Wednesday, August 29, 2012

စားလို့ကောင်းတဲ့ Char Kway Teow


ဒီခေါက်ဆွဲကြော်နည်းလေးကလည်း စက်တင်ဘာလထုတ် FOOD Magazine မှာပါပါတယ်။
စာအုပ်အတွက်ရေးထားပေးတဲ့အတိုင်းမပြုမပြင်ပဲ ကူးထည့်ပေးလိုက်ပါတယ်။
 ***********************************************************
စင်္ကာပူဟာ တရုပ်ကြီးစိုးတဲ့နိုင်ငံဖြစ်တာမို့ တရုပ်ထုံးစံအတိုင်း ခေါက်ဆွဲအမယ်တွေများလှပါတယ်။ တရုပ်ကလည်း အမျိုးမျိုးရှိတာမို့ သူ့လူမျိုးစုနဲ့သူ အစားအစာတွေဟာ အမယ်စုံလှပါတယ်။ ပြောရမယ်ဆိုရင် စင်္ကာပူလောက် အစားစုံတဲ့နေရာ စင်္ကာပူပါပဲ။ အနောက်တိုင်း အစားအစာမျိုးစုံရသလို အရှေ့တိုင်းအစားအစာတွေဟာလည်း ပြေးမလွတ်ပါဘူး။ သူ့နိုင်ငံထဲမှာတင် တရုပ်၊ မလေး။ အင်ဒီးယန်းလူမျိုးတွေက စင်္ကာပူနိုင်ငံသားလို့ သတ်မှတ်ထားတာကြောင့် အဲဒီလူမျိုးအသီးသီးရဲ့ အစားအသောက်တွေနဲ့တင် မနည်းပါဘူး။ ခေါက်ဆွဲမှာတောင်မှ မလေးလူမျိုးရဲ့ ခေါက်ဆွဲတွေ သီးသန့်ရှိပါသေးတယ် မီးဂိုရင်းတို့၊ မီးဆိုတို၊မီးရိုဘတ်စ် တို့စသဖြင့်ပေါ့လေ။ အဲလိုခေါက်ဆွဲ အသီးသီးရှိတဲ့ အထဲမှာမှ နှစ်သက်မိတဲ့ခေါက်ဆွဲတစ်ခုကိုပြောပါဆိုရင် ခုရေးပြမယ် Char Kway Teow ခေါက်ဆွဲပါဘဲ။ Char ဆိုတာက ကြော်တာကိုခေါ်ပြီး Kway Teow ကတော့ ဆန်ပြားခေါက်ဆွဲပါတဲ့  ၊တရုပ်တွေဆိုရင်တော့ သိကြမှာပါနော်။ ဗမာပြည်မှာတော့ မလေးခေါက်ဆွဲကြော်ဆိုပြီး ခေါ်ကြပါတယ်။

အဲဒီ Char Kway Teow  ရဲ့ မူလကနဦးစတင်တဲ့ နေရာကတော့ မလေးရှားနိုင်ငံ ပီနန်မြို့လို့ သိရပါတယ်။ တကယ်လည်း အဲဒီမြို့က Kway Teow က ဘယ်နေရာနဲ့မှ မတူအောင်စားလို့ကောင်းပါတယ်။ အရသာသိပ်ကောင်းတဲ့အပြင် ဈေးကလည်း စင်္ကာပူနဲ့ယှဉ်ရင် တော်တော့်ကိုသက်သာပါတယ်။ စင်္ကာပူမှာလည်း အဲဒီလက်ရာနီးပါးကြော်နိုင်တဲ့ဆိုင်တွေ ရှိပါတယ်။ တချို့ကလည်း သက်သာအောင် ရောင်းတန်း Kway Teow တွေကြော်ရောင်းကြပါတယ်။ ခုဒီမှာလုပ်ပြမယ့်နည်းကတော့ ကောင်းအောင်ကြော်တဲ့ စင်္ကာပူနည်းပေါ့နော်။
 
လုပ်နည်းလေးကြည့်ရအောင်

  • ဆန်ပြား ၂၅၀ ဂရမ် (မကပ်အောင်ဖွထားပါ)
  • ပုဇွန် ၄ ကောင် (သန့်စင်ပြီး ကျောခွဲထားပါ)
  • ကျူဆိုင် ၄ ပင် (တစ်လက်မခွဲလောက်ရှည်ရှည်လေးတွေလှီးထား)
  • ပဲပင်ပေါက် လက်တစ်ဆုပ်စာ
  • ငရုပ်သီးအနီ မစပ်သော အတောင့်ကြီးမျိုးတစ်တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မွှာ (နုတ်နုတ်စဉ်းထားပါ)
  • ကြက်ဥ ၁လုံး

ဆော့စ်
  • ပဲငံပျာရည်အကြည်  စားပွဲဇွန်း ၃ ဇွန်း
  • ပဲငံပျာရည် အနောက် စားပွဲဇွန်း ထက်ဝက်
  • သကြား စားပွဲဇွန်း ထက်ဝက်
  • ငါးငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
  • ဆား အနည်းငယ်

ကြော်နည်း
  1. ပထမဆုံးဆီ စားပွဲဇွန်း ၁ ဇွန်းကို ပူအောင်တည်ပြီး ကြက်သွန်၊ ပုဇွန်၊  ပဲပင်ပေါက်၊ ငရုပ်သီးအနီကိုထည့်ပြီး ၁ မိနစ်လောက်ကြော်ပေးပါ။
  2. ပြီးရင်ခေါက်ဆွဲထည့၊် ကြက်ဥကိုဖောက်ထည့်ပြီး သမအောင်မွှေပေးပါ။
  3. နောက်ဆုံးမှ ဆော့ထည့်၊ ကျူဆိုင်ထည့်ပြီး ၂ မိနစ်လောက်ထပ်တင်ထားပေးပြီးရင် ရပါပြီ

Sunday, August 26, 2012

ငါးပဲငါးပိကြော်


ငါးပဲငါးပိကြော်ကတော့ အရင်တုန်းကလည်း ကြော်ဖူးပါတယ်။ ဒါပေမယ့် ခုတစ်ခေါက်က ရယ်ဒီမိတ် ပဲငါးပိကြော်ကိုသုံးထားလို့ အရသာတစ်မျိုးထူးပါတယ်။ ပိုစားကောင်းလို့လုပ်နည်းလေး ထပ်ရှယ်လိုက်ပါတယ်။ တကယ်တမ်းတော့ ဒီနည်းက အဖွားနည်းလို့ပြောလို့ရတယ်။ ခုတစ်ခေါက်ဗမာပြည်ပြန်တာ အဖွားက ဟင်းတွေအစုံချက်ကျွေးလိုက်တာ ဒီငါးပဲငါးပိပါတယ်။ အမှန်က တကယ့်ပဲငါးပိအစစ်နဲ့ချက်ကျွေးချင်တာ။ ဒါပေမယ့် ကောင်မလေးက ဒီပဲငါးပိကြော်နဲ့ မှားဝယ်လာလို့ ရှိတာနဲ့ချက်လိုက်တာမှာတင် ကျွန်မကအရမ်းသဘောကျသွားလို့ လိုက်လုပ်ကြည့်တာ ရိုးရိုးပဲငါးပိထက်တောင်ပိုကောင်းပါသေးတယ်။ လွယ်ကူပြီး စားလို့ကောင်းတဲ့ ငါးပဲငါးပိကြော်လေးကို လုပ်စားကြည့်ကြရအောင်။

့ပါဝင်ပစ္စည်းများ
  • တီလားပီးယားငါး ၁ ကောင်
  • တရုပ်ပဲငါးပိကြော် စားပွဲဇွန်း ၂ ဇွန်း
  • ဆားလက်ဖက်ရည်ဇွန်း ထက်ဝက်
  • ပဲငံပျာရည်စားပွဲဇွန်း ၁ ဇွန်း
  • အချိုမှုန့် အနည်းငယ်
  • သကြားလက်ဖက်ရည် ဇွန်း ထက်ဝက်


ချက်ပြုတ်နည်း
  1. ငါးကိုဆီပူပူမှာ ကြွပ်ကြွပ်ကြော်ပေးထားပါ။
  2. ဆီစားပွဲဇွန်း ၃ ဇွန်းကိုဆီသတ်ပြီး ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးကိုထည့်ကြော်ပါ ၊
  3. ပြီးရင်တရုပ်ပဲငါးပိ၊ ပဲငံပျာရည် ၊ဆား၊သကြားနဲ့ အချိုမှုန့်တို့ကိုရောထည့်ပြီး ကြက်သွန်နွမ်းအောင်တည်ပါ။
  4. စားခါနီးမှငါးပေါ်ကိုဆမ်းပြီးသုံးဆောင်ပါ

 

Saturday, August 25, 2012

လီမွန်ဘိန်းစေ့ကိတ်


ဒီတစ်ခါမှာတော့ မွှေစက်လုံးဝမသုံးတဲ့ ကိတ်လုပ်နည်းလေးကို ရေးပြချင်ပါတယ်။ မွှေစက်မသုံးပဲ မုန့်စမ်းဖုတ်ချင်သူတွေအဆင်ပြေမယ် ထင်ပါတယ်။ အရင်တစ်ခါကလည်းမွှေစက်မသုံးတဲ့စတော်ဘယ်ရီ ဆိုပြီး ရေးဖူးပါတယ်။ အဲဒီတုန်းကတော့ အသေးလေးတွေလုပ်တာပါ။ ဒီတစ်ခါတော့ တကယ့်ကိတ်မုန့်ဆိုဒ်အကြီးကိုလုပ်ပြထားပါတယ်။ ကိတ်မုန့်အရသာရော၊ မုန့်သားကပါ အဆင်ပြေပြီး အရသာကောင်းပါတယ်။ ကဲလုပ်နည်းလေး ကြည့်ကြရအောင်

ပါဝင်ပစ္စည်းများ
  • ထောပတ် ၁၈၀ ဂရမ်
  • သကြား ၁၆၀ ဂရမ်
  • ဂျုံ ၁၆၀ ဂရမ်
  • ဘိတ်ကင်ပေါင်ဒါ လက်ဖက်ရည် ၁ ဇွန်း
  • ကြက်ဥ ၂လုံး (ခေါက်မွှေထားပါ)
  • နို့စိမ်း စားပွဲဇွန်း ၃ ဇွန်း
  • ဘိန်းစေ့ စားပွဲဇွန်း ၂ ဇွန်း
  • Lemon Zest (လီမွန်တစ်လုံးအခွံကို ခြစ်ပေးထားပါ)
  • လီမွန် ၁ တစ်ဝက်အရည်ညှစ်ထားပြီး သကြားစားပွဲဇွန်း ၁ ဇွန်းမောက်မောက်နဲ့ရောမွှေထားပါ




လုပ်နည်းအဆင့်ဆင့်
  1. မုန့်ဖုတ်မယ့်ခွက်ကို (၈လက်မ x ၃.၃လက်မ) ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံ၊ ပွဆေး ကို စကာ ချထားပါ
  3. ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေတံလေးနဲ့ မွှေပေးပါ
  4. ကြက်ဥကို ဖြည်းဖြည်းချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။ Lemon zest ကိုပါရောထည့်ပေးပါ။
  5. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။ နောက်ဆုံးဂျုံထည့်မွှေရင် ဘိန်းစေ့ကိုပါထည့်မွှေပေးပါ။
  6. ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို ထည့်ပြီး ၁၆၀ ဒီဂရီမှာ ၄၅ မိနစ် ဖုတ်ပေးပါ။
  7. မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ
  8. မုန့်ကျက်ရင် အာဗင်မှထုတ်ပြီးကိတ်မျက်နှာပြင်ကို စူးချွန်ကလေးနဲ့ အပေါက်ကလေးများဖောက်ပေးပါ။ ပြီးရင် လီမွန်သကြားအရောကို မျက်နှာပြင်အနှံ့လောင်းချပေးပြီး wire rack ပေါ်တွင်တင်ကာ အအေးခံပါ။
ဒါဆိုရင်တော့ လီမွန်နံ့သင်းသင်းနဲ့ အရသာရှိသောကိတ်လေး အဆင်သင့်ဖြစ်ပါပြီ။

Tuesday, August 21, 2012

ပင်လယ်စာကြံဇံကော်ရည်


အားလုံးပဲမင်္ဂလာပါနော်။ ခရီးထွက်ရာကနေ ပြန်ရောက်ပြီမို့ ဟင်းချက်နည်းလေးတွေကို ပုံမှန်ပြန်တင်ပေးပါမယ်။ ဒီတစ်ခါခရီးက ၂ ပတ်ပေမယ့်လို့ လုပ်စရာရှိတဲ့ ကိစ္စလေးတွေကို တော်တော်လေးလုပ်လိုက်ရပါတယ်။ အချိန်အခက်အခဲကြောင့် တစ်ချို့တွေ့ချင်တဲ့ ညီအစ်မများနဲ့ မတွေ့လိုက်တာလေးတော့ စိတ်မကောင်းဖြစ်မိတယ်။ အရင်ကလူကိုယ်တိုင်ရင်းနှီးခဲ့ဖူးတဲ့ ငယ်သူငယ်ချင်းတစ်ယောက်ကို တွေ့ဖို့သေသေချာချာအချိန်ပေးပြီး ချိန်းခဲ့ပြီးမှ တမင်တကာလုပ်တယ်လို့ ထင်ရလောက်အောင် စိတ်ပျက်စရာကောင်းတဲ့ အခြေအနေမျိုးနဲ့ကို သူဖန်တီးခဲ့တာကြောင့် သွားတွေ့ဖို့ကြိုးစားမိခဲ့တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိပါတယ်။ တကယ်ဆို အဲဒီသူငယ်ချင်းနဲ့ မချိန်းဖြစ်ခဲ့ရင် အနည်းဆုံးတော့ကိုယ်တွေ့ချင်တဲ့သူ၂ ယောက်လောက်တော့ တွေ့ဖို့အချိန်ရမယ်လို့တွေးရင်း နောင်တကြီးစွာဖြစ်မိတယ်။ အဲဒီအကြောင်းလေးကိုတော့ သင်ခန်းစာအဖြစ် နောက်မှပဲထပ်ရေးတော့မယ်။ ခုလောလောဆယ်တော့ ဟင်းချက်နည်းသစ်လေးတွေမျှော်နေတဲ့သူတွေအတွက် ပင်လယ်စာကြံဇံကော်ရည်လေးနဲ့ မိတ်ဆက်ပေးပါရစေ (ဒီဟင်းလေးကလည်း စက်တင်ဘာလထုတ် FOOD Magazine မှာပါပါမယ်။ ခေါက်ဆွဲကြော်နည်း အသစ် ၃မျိုးထဲက တစ်မျိုးပေါ့။ ၀ယ်ယူအားပေးကြပါဦးနော်)

***********************************************************************

လုပ်နည်းလေးက အင်တာနက်ကနေရှာပြီး ပြန်လည်ပြုပြင်ထားတာပါ။ အရသာအရမ်းရှိပြီး စားလို့ကောင်းတဲ့ ပင်လယ်စာကြံဇံကော်ရည်လုပ်နည်းလေးကို ပြန်ပြီး ဝေမျှပေးလိုက်ပါတယ်။ 

ပါဝင်ပစ္စည်းများ(တစ်ယောက်စာ)

  • ဆန်ကြာဇံ ၁၀၀ ဂရမ် (ရေစိမ်ထားပါ)
  • ကြက်သားပြုပ်ပြီးသား အနည်းငယ်
  • မုန့်ညှင်းအနည်းငယ်
  • ဂေါ်ဖီ အနည်းငယ်
  • မုန်လာဥနီအနည်းငယ်
  • ပြည်ကြီးငါး အသေးတစ်ကောင် (သန့်စင်ပြီး လှီးထားပါ)
  • ပုဇွန် ၄ ကောင်
  • သကြား လက်ဖက်ရည် ဇွန်း ထက်ဝက်
  • ဆား လက်ဖက်ရည် ဇွန်း ထက်ဝက်
  • ငရုပ်ကောင်း အနည်းငယ်
  • ကြက်သား stock ၂၅၀ မီလီလီတာ
  • ကြက်ဥ ခေါက်ထားပြီးသား တစ်လုံး
  • ကြက်သွန်ဖြူ ၁မွှာ
  • ကြက်သွန်နီ ဥအသေးလေး ၁ ဥ 
  • ပြောင်းဖူးမှုန့် စားပွဲဇွန်းမောက်မောက် ၁ ဇွန်းကို ရေ ၂ ဇွန်းနဲ့ရောမွှေထားပေးပါ (ပြောင်းဖူးမှုန့်မရှိခဲ့ရင် ကော်မှုန့်အစားထိုးနိုင်ပါတယ်။ ဒါပေမယ့် ကော်မှုန့်က ပိုပျစ်တဲ့အတွက် အပျစ်အကျဲကိုတော့ ပြန်ချိန်ဆပေးရပါလိမ့်မယ်)




  • ချက်ပြုတ်နည်း

  1. ပထမဆုံး ရေစိမ်ထားတဲ့ ကြာဇံကို ဆီပူပူပေါ်မှာ (ဆီစားပွဲဇွန်း ၁ ဇွန်း) ကြက်ဥလေးတောက်ပြီး ကြော်ပေးပါ။ ၂ မိနစ်လောက်ကြော်ရင်ရပါပြီ။ ပြီးရင်ဖယ်ထားလိုက်ပါ
  2. နောက်ဆီစားပွဲဇွန်း ၁ ဇွန်ကို အပူပေးပြီး နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူနီကို ထည့်ကြော်ပေးပါ။
  3. အနံ့မွှေးတက်လာရင် ဂေါ်ဖီနဲ့ မုန်လာဥနီကိုထည့်ပေးပြီး ၁ မိနစ်လောက်ကြော်ပေးပါ။
  4. နောက် ကြက်ပြုတ်ရည်ကို ထည်ပေးပါ။ ကြက်ပြုတ်ရည်ဆူလာရင် ကြက်သား၊ ပုဇွန်၊ ပြည်ကြီးငါး၊ မုန်ညှင်း အားလုံးကိုထည့်မွှေပေးပါ ခဏတည်ပေးပြီးရင် ဆား၊သကြား နဲ့ ငရုပ်ကောင်းကို ဖြူးပေးပါ။
  5. ကြက်ဥကိုလည်းထည့်ပေးပြီး အသာအယာမွှေပေးပါ။ နောက်ဆုံးမှ အသင့်ပြင်ထားတဲ့ ကော်ရည်ကိုထည့်ပေးပါ။ ဆူလာရင်ရပါပြီ။
ပွဲပြင်ဖို့အတွက် ခုနကကြော်တားတဲ့ ကြာဇံကိုထည့်ပေးပြီး ချက်ထားတဲ့ဟင်းရည်ကိုဆမ်းပြီး ချက်ခြင်းသုံးဆောင်ပါ။

Saturday, August 4, 2012

ချဉ်စပ်ဟင်းချို၊ Hot and Sour Soup




ဒီတစ်ခါမှာတော့ သောက်လို့ကောင်းတဲ့ ချဉ်စပ် ဟင်းချိုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီနည်းကိုတော့ စာအုပ်တစ်ခုထဲကနေပြန်ပြီး မှီငြမ်းထားတာပါ။ ပဲပြား မှိုခြောက်တွေပါဝင်ပြီး အရသာတော်တော်ကောင်းလို့ လုပ်နည်းလေးကို ပြန်ရှယ်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရှီတာကီမှိုခြောက် ၅ ခု (ရေစိမ်ပြီး ပါးပါးလှီးထားပါ)
  • Button Mushroom  ၅ခု (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ အနည်းငယ် (ပါးပါးသေးသးလှီးထား)
  • ပဲပြားလက် ၂လုံးစာအထူခန့် ၆ ခု
  • ကြက်သားပြုတ်ပြီးသား လက်တစ်ဆုပ်စာ
  • ကြက်ဥ ၁လုံး + နှမ်းဆီလက်ဖက်ရည် ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မွှာ (နုတ်နုတ်စဉ်း)
  • ကြက်သွန်မိတ် ၁ ပင်
  • ကြက်ပြုတ်ရည် ၁လီတာ
  • ပြောင်းဖူးမှုန့် စားပွဲဇွန်း ၁ ဇွန်း+ ရေ စားပွဲဇွန်း ၁ ဇွန်း


ဟင်းခပ်ရန်
  • ပဲငံပျာရည်အကြည် စားပွဲဇွန်း ၂ ဇွန်း
  • ရှာလကာရည် စားပွဲဇွန်း ၂ ဇွန်း
  • ငရုပ်ကောင်း အနည်းငယ်
  • ငါးငံပျာရည် လက်ဖက်ရည် ၁ ဇွန်း


ချက်နည်း

1.     ပထမဆုံး ဆီစားပွဲဇွန်း ၁ ဇွန်းကို ပူအောင်တည်ပြီး မုန်လာဥနီကို ဆီသတ်ပေးပါ။
2.     ၁ မိနစ်လောက်နေရင် button mushroom လေးတွေကိုပါဆီသတ်ပေးပါ။
3.     ပြီးရင် ငရုပ်သီးအကြမ်းမှုန့် လက်ဖက်ရည် ၁ဇွန်း နဲ့ ကြက်သွန်ဖြူကိုပါ ထည့်မွှေပေးပါ။
4.     နောက် ကြက်ပြုတ်ရည် ၁ လီတာကိုလည်း ထည့်မွှေပေးပြီး ဆူအောင်တည်ပေးပါ။
5.     ဆူရင် ကြက်သား၊ ပဲပြားနဲ့ ဟင်းခပ်အရည်များကို ထည့်မွှေပေးပါ။
6.     ထပ်ဆူလာရင် ပြောင်းဖူးမှုန့်နဲ့ ရေ အရောကိုထည့်ပြီး ပျစ်အောင်မွှေပေးပါ။
7.     နောက်ဆုံးမှ ကြက်ဥနဲ့ နှမ်းဆီရောခေါက်ထားတာကို ဖြည်းဖြည်းချင်းထည့်ပြီးမွှေပေးပါ။  ၅ မိနစ်လောက်ထပ်တည်ပြီးရင် သုံးဆောင်လို့ရပါပြီ


Thursday, August 2, 2012

Singapore Style Hokkien Mee Noodle



စင်္ကာပူကနာမည်ကြော် ခေါက်ဆွဲကြော်ထဲမှာ Hokkien Mee လည်းအပါအ၀င်ပါပဲ။
ကျွန်မ စင်္ကာပူကိုရောက်ခါစက အဲဒီခေါက်ဆွဲကို အထူးအဆန်းအနေနဲ့ သဘောကျပြီး ခေါက်ဆွဲကြော်ပုံကြော်နည်းကို ခဏခဏရပ်ကြည့်ခဲ့ဘူးတာကို ပြန်ပြီးသတိရမိတယ်။ ဒီ Hokkien ခေါက်ဆွဲကလည်း နေရာဒေသလိုက်ပြီး (မလေးရှား KL မှာချက်တဲ့နည်းကာ တစ်မျိုးပါ) ချက်ပြုတ်နည်း နဲနဲကွာပါတယ်။  ခုကျွန်မချက်မယ့် နည်းကတော့ စင်္ကာပူမှာသုံးတဲ့နည်းပါ။ အဓိက ကတော့ပင်လယ်စာပေါ့နော်။ အသားပါတာကို သဘောကျတယ်ဆိုရင် ၀က်သားသုံးထပ်သားကို ပြုပ်ပြီး ခပ်သေးသေးပါးပါးလေးတွေ လှီးထည့်နိုင်ပါတယ်။ 

လုပ်နည်းလေးကို ကြည့်ကြရအောင်။ ခုရေးပြမယ့် အချိုးအစားတွေက တစ်ယောက်စာပါ။

  • ဂျုံခေါက်ဆွဲ အ၀ါ ၁၀၀ ဂရမ် (မကပ်အောင်ဖွထားပါ)
  • နန်းလတ် ၁၀၀ ဂရမ် (မကပ်အောင်ဖွထားပါ)
  • ပုဇွန် ၄ ကောင်
  • ပြည်ကြီးငါးအနည်းငယ်
  • ကျူဆိုင် ၂ ပင် (တစ်လက်မခွဲလောက်ရှည်ရှည်လေးတွေလှီးထား)
  • ကြက်သွန်ဖြူ ၃ မွှာ (နုတ်နုတ်စဉ်းထားပါ)
  • ကြက်ဥ ၁ လုံး
  • ပုဇွန် ဟင်းရည် ၃၅၀ မီလီလီတာ (တရုပ်ထမင်းစားပန်းကန်လုံး ၂ လုံးခန့်)
  • ငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
  • ငရုပ်ကောင်း အနည်းငယ်
  • နှမ်းဆီ အနည်းငယ်


ပုဇွန်ဟင်းရည်ချက်နည်း
ပထမဆုံး ပုဇွန်တွေကို အခွံခွာပြီး သန့်ရှင်းရေးလုပ်ထားလိုက်ပါ။ အဲဒီပုဇွန်ခေါင်းနဲ့ အခွံတွေနဲ့ ပုဇွန်ဟင်းရည်ပြန်ချက်ပါမယ်။  ပုဇွန်အခွံအားလုံးကို ဆီ (စားပွဲဇွန်း ၁ဇွန်းခန့်)ပူပူမှာ ခဏလှော်လိုက်ပြီး အနီရောင်သမ်းလာတာနဲ့ ရေတရုပ်ပန်းကန်လုံးနှစ်လုံးခွဲကို ထည့်ပေးလိုက်ပါ။ မီးအေးအေးနဲ့ နာရီဝက်လောက်တည်ရင် ပုဇွန်ဟင်းရည်ရပါပြီ။ အဲဒီအရည်ပမာဏဟာ ၃၅၀မီလီလီတာလောက်တော့ကျန်ရပါမယ်။ အခွံတွေကို စစ်ထုတ်လိုက်ပြီး ကြက်သားအဆီ (Knorr ကထုတ်တဲ့ အဆီ) ထမင်းစားဇွန်း ၁ ဇွန်းကို ရောမွှေပေးထားလိုက်ပါ။

ခေါက်ဆွဲမကြော်ခင် ပုဇွန်နဲ့ ပြည်ကြီးငါးကိုလည်း ရေဆူဆူမှာ ၁ မိနစ်လောက်ပြုပ်ပေးလိုက်ပါဦး။ ပြီးရင်ပြည်ကြီးငါးကိုလှီး ပြီး ပုဇွန်နဲ့ရောထားလိုက်ပါ။

ခေါက်ဆွဲစကြော်ရအောင်

  1. ဆီစားပွဲဇွန်း ၁ ဇွန်းခွဲ နဲ့ နှမ်းဆီနဲနဲ ကိုပူအောင်တည်ပြီး နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူများကို ထည့်ပေးပါ။
  2. ကြက်သွန်ဖြူနံ့လေးမွှေးလာတာနဲ့ ကြက်ဥကိုထည့်မွှေပေးပါ
  3. ခေါက်ဆွဲ ၂ မျိုးလုံးကိုတပြိုက်နက်ထည့်ပေးပြီး မီးပြင်းပြင်းမှာ ၂ မိနစ်ခန့်ကြော်ပါ။
  4. ပြီးရင် ခုနကအသင့်ပြင်ထားတဲ့ ပုဇွန်အရည် သုံးပုံ ၁ပုံကို ထည့်ပေးပြီး အရည်တွေခမ်းသွားအောင် ကြော်ပါ။ နောက်ထပ် သုံးပုံ၁ ပုံကိုထပ်ထည့်ပြီး အိုးကို အဖုံးအုပ်ထားပါ။ အရည်တွေခမ်းလာပြီဆိုရင် နောက်ဆုံးကျန်တဲ့ သုံးပုံတစ်ပုံ နဲ့ ပင်လယ်စာ၊ ကျူဆိုင်တွေကို ထည့်ပေးပါ။ ငံပျာရည်၊ ငရုပ်ကောင်း လည်း တစ်ခါတည်းထည့်မွှေပေးပြီး အရည်နဲနဲကျန်တဲ့အနေမှာ ချပြီးသုံးဆောင်ပါ။
  5. ဆမ်းဘားဆော့စ်၊ သုံပုရာရည်ညှစ်လိုက်ရင်တော့ ပိုပြီးအရသာရှိသော Hokkein ခေါက်ဆွဲရပါပြီ။