Showing posts with label Burmese Food. Show all posts
Showing posts with label Burmese Food. Show all posts

Wednesday, March 18, 2015

မုန်လာဥဖြူသုပ်





နွေရာသီပူပူမှာဆိုရင် ချဉ်စပ်အသုပ်ကလေးတွေကလည်း ထမင်းမြိန်စေပါတယ်။ ဒီတစ်ခါမှာတော့ မုန်လာဥဖြူကို ငရုပ်သီး၊ မြေပဲဆံများနဲ့ ဆိမ့်ဆိမ့်စပ်စပ်လေးသုပ်ပြပေးထားပါတယ်။ ဆီချက်မွှေးမွှေးနဲ့ ငရုပ်သီးလှော်ထောင်း အနံ့ကတင် စားချင်စဖွယ်ဖြစ်စေပါတယ်။

ပါဝင်ပစ္စည်းများ
မုန်လာဥဖြူ အသေးတစ်ဥ - အမျှင်ရအောင်ခြစ်ထားပါ။
ကြက်သွန်နီအသေးတစ်ဥ - ပါးပါးလှီးကာရေစိမ်ပါ
ငရုပ်သီးအတောင့်- အစိမ်း၊အနီ (အစပ်စားနိုင်သလောက်ထည့်ပါ)
ငရုပ်သီးအလှော်မှုန့်
ပုစွန်ခြောက်မှုန့် - စားပွဲဇွန်း ၁ ဇွန်းခန့်
မြေပဲဆံထောင်း စားပွဲဇွန်း ၁ ဇွန်းခွဲခန့်
ကြက်သွန်ဖြူဆီချက်
ငံပျာရည်


ပြင်ဆင်နည်း
ခြစ်ထားသော မုန်လာဥများကို ရေမြုပ်အောင်စိမ်ပြီး ရှာလကာရည် စားပွဲဇွန်း ၃ ဇွန်းခန့်ထည့်ကာ ၁ နာရီခန့်စိမ်ပါ။
ထို့နောက်ရေစစ်ပြီး ပါဝင်ပစ္စည်းအားလုံးနဲ့ ရောနယ်လိုက်ရင်တော့ ထမင်းမြိန်စေတဲ့ အသုပ်တစ်ပွဲရပါပြီ။

Friday, January 17, 2014

ကြက်သားဆီချက်






အနံ့မွှေးကြိုင်လှတဲ့  ကြက်သွန်ဖြူဆီချက်၊ အရသာရှိတဲ့ ခေါက်ဆွဲနဲ့အတူ အသားများပါဝင်တဲ့  ဆီချက်ခေါက်ဆွဲဟာ ပြောပြစရာမလိုလောက်အောင် ကျွန်မတို့ အများစုနဲ့ ရင်းနှီးပြီးသားဖြစ်မှပါ။  ပြင်ဆင်ချိန်နဲပြီး အရသာရှိတဲ့ အပြင် ပြုလုပ်နည်းကလည်း အင်မတန်မှ လွယ်ကူပါတယ်။


ပါဝင်ပစ္စည်းများ

  • ကြက်သား (သို့) ၀က်သား  - ၂၀၀ ဂရမ်
  • ကြက်သွန်မိတ်လှီးပြီးသား အနည်းငယ်
  • ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
  • ဆားလက်ဖက်ရည် ဇွန်း တစ်ဝက်
  • နှမ်းဆီ လက်ဖက်ရည်၁ ဇွန်း
  • ခေါက်ဆွဲ
  • ကြက်သွန်ဖြူ
  • ဆီ


ခေါက်ဆွဲနှင့်တွဲစားရန်ဆော့စ်

ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်း
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း

  1. ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါ
  2. အသားကို ပဲငံပျာရည်၊ ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ နှမ်းဆီဆမ်းကာ ရေခမ်းပြုပ်ထားပါ
  3. ပြုပ်ပြီးသးအသားကို ခပ်သေးသေးလှီးထားပါ
  4. ခေါက်ဆွဲ ကိုလည်းပြုပ်ထားပြီး ဆီချက် နှင့်ရောနယ်ပေးထားပါ။ (ခေါက်ဆွဲတစ်ပွဲစားကို ဆီ စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။
  5. ထို့နောက် ဆော့စ်ထည့်ကာ သမအောင်မွှေပါ (ခေါက်ဆွဲတစ်ပွဲစာကို ဆော့စ် စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။
  6. သေးသေးလှီးထားသော ကြက်သား၊ ကြက်သွန်မိတ် နှင့် ကြက်သွန်ဖြူဆီချက်များ ဆမ်းကာ သုံးဆောင်နိုင်ပါပြီ



Friday, December 20, 2013

ပင်လယ်စာ ပဲကြာဇံသုပ်






ကြားရယုံနဲ့တင် စားချင်မယ့် ချဉ်ချဉ်ငံငံစပ်စပ် ပင်လယ်စာ ပဲကြာဇံသုပ်နည်းလေးတစ်မျိုးပါ။ ဒီဟင်းပွဲလေးက သူငယ်ချင်းတွေ တွေ့ဆုံပွဲလုပ်မယ့် အချိန်တွေအတွက်လည်း အလွန်ပင်သင့်တော်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံ ၁၀၀ ဂရမ် (ရေနွေးဖြင့် ၂ မိနစ်ခန့်ပြုပ်ထားပါ)
  • ပုဇွန် နဲ့ ပြည်ကြီးငါးကိုလည်း( ပြုပ်ထားပြီး ခပ်သေးသေးလှီးထားပါ)
    ခရမ်းချဉ်သီး အကြီးတစ်လုံး (ပါးပါးလှီး)
  • ငရုပ်သီးတောင့်အနီ ၃ တောင့် (သေးသေးလှီးထားပါ)
  • ကြက်သွန်ဖြူ ၅ မွှာ
  • ကြွက်နားရွက်မှိုခြောက် အနည်းငယ် (ရေနွေးစိမ်ကာ ခပ်သေးသေးလှီးပါ)
  • နံနံပင် အနည်းငယ်

ငရုပ်သီး ၊ကြက်သွန်ဖြူ ကို ထောင်း (သို့)သေးသေးလှီးပြီး ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်း ၊ ငါးငံပျာရည် စားပွဲဇွန်း ၃ ဇွန်း၊ ဟင်းခတ်မှုန့်လက်ဖက်ရည် ဇွန်း ၁ ၀က်၊ သံပုရာသီး အကြီး ၁ လုံးခွဲ (အရည်ညှစ်ထားပါ) နဲ့ ရောမွှေထားပါ

စားကာနီးမှ အားလုံးရောမွှေလိုက်ရင် ချဉ်ငံစပ် ပဲကြာဇံ ပင်လယ်စာသုပ်ရပါပြီ။



Tuesday, December 17, 2013

ဖက်ထုပ်ဆီချက်





စားလို့သိပ်ကောင်းတဲ့ ဆီချက်တစ်မျိုးကတော့ ဖက်ထုပ်ဆီချက်ပါ။ လုပ်ရတာလဲ လွယ်ကူပြီးမြန်ဆန်တဲ့အပြင် ဖက်ထုပ်အစိမ်းများကို လုပ်ထားပြီးရင် အနည်းဆုံးတစ်ပတ်လောက် ရေခဲသေတ္တာထဲမှာ အေးခဲပြီး သိမ်းထားနိုင်တာကြောင့် အဆင်ပြေလှပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား (သို့) ၀က်သား စဉ်းပြီးသား ၃၀၀ ဂရမ်
  • ပဲပြား ၆၀ ဂရမ် (သို့) ပုံမှန်ဆိုဒ်ပဲပြား တစ်ဝက်
  • ရှီတာကီမှို ၃ ခု (သေးသေးလှီးထားပါ)
  • ကြက်ဥတစ်လုံး
  • ပြောင်းကော်မှုန့် လက်ဖက်ရည်၁ဇွန်း
  • ခရုဆီစားပွဲဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည် ၁ ဇွန်း
  • နှမ်းဆီလက်ဖက်ရည် ၁ ဇွန်း
  • ကြက်သားမှုန့် လက်ဖက်ရည် ဇွန်း တစ်ဝက်
  • ငရုပ်ကောင်းအနည်းငယ်



ပြုလုပ်နည်း

  1. ပါဝင်ပစ္စည်းများအားလုံးကို သမအောင်ရောမွှေပြီး ၁၀ မိနစ်ခန့်ထားပါ
  2. ထို့နောက် ဖက်ထုပ်အဖတ်ထဲသို့ ပုံပါအတိုင်း ထည့်ကာထုပ်ပေးပါ
  3. သုံးမည့်ဖက်ထုပ်များကို ဖယ်ကာ ကျန်ဖက်ထုပ်များကို ရေခဲသေတ္တာအပေါ်ထပ်တွင်ထည့်ကာ ခဲထားလိုက်ပါ။
  4. ဆော့အတွက် ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်းနဲ့ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ရောမွှေထားလိုက်ပါ။
  5. ကြက်သွန်ဖြူ ကို ဆနွင်းမထည့်ပဲ ဆီချက်ချက်ထားပါ
  6. မုန်ညှင်းအနည်းငယ် ပြုပ်ကာဆယ်ထားပါ။
  7. ဖက်ထုပ်များကို ရေဆူဆူတွင် ၃ မိနစ်ခန့်ပြုပ်ပါ (ကျက်မကျက်သိရန်မှာ ရေဆူဆူထဲသို့ထည့်ပြီး ဖက်ထုပ်များ အိုးအောက်ခြေတွင် မကပ်ပဲရေပေါ်ပေါ်လာလျှင်ရပါပြီ။ ကြာကြာပြုပ်ပါက မာတတ်ပါသည်)။
  8. ပွဲပြင်ရန်အတွက်  ဖက်ထုပ်၊ မုန်ညှင်းများကို ပန်းကန်ထဲတွင်ထည့်ကာ ဆော့လက်ဖက်ရည် ၂ ဇွန်းခန့်ဆမ်း၊ ဆီချက်များထည့်ပြီးလျှင် ကြက်သွန်မြိတ်ဖြူးပါ။
  9. အနံ့မွှေးကြိုင်ပြီး အရသာရှိသော ဖက်ထုပ်ဆီချက်အသင့်ဖြစ်ပါပြီ

Wednesday, December 4, 2013

ငါးခူစဉ်းကော





ဒီတစ်ခါတော့ မြန်မာဆန်ဆန် ငါးခူစဉ်းကော လုပ်နည်းလေး မျှဝေပေးချင်ပါတယ်။ ငါးအသားလွှာကို ဆီပြန်ချက်ထားတာကြောင့် အရိုးကြောက်သူများ နှစ်သက်မယ့်ဟင်းတစ်ခွက်ပါ

ပါဝင်ပစ္စည်းများ


  • ငါးခူ အကြီး ၁ ကောင်
  • ခရမ်းချဉ်သီး အလတ် ၂ လုံး
  • ကြက်သွန်ဖြူ ၅ မွှာ
  • ကြက်သွန်နီ ဥကြီး တစ်ဥ


ချက်နည်း

  1. ငါးခူကို တုံးတာ အသားချည်းသပ်သပ်လှီးထုတ်ထားပြီး ဆား၊ဆနွင်း နယ်ထားပါ
  2. ကြက်သွန်ဖြူနီကို ပါးပါးလှီးကာ ဆီစားပွဲဇွန်း ၆ ဇွန်းဖြင့်ဆီသတ်ပေးပါ
  3. နောက် ခရမ်းချဉ်သီးပါးပါးလှီးကာ ထည့်ပေးပါ
  4. ခရမ်းချဉ်သီးကြေပြီး လိပ်လာလျှင် ငံပျာရည် စားပွဲဇွန်း ၁ ဇွန်း၊ အရောင်တင်မှုန့် လက်ဖက်ရည် ၂ ဇွန်းခန့်ထည့်မွှေပေးပါ။
  5. နောက်ဆုံးမှ ငါးထည့်ပြီးမွှေပြီး ဆီပြန်အောင်တည်ပါ။
  6. မီးပေါ်မှ ချကာနီးမှ နံနံပင်လေးအုပ်လိုက်ရင်တော့ အနံ့အရသာပြည့်စုံတဲ့ ငါးခူစဉ်းကော သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

Sunday, October 27, 2013

အုန်းနို့ခေါက်ဆွဲ





လူကြီးများနဲ့ သင့်တော်တဲ့ အုန်းနို့ခေါက်ဆွဲချက်နည်းလေးပါ။ အဓိကကတော့ နို့စိမ်းကိုသုံးပါတယ်။ အုန်းနို့လည်း နဲနဲတော့ပါတယ်။ အနံ့လောက်ရအောင်ပဲ ထည့်တာပါ။  အုန်းနို့နံ့မပါတော့လည်း တစ်ခုခုလိုနေသလို့မို့လို့ပါ
အများစုချက်တတ်ပြီးသားဖြစ်မှာပါ။

အိမ်မှာချက်တဲ့ အချိုးအဆလေးတွေကို ပြန်ရေးပြလိုက်ပါတယ်. အမေနဲ့ ကျွန်မနဲ့ ၂ ယောက်ပေါင်း စုပေါင်းစပ်ပေါင်း ချက်ထားတဲ့ ခေါက်ဆွဲပေါ့။ 

..
ပထမဆုံး ကြက်သားအရိုးနဲ့အသားရောတာလေးတွေကို ဆနွင်း၊ချင်းနဲ့ ရောပြီး ရေခမ်းပြုပ်ပါတယ်။ ကြက်တစ်ခြမ်းသုံးပါတယ်။ နောက်အသားထွင်ပြီး ချင်း(လက်တစ်ဆစ်)၊ကြက်သွန်ဖြူ ၁ မွှာညက်နေအောင် ထောင်းထားတာလေးနဲ့ ဆီနဲနဲလေးနဲ့ ခြောက်နေအောင်ဆီသတ်ပါ...

မွှေးပဲစိမ်းမှုန့်အထုပ်တစ်ဝက်ကို ရေအေးနဲ့ ဖျော်ပြီး မီးပေါ်မှာဆူအောင်တည်ပါ..(ရေ ၂ လီတာခွဲ လောက်ရှိမယ်) ...ပွက်လာရင် ဆီသတ်ထားတဲ့ ကြက်သား၊ကြက်ရိုးများကိုထည့်တည်ပြီး တောက်လျောက် မပြတ်မွှေပေးပါ။

သကြား စားပွဲဇွန်း ၃ ဇွန်းနဲ့ ထန်းလျက် ၂ ခဲကိုထည့်မွှေပါ။ နို့စိမ်းဗူးတစ်ဝက်ကိုလည်း ထည့်မွှေပေးပါတယ်။ အုန်းနို့ရည် ၁၅၀ မီလီလီတာလောက်ကိုလည်း ရောမွှေပေးပါ။ငံပျာရည် စားပွဲဇွန်း ၂ ဇွန်း ၊ဆားလက်ဖက်ရည် ၂ ဇွန်းကိုပါရောမွှေပေးပါ။ အပေါ့အငံ မြည်းပြီးမီးအေးအေးနဲ့ နာရီဝက်လောက်တည်ပေးရင် ရပါပြီ..


ပြီးရင်တော့ ကြက်သွန်နီ၊ ငါးဖယ်ကြော်၊ ကြက်ဥ၊ငရုပ်သီးအလှော်မှုန့် နိုင်းချင်းနဲ့ အရသာရှိသော အုန်းနို့ခေါက်ဆွဲကို သုံးဆောင်နိုင်ပါပြီ။

 

Sunday, August 11, 2013

အသုပ်စုံ (သို့) အစုံသုပ်


ပြီးခဲ့တစ်ပတ်က ခရီးသွားနေတာကြောင့် ပို့စ်မတင်တာ နဲနဲကြာသွားတာ။ ဗမာစာနဲ့ ကင်းကွာသွားတဲ့ ၁ ပတ်ကာလအတွင်း စိတ်ထဲတောင့်တ မိတာကတော့ ရိုးရာဗမာအစားအသောက်တွေပါပဲ။ သူတို့နိုင်ငံရဲ့ အစားအသောက်တွေကလည်း စားကောင်းသောက်ဖွယ်တွေပါပဲ။ ဒါပေမယ့် ကိုယ့်ပါးစပ်နဲ့ အရသာမတွေ့တာကတော့ ဆိုးလွန်းတဲ့ ခံစားချက်ပါ။ အနပ်တိုင်းကို အီလည်လည် မကျေမနပ်နဲ့ ဗိုက်ပြည့်ရတာများပါတယ်။ စားလို့ကောင်းတဲ့ ဟင်းပွဲ ၂ မျိုးလောက်တော့တွေ့ခဲ့တယ်။ ဒါပေမယ့်လည်း အမြဲတန်းကျတော့ မစားနိုင်ပြန်ဘူး။ ဗမာဟင်းလျာ မဟုတ်တဲ့ တခြားအာရှ ဟင်းလျာတွေကလည်း ခါတိုင်းစားဖူးနေကျလိုမဟုတ်ပဲ ချဉ်၊ငံ၊စပ် အရသာအားလုံးက ပေါ့ရွှတ်နေပြီး စိတ်တိုင်းကို မကျခဲ့ပါဘူး။ တစ်ခါတစ်လေ ဘာစားလို့စားရမှန်းကို မသိပဲ စိတ်တွေတိုနဲ့ တစ်ပတ်လေးအတွင်းကို တော်တော်ဂွကျခဲ့တာ။  အနောက်တိုင်း အစားသောက်ကို ကိုယ့်ဘာသာလုပ်စားရင်တော့ တော်တော်အဆင်ပြေတာ။ ဟိုကျတော့ ဘယ်လိုဖြစ်တယ်တော့ မသိပါဘူး။ဒါနဲ့ပဲ ပြန်မယ့်ရက်ကျရင်တော့ အိမ်ရှိသမျှဗမာ အစားအစာ စားရမှဖြစ်တော့မယ်ဆိုပြီး အားတင်းပြီးပြန်လာခဲ့ပါတယ်။

 လေဆိပ်ကရောက်ရောက်ချင်း ရေခဲသေတ္တာထဲကို မွှေနှောက်လိုက်တော့ လက်ဖက် ချဉ်ငံစပ်ထွက်လာတယ်။ နောက် ငရုပ်သီးကြော်နဲ့ ငါးပိထောင်း။ ထမင်းလေးကိုချက်ပြီး ရှိတာလေးနဲ့ နယ်ဖတ်စားသောက်လိုက်တာတောင် ကောင်းလိုက်တဲ့ ဖြစ်ချင်း။ တင်းတိမ်တယ်ဆိုတဲ့ အရသာကို အဲဒီတော့မှရတော့တာ။ အဲဒါက စနေနေ့ခင်း။ အဲဒီရောဂါက ဒီနေ့ တနင်္ဂနွေအထိ မဆက်မပြတ်ဘူး။ ဒါနဲ့ပဲ အသုပ်လုပ်စားမယ်ဆိုပြီး အသုပ်စုံတစ်ပွဲဖြစ်လာတာပါပဲ။

ပါတဲ့ပစ္စည်းတွေကတော့ ထွေထွေထူးထူးတောင် ရေးနေစရာမလိုဘူးနော်။ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း အဆင်ပြေတဲ့

  • ခေါက်ဆွဲ
  • ပဲကြာဆံ
  • အာလူး
  • ထမင်းနီ
  • မှိုခြောက်
  • ပဲပင်ပေါက်ရေနွေးဖျော
  • ဂေါ်ဖီထုပ်

အားလုံးကိုသင့်အောင် ရောမွှေပြီး ပုဇွန်ခြောက်ထောင်း၊ ငရုပ်သီးလှော်မွှေးမွှေး၊ ကြက်သွန်နီဆီချက်နိုင်းချင်းကို မန်ကျည်းမှည့်၊ ပဲမှုန့်၊ ငံပျာရည် အားလုံးရောမွှေပြီး အားရပါးရနယ်လိုက်ရင်တော့ ချဉ်၊ငံ၊ စပ်အရသာ အပြည့်နဲ့ အသုပ်ရတာပါပဲ။ ဒီလို အသုပ်က အားရပါးရနယ်စားမှကောင်းတာနော်။ ခပ်ဖွဖွနယ်ရင်တော့ အရသာသိပ်မ၀င်သလိုပဲ။

အသုပ်နဲ့တွဲစားဖို့အတွက် ပူပူစပ်စပ်ဟင်းခါးလေးကို ငရုပ်ကောင်းနိုင်းချင်းခပ်လိုက်တယ်။ ဂေါ်ဖီထုပ်ဟင်းခါးပေါ့။
အဲဒါနဲ့ပဲ အရသာရှိသော တနင်္ဂနွေနေ့လည်စာ အသုပ်နဲ့ ဟင်းခါးရတာပါပဲ။
လာလည်သူများလည်း အရသာရှိသော အသုပ်ကို စာမှတဆင့်ခံစားနိုင်ကြပါစေ။

****ဒီပို့စ်ကတော့ စနစ်တကျ ကြိုမရေးဖြစ်တဲ့ ပေါ့ပေါ့ပါးပါးရေးတဲ့ပို့စ်ပါ၊ အဲဒါကြောင့်မို့ ခါတိုင်းလိုတော့ မဟုတ်ဘူးနော်****************


Tuesday, July 9, 2013

ဆနွင်းမကင်း (Burmese Traditional Semolina Cake)





ဒီတစ်ခါတော့ ဗမာမုန့်ဖက် ခဏလှည့်လိုက်ဦးမယ်။ ဆနွင်းမကင်းကို အကြိမ်တော်တော်များများ စမ်းဖူးပါတယ်။ စိတ်တိုင်းသိတ်မကျတာနဲ့ လုပ်နည်းလည်း မရေးဖြစ်ခဲ့ပါဘူး။ အုန်းနို့နဲချည်းပဲ လုပ်ရင် စားချင်တဲ့ အရသာမထွက်တာနဲ့ နို့စိမ်းလေးနဲ့ အစားထိုးလိုက်တာ တော်တော်အဆင်ပြေသွားတယ်။ ရွှေနယားနီးပါး ကောင်းတယ်လို့ ကိုယ့်ဘာသာကိုယ် အမှတ်ပေးလိုက်တယ်။

ပါဝင်ပစ္စည်းများ


  • ရွှေကြည် ၂၅၀ ဂရမ်
  • အုန်းနို့  ၄၀၀ ဂရမ်
  • နို့စိမ်း ၃၅၀ ဂရမ်
  • သကြား ၂၈၀ ဂရမ်
  • ကြက်ဥ ၁ လုံး
  • ထောပတ် ၉၀ ဂရမ်
  • ဆား လက်ဖက်ရည် ဇွန်း ထက်ဝက်
  • (အုန်းနို့၊ နို့စိမ်းနှင့် ကြက်ဥကိုရောခေါက်ထားပါ)




ပြုလုပ်နည်း

  1. ပထမဆုံး ထောပတ်ကို အရည်ပျော်အောင် အပူပေးပြီး ရွှေကြည်များကို အညိုရောင်သမ်းလာအောင် လှော်ပေးပါ။
  2. သကြား နှင့် အုန်းနို့၊ နို့စိမ်းများ အရောများကိုထည့်ကာ အဆက်မပြတ် မွှေပေးပါ။
  3.  ( ကြက်ဥပါတာကြောင့် အဆက်မပြတ်မွှေပေးရပါမယ်။ မဟုတ်ရင် ကြက်ဥကြက်သွားပြီး အဖတ်အဖတ်များဖြစ်တတ်လို့ပါ)




  1. မုန့်သားဗန်းမှာ မကပ်တော့လျှင် မုန့်ဖုတ်ဗန်းထဲသို့ ပြောင်းထည့်ပြီး ထောပတ် အနည်းငယ်ထပ်ဆမ်းပါ
  2. ဘိန်းစေ့ဖြူးကာ အုန်းနို့ဆမ်းပြီး ၁၈၀ ဒီဂရီအာဗင်မှာ နာရီဝက်ဖုတ်ပေးရင် ရပါပြီ