Showing posts with label Western food. Show all posts
Showing posts with label Western food. Show all posts

Wednesday, May 8, 2013

Rosemary အာလူးကင်




နာမည်ကြီး Chef Jamie Oliver ရဲ့ အာလူးကင်နည်းလေးကို ပြန်လည်မျှဝေမယ်နော်
စားရတာလည်း တော်တော်ကောင်းပြီး အနောက်တိုင်း အစားအစာမျိုးတွေနဲ့ဆိုရင်ပိုပြီး လိုက်ဖက်ပါတယ်။ အနောက်တိုင်း ဟင်းခပ်အမွှေးအကြိုင် Rosemary နဲ့ထောပတ်ကို သုံးထားတာကြောင့် အနံ့လေးကအစ မွှေးကြိုင်နေတာပါပဲ။ သာမန်အာလူးကင်နဲ့ အဓိကကွာခြားချက်က အဲဒီ အမွှေးနံ့နဲ့ ရှာလကာရည်ပါ။ ကျွန်မတို့ အိမ်မှာ ကြက်ကင်ရင်တော့ ဒီအာလူးက မပါမဖြစ်ပေါ့။
တစ်ခါစားဖူးရင်တော့ နောက်အမြဲလုပ်စားဖြစ်မှာ သေချာသလောက်ပါပဲ။ လုပ်နည်းလေး ကြည့်ကြရအောင်.

ပါဝင်ပစ္စည်းများ
·         အာလူး
·         Rosemary (ရယ်ဒီမိတ်ဗူးလေးတွေနဲ့လာပါတယ်)
·         ထောပတ်အနည်းငယ်
·         ရှာလကာရည်
·         ကြက်သွန်ဖြူ
·         ဆား


ပြင်ဆင်နည်း
1.      အာလူး ၁ ကီလိုကို အခွံနွာပြီး ရေအေးနဲ့ ၁၀ မိနစ်ခန့်စိမ်ပါ။
2.      နောက်ရေဆူဆူမှာ နူးလာတဲ့ အထိပြုပ်ပေးပါ။
3.      အာလူးတွေ နူးပြီဆိုရင် ရေစစ်ထားပေးပါ။



4.      နောက်ဗန်းတစ်ခုထဲမှာ ထောပတ် စားပွဲဇွန်း ၂ ဇွန်းလောက်ထည့်ပြီး အာလူးများကို ထည့်ကာ ဆားစားပွဲဇွန်း ၁ ဇွန်းခန့်ဖြူးပြီး ၁၈၀ ဒီဂရီ အာဗင်မှာ မိနစ် ၂၀ လောက်ကင်ပါ
5.      တကယ်လို့ Happy call ဗန်းကို သုံးမယ်ဆိုရင်တော့ ၁၀ အဖုံးပိတ်ပြီး ၁၀ မိနစ်လောက်ပါပဲ
6.      ကင်နေတုန်းမှာ rosemary အနည်းငယ်+ ရှာလကာရည် စားပွဲဇွန်း တစ်ဇွန်းနဲ့ ကြက်သွန်ဖြူများကို ရောမွှေပြီး ပြင်ထားပါ
7.      နာရီဝက်ကြာရင် (သို့ happy call အိုးနဲ့ဆိုရင် ၁၀ မိနစ်လောက်ကြာရင်) ဗန်းကိုထုတ်ပြီး အာလူးခြေတံနဲ့ အသာဖိခြေပေးပါ။

နောက် စပ်ထားတဲ့ seasoning ကိုထည့်ပြီး နောက်ထပ် မိနစ် ၂၀ လောက် သို့ အပေါ်ယံလွှာလေးတွေ ကြွပ်လာတဲ့ အထိပြန်ကင်ပေးပါ။
ဒါဆိုရင်တော့ ရနံ့မွှေးပြီး အရသာရှိတဲ့ အာလူးကင်အဆင်သင့်ဖြစ်ပါပြီ


Sunday, March 25, 2012

အနောက်အတိုင်းအစားအစာ လုပ်စားကြမယ် - Chicken Cordon Bleu





ပြီးခဲ့တဲ့၂ပတ်ကျော်  NTUC ကိုအသွားမှာ ဟင်းချက်စာအုပ် ၂ အုပ်တွေ့လို့ သဘောကျပြီး ၀ယ်လာခဲ့ပါတယ်။ ချက်စရာတွေကများနေတာနဲ့ ဒီနေ့မှဘဲ လုပ်စားဖြစ်တယ်။ နေ့လယ်စာ ကြက်သားလိပ်ပေါ့ လွယ်ကူမြန်ဆန်ပြီး အရသာရှိသော အနောက်တိုင်းအစားအစာ တစ်မျိုးပါ။ ဒီလိုလုပ်နည်းကို လွန်ခဲ့သော ၃ နှစ်လောက်က အစားအသောက်အစီအစဉ်တစ်ခုမှာ တွေ့ဖူးသေးတယ်။ အဲဒီတုန်းကတည်းက လုပ်စားချင်နေတာ ခုမှအကောင်အထည်ဖော်ဖြစ်တယ်။
 




တစ်ယောက်စာအတွက် ကြက်ရင်ပုံသား တစ်ခု၊ ကြက်သား (သို့) ၀က်သားနဲ့ လုပ်ထားတဲ့ ham ၊ ခြစ်ပြီးသား ချိစ်လေးတွေနဲ့ အပေါ်မှာ ကပ်ဖို့ ပေါင်မုန့်ကြွပ်အခြောက်မှုန့်လေးတွေလိုပါတယ်။ အိမ်မှာတော့ ကြက်သားပဲစားတာမို့ chicken ham ကိုပဲသုံးပါတယ်။

ပထမဆုံးကြက်ရင်ပုံကို အိပ်တစ်ခုထဲထည့်ပြီး ပြားသွားအောင်ထုပေးပါ။ ပြီးမှ ဆား၊ ကြက်သားမှုန့်၊ငရုပ်ကောင်း ဖြူးပြီး ham၊ ချိစ်ထည့်ပြီးလိပ်ပေးပါ။ လိပ်ထားပြီးသားကြက်သား ကွဲမထွက်အောင် သွားကြားထိုးတံလေးတွေနဲ့ ထိုးထားလိုက်ပါ။ ပြီးရင် ဂျုံနဲ့ လူး။ ကြက်ဥခေါက်ထားတာထဲ ထည့်၊ နောက်ဆုံးမှ ပေါင်မုန့်ကြွပ်ကပ်ပေးပြီး ၂၀၀ ဒီဂရီ အာဗင်မှာ ၂၅ မိနစ်ကင်ပါ

 ဆော့အတွက်ကို ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဂျုံ စားပွဲဇွန်းမောက်မောက် ၁ ဇွန်ကို ရေကျဲကျဲနဲ့ ဖျော်ပြီး ပျစ်လာအောင်တည်ပေးပါ။ ဆားနဲနဲထည့်ပြီး ထောပတ် လက်ဖက်ရည်၁ ဇွန်းကို ချကာနီးမှာ ထည့်မွှေပေးရင်ရပါပြီ