Window pane test ရတဲ့အထိနယ်ရပါမယ် ။ အချိန် မိနစ် ၂၀ လောက်ကြာပါတယ်။
  4. ဒါဆိုရင်မုန့်သားအဆင်သင့်ဖြစ်ပါပြီ။ ရလာတဲ့မုန့်သားကို ၂ ပိုင်းအညီအမျှပိုင်းလိုက်ပါ
  5. တစ်ပိုင်းကို strawberry paste လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်နယ်ပြီး ၊ နောက်တစ်ပိုင်းကို ဒီတိုင်းထားပါ။
  6. ထို့နောက် မုန့်သားများကို ဆီဆွတ်ထားတဲ့ ဇလုံတစ်ခုထဲမှာ အဖုံးအုပ်ပြီး ၂ ဆဖြစ်လာတဲ့အထိထားပါ
  7. ၁ နာရီလောက်နေပြီး မုန့်သားပွလာပြီဆိုရင် ပြန်ဖိချပြီးလေတွေကို ထွက်အောင်လုပ်ပေးပါ
  8. နောက်ထပ် ၁၀ မိနစ် ခန့်စောင့်ပြီးမှ ပုံပါအတိုင်း စတုဂံပုံရအောင် ဒလိမ့်တုံးဖြင့်လှိမ့်ပေးကာ မုန့်သား၂ခုကိုထပ်ကာ လိပ်ပေးပါ။
  9. ထို့နောက် ပွလာအောင် ၁ နာရီခွဲခန့်စောင့်ပြီး ၁၇၀ ဒီဂရီ အာဗင်မှာ ၄၅ မိနစ်လောက်ဖုတ်ပေးရင် ရပါပြီ
 
 

Saturday, April 26, 2014

စပျစ်သီးထောပတ် ပေါင်မုန့်




ထောပတ်အရသာလည်းပါပြီး မအီတဲ့ နောက်ပေါင်မုန့်တစ်မျိုးကတော့ စပျစ်သီးထောပတ် ပေါင်မုန့်ပါ။ စပျစ်သီးခြောက်များနှင့်ပြုလုပ်ထားပြီး အချိုနည်းတာကြောင့်  စားသုံးသူများနှစ်သက်ကြမှာပါ။ ထောပတ်နံ့မွှေးမွှေးဆိမ့်ဆိမ့်ကလည်း ပိုပြီးစားချင်စဖွယ်ဖြစ်အောင် ပံ့ပိုးကူညီပေးတာကြောင့် အနံ့အရသာနဲ့ ပြည့်စုံတဲ့ ပေါင်မုန့်လေးဆိုရင်လည်း မမှားပါဘူး။ လုပ်နည်းလေးကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ
အစု (၁)
·         ပေါင်မုန့်ဂျုံ ၁၅၀ ဂရမ်
·         နို့မှုန့် ၂.၅ ဂရမ်

အစု (၂)
·         ကြက်ဥ ၃၀ ဂရမ် (ခေါက်ပြီးသား)
·         သကြား ၃၅ ဂရမ်
·         ဆား ပါရုံမျှ

အစု (၃)
·         ရေအေး ၇၅ ဂရမ်
·         Yeast  ၃ ဂရမ်

ထောပတ် ၃၀ ဂရမ် (အခန်းအပူချိန်)
စပျစ်သီးခြောက် ၇၅ ဂရမ်
သကြားအနည်းငယ်



ပြုလုပ်နည်း
ပထမဆုံး အစု (၂) နဲ့ အစု (၃) ကိုသမအောင် ရောထည့်ပြီး အစု (၁) နဲ့ရောမွှေကာ ဂျုံဒိုးရအောင်နယ်ပါ။
နောက်စပျစ်သီးခြောက်များ ကိုပါထည့်ပြီး ဂျုံသား ချောမွတ်အောင် နယ်ပေးပါ (၂၀ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)
နယ်ပြီးလျှင် ၅ပိုင်း အညီအမျှဖြတ်ပြီး တစ်ပိုင်းစီကို ခပ်လုံးလုံးရှည်ရှည်ပုံ ရအောင်ပုံသွင်းပြီးပွလာအောင် မိနစ် ၄၀ထားပေးပါ။
မုန့်သားပွလာလျှင် ပုံပါအတိုင်း အလယ်မှ ကတ်ကျေးဖြင့်အသာညှပ်ကာ ထောပတ်၊ သကြားဖြူးပေးကာ  ၁၈၀ ဒီဂရီအာဗင်မှာ ၁၅ မိနစ်ဖုတ်ပေးပါ။
လုံးဝအေးသွားမှသုံးဆောင်ပါ။

Tuesday, April 22, 2014

ခရင်မ်ချိစ်ပေါင်မုန့်




အီအီဆိမ့်ဆိမ့်ချိစ်နှစ်သက်သူတွေ သဘောကျမယ့်ပေါင်မုန့်လုပ်နည်းတစ်မျိုးကို မျှဝေပေးချင်ပါတယ်။ ပေါင်မုန့်အချိုကိုမှ ခရင်မ်ချိစ်နဲ့ ချောကလက်ရောမွှေထားတဲ့ အစာထည့်ထားတဲ့ အချိုမုန့်တစ်ခုပါ။ ခရင်မ်ချိစ်နဲ့ ချောကလက်တွဲမှတော့ အရသာကတော့ အထူးတလည်မေးမနေပါနဲ့တော့။ ဆိမ့်ဆိမ့်လေးမှာ ချောကလက်အရသာတွဲပါနေပြီး ကော်ဖီခါးခါးလေးနဲ့သာ မြည်းလိုက်ရရင်တော့ အကောင်းဆုံး လက်ဖက်ရည်သောက်ချိန်ဖြစ်မှာ အသေအချာပါပဲ။

ပါဝင်ပစ္စည်းများ (ပေါင်မုန့် အသေး ၅ ခုစာ၊ များများလုပ်ချင်ရင် ၂ ဆတိုးပါ)
အစု (၁)
·         နို့ဆီ ၃၀ ဂရမ်
·         ကြက်ဥခေါက်ပြီးသား ၁၀ ဂရမ်
·         ရေ ၈၅ မီလီလီတာ
·         ဆား- လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
·         Yeast ၂.၅ ဂရမ်

အစု (၂)
·         ပေါင်မုန့်ဂျုံ ၁၃၀ ဂရမ်
·         ရိုးရိုးဂျုံ ၂၀ ဂရမ်
·         နို့မှုန့် ၂.၅ ဂရမ်
·         သကြား ၃၀ ဂရမ်

အစု (၃)
·         ထောပတ် ၁၅ ဂရမ် (အခန်းအပူချိန်)

ခရင်မ်ချိစ် filling
·         ၁၀၀ ဂရမ်ခရင်မ်ချိစ်
·         ၄၀ဂရမ်ထောပတ်
·         သကြားမှုန့် ၃၀ ဂရမ်
·         ချောကလက်ခြစ်ပြီးသား စားပွဲဇွန်း ၂ ဇွန်းခန့်
အားလုံးကိုသမအောင်ရောမွှေထားပါ


မုန့်လုပ်နည်း
ပထမဆုံး အစု (၁) ၊ (၂) ကို ရောထည့်ပြီး ၇ မိနစ်လောက်မွှေပါ။
နောက် အစု (၃)်ဖြစ်တဲ့ထောပတ်  ကိုပါထည့်ပြီး ဂျုံသား ချောမွတ်အောင် နယ်ပေးပါ (၂၀ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)
ဂျုံသားပွလာအောင် မိနစ် ၄၀ခန့်ထားပါ။ ထို့နောက်  ၃၀ ဂရမ်ခန့် အလုံးငယ်များလုံးကာ ၁၀ မိနစ်လောက် ထပ်ထားပါ။
ထို့နောက် တစ်လုံးစီတွင် ခရင်မ်ချိစ်အရောအနည်းငယ်စီထည့်ကာ ခပ်ပြားပြားဖြစ်အောင်ဖိချပါ။
ပေါင်မုန့်များ ပွလာအောင် မိနစ် ၄၀ထားပေးပြီးနောက်  ကြက်ဥရည်ကို Brush လေးနဲ့သုတ်ပေးကာ စပျစ်သီးခြောက်အနည်းငယ်တင်ပါ။
ထို့နောက် ၁၈၀ ဒီဂရီအာဗင်မှာ ၂၀ မိနစ်ဖုတ်ပေးကာ အအေးခံပြီးလျှင်သုံးဆောင်နိုင်ပါပြီ။

Thursday, April 17, 2014

ငါးကြော်နှပ်






ထမင်းမြိန်မြိန်စားနိုင်စေဖို့ ကူညီပေးမယ့် ပင်လယ်စာဟင်းပွဲကတော့ ငါးကြော်နှပ်ပါပဲ။ ဒီငါးဟင်းလေးအတွက်ကိုတော့ ခရမ်းချဉ်သီးခပ်များများသုံးပြီး အစပ်အရသာရစေဖို့အတွက် ငရုပ်သီးတောင့်လေးများကို ခပ်ပါးပါးညှပ်ကာ အသုံးပြုထားပါတယ်။ သာမန်ငါးကြော်နှပ်များလို အချိုချည်းသပ်သပ်မဟုတ်ပဲ ခရမ်းချဉ်သီးနဲ့ ငရုပ်သီးအရသာကြောင့် ချဉ်စပ်အရသာဖက်ကို နဲနဲတိမ်းပါတယ်။ ကြက်သွန်နီအကွင်းကြီးများကို ထည့်ကာနူးအောင်ချက်ထားတာကြောင့် အနှစ်အရသာကို ပိုမိုကောင်းမွန်စေပါတယ်။ ဒီဟင်းပွဲအတွက် ငါးကိုကြွပ်နေအောင်အရင် ကြော်ပြီးမှ အရသာဝင်အောင် ပြန်ချက်ရတာကြောင့် အချိန်နဲနဲတော့ ပေးရပါတယ်။ ဒါပေမယ့် အရသာကတော့ အရမ်းကောင်းတာကြောင့် အချိန်ကုန်ရကြိုးနပ်မယ့် ဟင်းတစ်ခွက်လို့ညွှန်းချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါးတစ်ကောင် (သို့) တစ်ဝက် (နှစ်သက်ရာငါးတစ်မျိုးမျိုးကို သုံးနိုင်ပါတယ်)
ခရမ်းချဉ်သီး အကြီး ၂ လုံး (အကွင်းလိုက်လှီးထားပါ)
ငရုပ်သီးတောင့်အနီ ၃ တောင့် (ပါးပါးလှီးပါ)
ကြက်သွန်နီ ဥကြီး ၂ ဥ  (အကွင်းလိုက်လှီးထားပါ)
ဆား - သင့်ရုံ
ကြက်သားမှုန့် လက်ဖက်ရည် ၁ ဇွန်းစာ

ချက်နည်း

ငါးကို ဆား၊ဆနွင်း များနှင့် နာရီဝက်ခန့်နှပ်ကာ ဆီပူပူမှာ ကြွပ်လာအောင်ကြော်ပြီး ဆယ်ထားပါ။
ဆီစားပွဲ ၂ ဇွန်းကို ပူလာအောင် အပူပေးကာ ကြက်သွန်နီနှင့် ခရမ်းချဉ်သီး နှင့် ငရုပ်သီးများကို ဆီသတ်ပါ။
ထို့နောက် ကြော်ပြီးသားငါးကိုထည့်ကာ ကြက်သားမှုန့်ပါထည့်ကာ သမအောင်မွှေပါ။
ငါးငံပျာရည် သင့်ရုံထည့်ပါ။
၁၀မိနစ်ခန့်အဖုံးဖုံးကာ တည်ပြီးနောက် ငါးကိုအခြားတစ်ဖက်လှန်ပေးကာ နောက်ထပ် ၁၀မိနစ်ခန့်တည်ပါ။
အရမ်းခြောက်လျှင်ရေစားပွဲဇွန်း ၂ ဇွန်းခန့်ထည့်နိုင်ပါသည်။
အရသာရှိသော ငါးကြော်နှပ်ကို သုံးဆောင်နိုင်ပါပြီ


Thursday, April 3, 2014

တူနာငါးထမင်းကြော်





ပင်လယ်စာဟင်းလျာ နောက်တစ်မျိုးကတော့ တူနာငါးထမင်းကြော်ပါပဲ။ ဟင်းလျာလို့သာ ခေါ်လိုက်တာပါ တကယ်တမ်းတော့ တစ်မျိုးထဲနဲ့ အဆင်ပြေစေမယ့် ထမင်းကြော်ပါပဲ။ ဟင်းသပ်သပ်ထပ်ချက်စရာမလိုတာကြောင့် လွယ်ကူသက်သာပြီး အရသာရှိတဲ့ နေ့လယ်စာထမင်းတစ်ပွဲပဲ ဖြစ်ပါတယ်။ ဒီနည်းကိုတော့ ကျွန်မညီမဆီက ရတာပါ။ ကျွန်မတို့ အိမ်မှာ နေ့လယ်စာအထွေအထူးတွေ မချက်ချင်တဲ့ အချိန်ဆိုရင် ဒီလိုတစ်မယ်ထည်းအဆင်ပြေစေမယ့် ထမင်းပွဲမျိုးတွေ ရွေးချက်လေ့ရှိပါတယ်။ ကျွန်မညီမက ဒီလိုဟင်းအမယ်တွေအတွက်ဆိုရင်တော့ သူမတူအောင် ဆန်းသစ်ပြီးချက်လေ့ရှိပါတယ်။ ခုလဲ လွယ်ကူမြန်ဆန်တဲ့ တူနာငါးထမင်းနည်းကို မျှဝေလို့လာပြန်ပါတယ်။ ချက်နည်းလေးကြည့်ကြရအောင်

ပါဝင်ပစ္စည်များ
ထမင်းချက်ပြီးသား ၃ ခွက်ခန့်
တူနာငါးအလွှာ တစ်ဗူး
ဘရိုကိုလီ ၁ခွက် (သေးသေးစိတ်ထားပါ)
ကြက်သွန်ဖြူ ၅ မွှာ (နုတ်နုတ်စဉ်းထားပါ)
ကြက်သွန်နီ၁ လုံး (ပါးပါးလှီးထားပါ)


ချက်နည်း
ထမင်းကို ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည် ဇွန်း တစ်ဝက်နှင့် ဆနွင်းအနည်းငယ်ထည့်ကာ မွှေထားပါ
တူနာငါးဗူးထဲမှ အရည်များကိုသွန်ကာ နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူများနှင့် ရောကာ ခြောက်နေအောင်လှော်ပေးပါ။ ထို့နောက်ဖယ်ထားလိုက်ပါ။
ဆီစားပွဲဇွန်း ၂ ဇွန်းခန့်ကို အပူပေးကာ ကြက်သွန်နီနှင့် ဘရိုကိုလီကို ရောကြော်ပါ။
ထို့နောက် ထမင်းထည့်၊တူနာငါးများပြန်ထည့်ကာ ထည့်ကြော်ပါ။
ခပ်ခြောက်ခြောက်ရသည်အထိကြော်ပြီးမှ သုံးဆောင်လျှင်ပိုကောင်းပါသည်။