Tuesday, February 25, 2014

ကန်ဇွန်းရွက် ဆီချက်






ထူးထူးဆန်းဆန်းဆီချက် နောက်တစ်မျိုးက ကန်ဇွန်းရွက်ဆီချက်ပါ။ ကန်ဇွန်းရွက်သပ်သပ် ကို ဆီချက်ခေါက်ဆွဲအတိုင်း လုပ်ထားတာပါ။ ဒီနည်းကိုတော့ သူငယ်ချင်းဆီက ရလာတာပါ။ သူကပြောပြတဲ့ အတိုင်းကိုယ်ကလိုက်ချက်ထားတဲ့ ဆီချက်တစ်ပွဲပါ။ ဟင်းရွက်အရသာ၊ အသားအရသာပေါင်းစပ်ထားပြီး အင်မတန်စားလို့ကောင်းပါတယ်။


ပါဝင်ပစ္စည်းများ
ကြက်သား (သို့) ၀က်သား  - ၂၀၀ ဂရမ်
ကြက်သွန်မိတ်လှီးပြီးသား အနည်းငယ်
ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
ဆားလက်ဖက်ရည် ဇွန်း တစ်ဝက်
နှမ်းဆီ လက်ဖက်ရည်၁ ဇွန်း
ကန်ဇွန်းရွက်တစ်စည်း ( ၃၀၀ ဂ၇မ်ခန့်) - ခြွေထားပါ
ကြက်သွန်ဖြူ
ဆီ

ဆော့စ်

ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်း
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း
ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါ
အသားကို ပဲငံပျာရည်၊ ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ နှမ်းဆီဆမ်းကာ ရေခမ်းပြုပ်ထားပါ
ပြုပ်ပြီးသးအသားကို ခပ်သေးသေးလှီးထားပါ
ကန်ဇွန်းရွက်များကို ရေဆူဆူမှာ ၃ မိနစ်ခန့်ပြုပ်ကာ ရေအေးနှင့်ပြန်ဆေးထားပါ
ထို့နောက် ဆော့စ်ထည့်ကာ သမအောင်မွှေပါ
သေးသေးလှီးထားသော ကြက်သား၊ ကြက်သွန်မိတ် နှင့် ဆီချက်များ ဆမ်းကာ သုံးဆောင်နိုင်ပါပြီ

Friday, February 21, 2014

Egg in a toast



မနက်ဖြန်မနက် ရုံးပိတ်ရက်မှာ ထူးထူးဆန်းဆန်းလုပ်စားချင်သူများအတွက် ပေါင်မုန့်ကြက်ဥကင်လုပ်နည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီမုန့်လေးကို အရင် ဘလော့နှစ်ဦးကာလများက လုပ်ပြခဲ့သလို Food magazine ကလေးအစီအစဉ်အတွက်လည်း ရေးပေးဖူးပါတယ်။ တကယ်တမ်းတော့ ဒီမုန့်က ကလေးလူကြီးမရွေးစားနိုင်တဲ့မုန့်ပါ။ ရှိပြီးသား ပစ္စည်းများနဲ့သာ ပြုလုပ်နိုင်တာကြောင့် အားလုံးနှစ်သက်ကြပါလိမ့်မယ်


ပါဝင်ပစ္စည်းများ
  • ပေါင်မုန့် အဖြူ ၂ ချပ်
  • ကြက်ဥ၁လုံး
  • ချိစ်ပြား ၁ ချပ် (ချိစ်ကြိုက်ရင် ၂ ချပ်ထည့်လို့ရပါတယ်)






ပြုလုပ်နည်း

1.    အာဗန်ကို ၁၆၀ ဒီဂရီအပူပေးထားပါ
2.    ပေါင်မုန့် တစ်ချပ်ကို ဘေးသား လက်တစ်လုံးခန့်လှီးထုတ်ထားလိုက်ပါ။
3.    ကျန်တဲ့ပေါင်မုန့်နောက်တစ်ချပ်ပေါ်မှာ ချိစ်များကို ပုံပါအတိုင်းဖြူးလိုက်ပါ။
4.    နောက် လှီးထုတ်ထားသော ပေါင်မုန့်ဘေးသားများကိုတင်ပေးပါ။
5.    အလယ်မှနေရာလွတ်တွင် ကြက်ဥဖောက်ထည့်ပြီး ချိစ်ထပ်ဖြူးပါ
6.    ထို့နောက်အာဗန်တွင် ၁၀ မိနစ်ခန့်ကင်ပါ။
7.    ကြွပ်ရွပြီးအရသာရှိတဲ့ ပေါင်မုန့်ကင်အသင့်ဖြစ်ပါပြီ

Thursday, February 20, 2014

ပန်ကိတ်အကြွပ် (Crispy Pancake)





ပုံမှန်အားဖြင့်တော့ ပန်ကိတ်ဆိုရင် ခပ်ပျောပျော့လေးတွေများပါတယ်။ ဒါပေမယ့် ကြွပ်ကြွပ်ကလေးနဲ့ အရသာရှိတဲ့ ပန်ကိတ်မျိုးလဲ ရှိပါတယ်။ နာမည်ကိုက Crispy Pan Cake တဲ့။ အထဲမှာ ချိစ်၊ ချောကလက်နှစ်သက်ရာ တစ်မျိုးမျိုးကိုထည့်စားနိုင်ပါတယ်။ ကြွပ်ကြွပ်ရွရွှဘေးသားများနဲ့ အလယ်က အစာတွဲဖက်ပြီး အင်မတန်မှစားကောင်းလှပါတယ်။ လုပ်နည်းကတော့ လွယ်ကူပြီး ပုံမှန်ပန်ကိတ်လုပ်တဲ့ အတိုင်းပါပဲ။ ဒါပေမယ့် မုန့်နှစ်အပျစ်အကျဲ၊ နဲ့ မီးအပူချိန်က ကြွပ်မကြွပ်အတွက် အဓိကကျပါတယ်။

မုန့်ကြွ့ပ်ကြွပ်လေးကြိုက်သူများ နှစ်သက်ကြမှာအသေအချာပါ

ပါဝင်ပစ္စည်းများ
  • ဂျုံ ၁၅၀ ဂရမ်
  • ကြက်ဥခေါက်ပြီးသားတစ်ဝက်
  • သကြား စားပွဲဇွန်း ၂ ဇွန်း
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • တဆေး (yeast) လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရေ ၁၅၀ မီလီလီတာ

ပြုလုပ်နည်း

1.    မုန့်နှစ်အတွက် ပါဝင်ပစ္စည်းအားလုံးကို ရောမွှေကာ နာရီဝက်ခန့်ထားပါ။ (ရေကို အကုန်မထည့်ပဲ သုံးပုံ၂ ပုံခန့်အရင်ထည့်ကြည့်ပါ။ မုန့်သားက တော်တော်ပျစ်ရပါမယ်၊ လိုမှထပ်ထည့်ပါ)
2.    မကပ်သည့်အိုးကို ထောပတ်အနည်းငယ် သုတ်ကာမီးအပူချိန် အနိမ့်ဆုံးမှာထားကာ အပူပေးပါ။ အိုးပူလာမှာ မုန့့််နှစ်ခပ်ပါးပါးဆမ်းကာ ဘေးသားများအထိမုန့်ကပ်စေရန် ဇွန်းဖြင့်ညှိပေးပါ။
3.    နောက် ချိစ် (သို့) ချောကလက် အနည်းငယ်ဖြူးကာ အဖုံးအုပ်ထားပါ
4.    ၃ မိနစ်ခွဲခန့်ကြာလျှင် မုန့်သားကို တစ်ဝက်ခေါက်ချလိုက်ပါ
5.    တစ်ဖက်စီကို မိနစ်ဝက်ခန့်ထားပြီးလျှင် သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ
6.    ကျန်မုန့်နှစ်များကိုလည်း သည်နည်းအတိုင်းဆက်လုပ်သွားပါ။

Tuesday, February 18, 2014

အသဲပုံဒီဇိုင်း ဆွစ်ရိုး






ရိုးရိုး swiss roll ကနေခွဲထွက်ထားတဲ့ အသဲပုံဒီဇိုင်းဖော်ထားတဲ့ swiss roll တစ်မျိုးလုပ်ကြည့်ကြရအောင်။ swiss roll ပေါ်မှာ အသဲပုံလေးများနဲ့ လှပဆန်းသစ်တဲ့ မုန့်လေးပါ။ တကယ်လို့ အသဲပုံမလုပ်ချင်ရင်လည်း တခြားနှစ်သက်တဲ့ ပုံလေးတွေဖော်လို့ရတယ်နော်။ ရိုးရိုးဆွစ်ရိုးချည်းပဲလုပ်ရမှာ ပျင်းတယ်ဆိုတဲ့ သူများသဘောကျကြမှာပါ။ ဒီ့ထက်မကဆန်းသစ်ပြီး ဒီဇိုင်းအမျိုးမျိုးထွင်ပြီး ခင်မင်တဲ့သူတွေကို လက်ဆောင်ပေးရင်လည်း မျက်နှာပန်းလှတယ်လေနော်။ 

ဒီကိတ်မှာတော့ ဆွစ်ရိုးထဲထည့်လိပ်ဖို့အတွက် မအိက Nutella ယိုကိုသုံးထားပါတယ်။ ချောကလက်အရသာ မကြိုက်ဘူးဆိုရင် စတော်ဘယ်ရီယိုနဲ့လည်း အစားထိုးနိုင်သလို whipping cream ချည်းသက်သက်ပါ အသုံးပြုနိုင်ပါတယ်။ ခရင်မ် အရသာကတော့ ကိုယ့်စိတ်ကြိုက်အဆင်ပြေသလိုစပ်နိုင်လေ ကောင်းလေပါပဲ။ လွယ်ကူမြန်ဆန်ချင်ရင်တော့ Nutella ကိုသုံးတာတော့ အမြန်ဆုံးပဲ။

ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၃လုံး
  • သကြား ၇၀ ဂရမ်
  • ဂျုံ ၈၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ထောပတ် ၂၀ ဂရမ် (အပူပေးပြီး ပျော်အောင်လုပ်ထားပါ)
  • ဗနီလာ အနံ့အနည်းငယ်

ကိတ်မုန့်လုပ်နည်းအဆင့်ဆင့်

(၁၀လက်မ x ၁၀လက်မဗန်း)
  1. ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
  2. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။
  3. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  4. နောက်ဆုံးမှ ဆီကိုရောမွှေပြီးထည့်ပေးပါ။ အနံ့အတွက် ဗနီလာ အနံ့(လက်ဖက်ရည် ဇွန်း ထက်ဝက်)်ကိုထည့်ပြီး ရောမွှေပါ။
  5. ရလာသောမုန့်နှစ်ကို စားပွဲဇွန်း ၁ ဇွန်းခွဲခန့်ဖယ်ထုတ်ပြီး ပန်းရောင်ဆိုးဆေး အနည်းငယ်ထည့်မွှေပါ။
  6. ထို့နောက် မုန့်ဖုတ်စက္ကူခင်းထားသေားဗန်းတွင် အသဲပုံဒီဇိုင်းများပုံဖော်ကာ ၁၆၀ ဒီဂရီ အပူပေးထားသော အာဗန်တွင် ၃ မိနစ်ခန့်ဖုတ်ပါ။




  1. ထို့နောက် ၁ မိနစ်ခန့်အအေးခံကာ ကျန်မုန့်နှစ်များဖြန့်ခင်းကာ ၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၅မိနစ်ဖုတ်ရင်ရပါပြီ။ 
  2. မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။ အေးသွားပြီဆိုမှ Nutella Chocolate Cream ကို မျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။
  3. အမြင်လှ၊ အရသာရှိသော special swiss roll အသင့်ဖြစ်ပါပြီ။