Monday, December 27, 2010

အမဲသားလုံးနဲ့လုပ်ထားတဲ့ ဘာဂါ /Beef Ball Burger

ကဲ တစ်ခါ ပေါ်လာပြန်ပြီနော်။ အချိန်ရတုန်းလေး ကမန်းကတန်း ပို့စ်လေး တစ်ခုတင်လိုက်တာပါ။ နောင်လည်း ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပါဦးမယ် ၊ ဖေဖေါ်ဝါရီလ အထိပေါ့။ ကိတ်မုန့်ကတော့ လုံးဝမလုပ်ဖြစ်သေး ပေမယ့် မြန်မြန်လုပ်လို့ရတဲ့ ဟင်းတို့ မုန့်တို့တော့လုပ်ဖြစ်ပါတယ်။ လုပ်သမျှကိုလည်း ကြုံရင်ကြုံသလို ဓာတ်ပုံရိုက်ထားဖြစ်တယ်။ သေချာ ဘလော့ပြန်ရေးနိုင်တဲ့ အချိန်မှ လုပ်ထားသမျှတွေကို ရှယ်ပါ့မယ်။ ခုလောလောဆယ်တော့ အမဲသားလုံးပေါင်မုန့်နဲ့ပဲ ကျေနပ်ကြပါဦးနော်။

ဒါအမဲသားလုံးဟင်းချက်ပြီး လက်ကျန်၃ ၄လုံးကို ဘ၀ပြောင်းထားတဲ့ ညနေစာပါ။ Subway က အမဲသားလုံး ဘာဂါကို တုပြီးလိုက်လုပ်ထားတာ။ စားလို့တော့ တော်တော်ကောင်းပါတယ်။

လုပ်နည်း

  • အမဲသား ၂၅၀-၃၀၀ ဂရမ်
  • ကြက်သွန်နီ ၁ ဥ - သေးသေးလှီးထား
  • ဂျင်းမှုန့် စားပွဲဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ပေါင်မုန့်ခြောက် - စားပွဲဇွန်း၂ ဇွန်း
  • ဆား၊ ကြက်သားမှုန့် - သင့်သလို

အဲဒါတွေအားလုံးကို ရောနယ်ပြီး အလုံးသေးသေးလေးတွေလုံးထားလိုက်ပါ

အနှစ်အတွက်

  • ဆီ - စားပွဲဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ ၂ လုံး - သေးသေးလှီးထား
  • ဂျင်း၊ကြက်သွန်ဖြူ အနည်းငယ်- ညက်ညက်ထောင်းထား
  • ခရမ်းချဉ်သီး အနှစ် ၄ ဇွန်း
  • cheese အမှုန့် - စားပွဲဇွန်း ၁ ဇွန်း

ပထမဆုံး ဆီသတ် ပြီး ကြက်သွန်ဖြူ ၊ နီ၊ ဂျင်းကို ထည့်ပါ။ ကြက်သွန်တွေ နွမ်းသွားရင် အမဲသားလုံးတွေကိုထည့်၊ ၃ မိနစ်လောက်နေရင် ခရမ်းချဉ်သီး အနှစ်ကိုထည့်ပါ။ တအားပြစ်ရင် ရေနဲနဲထပ်ထည့်ပြီး မီးပေါ်မှာ ၅ မိနစ်လောက်ထားပေးပါ။ ချခါနီးရင် cheese အမှုန့်ထည့်မွှေပြီး ၁ မိနစ်နေရင် မီးပေါ်ကချလိုက်ပါ။


ဒါအမဲသားလုံးတွေချက်အပြီး

ပေါင်မုန့်ထဲထည့်ဖို့ ခရမ်းချဉ်သီး၊ ဆလပ်ရွက်ကို ရေဆေးပြီး လှီးထားပါ။ ပေါင်မုန့်အရှည်လေးတွေကို ခလယ်ကနေခြမ်းပြီး garlic spread သုတ်ပြီး oven မှာ ၅ မိနစ်လောက်ကင်ပေးပါ။ ပြီးရင် ဆလပ်ရွက်၊ ခရမ်းချဉ်သီး ခင်းပြီးမှ အမဲသားလုံးနဲ့ အနှစ်တွေကို တင်ပါ။ Mayonnaise ၊ Chili Sauce ဆမ်းပြီးရင် စားဖို့အသင့်ဖြစ်ပါပြီ

Mayonnaise ၊ Chili Sauce ကအမဲသားလုံးနောက်မှာကွယ်နေတယ်

Feedback ကတော့ Subway ထက်ပိုကောင်းတယ်ဆိုပဲ :D ။ စိတ်ဝင်စားရင် စမ်းကြည့်နိုင်ပါတယ်။

Wednesday, December 8, 2010

ခွင့်တိုင်ခြင်း

This photo is taken from google
ဘလော့နဲ့ ခဏဝေးမယ့်အကြောင်းကို မိတ်ဆွေတွေကို အသိပေးတဲ့ ပို့စ်လေးပါနော်။ ပထမတော့ Christmas နဲ့ New year မှာ မုန့်လုပ်ဖို့အားခဲထားတာ မထင်မှတ်ပဲ လုပ်စရာကိစ္စလေးတွေပေါ်လာလို့ မုန့်တွေ၊ ဟင်းတွေ အရင်ကလောက်တော့ ခပ်စိပ်စိပ်မလုပ်နိုင်တော့ပါ။ (အချိန်ရရင် ရသလိုတော့ ကြိုးစားတင်ပါဦးမယ်) ဖေဖော်ဝါရီလ လောက်ဆိုရင်တော့ အရင်လို မုန့်ပြန်လုပ်ချိန်ရှိမယ်လို့ ထင်ပါတယ်။
I'll be back and see you all soon. :D Wishing everyone a merry Christmas & Happy New Year in advance.