Tuesday, July 31, 2012

ပျားရည်ဂျုံကြမ်းပေါင်မုန့်



ဒီတစ်ခါမှာတော့ ဂျုံကြမ်းပေါင်မုန့်လုပ်နည်းကို မျှဝေပေးချင်ပါတယ်။ ဂျုံကြမ်းပေါင်မုန့်က စားနေကျမဟုတ်ရင် အရသာတစ်မျိုးလို့ ထင်ရပေမယ့် အဲဒီပေါင်မုန့်ကို စွဲပြီးစားကြည့်လိုက်ရင် ပေါင်မုန့်အဖြူကို မစားချင်တော့ပါဘူး။ ဒါကတော့ ကိုယ်တွေ့ပါ။ အရသာပိုလေးပင်တယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ အဆာလဲပိုခံတဲ့အပြင် ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်။ ကျွန်မတို့ အိမ်မှာတော့ ဂျုံကြမ်းပေါင်မုန့်ဟာ မနက်စာထဲက မရှိမဖြစ်အစာတစ်ခုပါ။ အားလုံး အလုပ်သွားကြတဲ့သူတွေဆိုတော့ ပေါင်မုန့်နဲ့ ကွေကာအုပ်ကတော့ မရှိမဖြစ်ပါဘဲ။ ခါတိုင်းကတော့ ရိုးရိုးဂျုံကြမ်းပေါင်မုန့်ပဲ ၀ယ်စားပါတယ်။ ခုကိုယ့်ဘာသာကိုယ်လုပ်စားတယ်ဆိုတော့ အရသာလေးပိုရှိအောင် ပျားရည်တို့ နို့တို့ထည့်ပြီး အသင့်ရှိတဲ့ ကွေကာအုပ်တွေပါ အသုံးချလိုက်ပါတယ်။


Group (A)
·         ရေ ၂၃၀ မီလီလီတာ ကြက်သီးနွေးရေ
·         Yeast 5 gram
·         ပျားရည် ၂၅ မီလီလီတာ
·         ပေါင်မုန့်ဂျုံ ၂၃၀ ဂ၇မ်
Group (B)
·         ပျားရည် ၂၀မီလီလီတာ
·         နို့စိမ်း ၈ မီလီလီတာ
·         ဆား ၆ ဂရမ်
·         Whole meal flour  (ဂျုံကြမ်း) ၁၄၀ ဂရမ်
·         ထောပတ် ၁၅ ဂရမ်


ပြုလုပ်နည်း

  1. ပထမဆုံး အဖွဲ့ (A) ကိုအားလုံးရောမွှေပေးလိုက်ပါ။ အဖုံးအုပ်ပြီး  မိနစ်၄၀လောက် ပွလာအောင်စောင့်ပေးပါ။
  2. မိနစ်၄၀ကြာရင် ထောပတ်ကလွဲလို့ အဖွဲ့ (B) ကိုရောမွှေပေးပြီး နယ်ပေးပါ။ ၅ မိနစ်လောက်နယ်ပြီးရင် ထောပတ်ကိုရောမွှေပြီး ၂၅ မိနစ်လောက်ကြာအောင် နယ်ပေးပါ။
  3. ပြီးရင်တော့ ဇလုံထဲကို ပြန်ထည့်ပြီး အဖုံးအုပ်ပေးထားပါ။ ၄၅မိနစ်လောက်ကြာရင် ၂ ဆလောက် ပွတက်လာပါလိမ့်မယ်။
  4. မုန့်သားကိုထုတ်ပြီးနောက်တစ်ကြိမ် ၃ မိနစ်လောက်နယ်ပေးပါ။ ပြီးရင် ဒလိမ့်တုံးနဲ့လှိမ့်ပြီး ပြန်လိပ်ပေးပါ။
  5. ထို့နောက် မုန့်ဖုတ်မယ့် ပုံစံခွက်လေးထဲထည့်ပြီး နောက်တစ်ကြိမ် ထပ်ပွလာအောင် စောင့်ပါ။ နာရီဝက်လောက်တော့ ကြာပါတယ်။
  6. မုန့်သားတွေပွလာပြီဆိုရင် ပျားရည်လေးနဲနဲဆမ်း၊ Oat ကြမ်းကိုဖြူးပေးပြီး ၁၆၀ ဒီဂရီအပူပေးထားတဲ့ အာဗင်မှာ ၄၃ မိနစ်ကင်ပေးရင်ရပါပြီ။
  7. အာဗင်မှထုတ်ထုတ်ချင်း ဗန်းကနေထုတ်ပြီး အအေးခံပေးပါ။
  8. လုံးဝအေးမှ လှီးပြီးသုံးဆောင်ပါ။
 
 

Sunday, July 29, 2012

Cupcake vs Muffin


တော်တော်များများက Cupcake နဲ့ Muffin ကိုမကွဲကြပါဘူး။ ကျွန်မကိုယ်တိုင်လဲ သူတို့ ၂ ခုကိုအတူတူပဲလို့ထင်ခဲ့တာ တော်တော်ကြာတဲ့အထိပါပဲ။ နောက်မှ Muffin/ Cupcake မုန့်လုပ်နည်းစာအုပ်တွေဘာတွေရှာဖတ်ကြည့်တော့မှ ကွဲပြားပုံလေးကို သတိထားမိလာတာ။ Muffin က ပေါင်မုန့်ကို ခွက်ကလေးသေးသေးလေးတွေထဲမှာ ခွဲပြီးလုပ်ရာကနေစတယ်လို့ ဆိုပါတယ်။ အဲဒီတော့ သူ့မုန့်သားက သိပ်မနူးညံ့ သလိုချိုလည်း သိပ်မချိုပါဘူး။ ဒါပေမယ့် နှစ်တွေကြာလာတာနဲ့ အမျှလူတွေက ရောင်းချတဲ့အခါ အထားခံအောင် သကြား၊ထောပတ်တို့ များများနဲ့ ပြုပြင်ပြောင်းလဲကြရင်းနဲ့ Muffin တွေဟာလည်း Cupcake တွေလိုအရသာကထူးမခြားနားဖြစ်လာပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် Muffin မှာအပေါ်ကအလှဆင်တဲ့ ခရင်မ်တွေဘာတွေ မပါပါဘူး။ ဒါက Muffin ဇတ်လမ်းပါ။

Cupcake ကတော့ ၁၉ရာစုလောက်မှာမှ စတင်ပြီးဖြစ်ပေါ်တယ်လို့ သိရပါတယ်။ ဘာလို့ Cupcake လို့ခေါ်သလဲဆိုတာကတော့ တစ်ချို့ကလည်း ကိတ်မုန့်လေးတွေက ကော်ဖီခွက်လောက်ကလေးတွေအရွယ်မို့ အဲလိုမျိုးခေါ်တာလို့ပြောကြသလို တစ်ချို့ကလည်း သုံးတဲ့နေရာမှာ အချိုးအစားတွေကို ခွက်ကလေးတွေနဲ့ 1 cup, 2 cups စသဖြင့်သုံးကြလို့ Cupcake လို့ခေါ်ကြတယ်လို့ဆိုကြပြန်ပါတယ်။ ပုံမှန်အားဖြင့်တော့ Cupcake တွေကိုခရင်မ်တစ်ခုခု ဖုံးပြီးအလှဆင်လေ့ရှိပါတယ်။ ခုနောက်ပိုင်းမွေးနေ့ပွဲလေးတွေမှာ Cupcake လေးတွေက ရေပန်းစားလာပါတယ်။ လှီးဖြတ်စရာမလိုပဲ တစ်ယောက်စာလေးတွေ သီးသန့်စားသုံးနိုင်လို့ မွေးနေ့ကိတ်အတွက် လူတွေကသူ့ကို သုံးလာကြပါတယ်။ ခရင်မ်ကို ကြိုက်သလိုတစ်ခုချင်းစီပုံဖော်နိုင်တာဟာလည်း cupcake လေးတွေရဲ့အားသာချက်ပါ။ 


 Cupcake နဲ့ Muffin အကြောင်းလေးကတော့ ဗဟုသုတ အနေနဲ့ဒီလောက်ပါပဲနော်။

Saturday, July 28, 2012

Red Velvet (2nd time)






ခုတစ်ခါတော့ Red velvet cupcake လုပ်နည်းအကြောင်းကို ပြောပြချင်ပါတယ်။ အနီရောင်ရဲရဲ ကိတ်လေးတွေပေါ်မှာ ခရင်မ်ချိစ်ဖြူဖြူလေးတွေကို ပုံဖော်ထားတဲ့ကိတ်လေးတွေဟာ မွေးနေ့ပွဲတွေအတွက်လည်း အလွန်သင့်တော်ပါတယ်။ (သူငယ်ချင်းမွေးနေ့အတွက် တစ်ခါလုပ်ယူသွားဖူးတယ် ဒီမှာပါ ) ခရင်မ်ကို မိမိစိတ်ကြိုက်ပုံဖော်နိုင်တာက cupcake လေးတွေရဲ့အားသာချက်ပါ။ လုပ်နည်းလေးကို ကြည့်ကြရအောင်။

 
ပါဝင်ပစ္စည်းများ (Cupcake ၈ ခုစာ)
  • ထောပတ် 1/4 cup=4 Table Spoons=55grams(အခန်းအပူချိန်)
  • သကြာ3း/4 cup=140grams
  • ကြက်ဥ ၁လုံး
  • အနီရောင်အစားအသောက်ဆိုးဆေး ၁ အောင်စ
  • ကိုကိုးမှုန့် ထမင်းစားဇွန်းမောက်မောက် ၁ ဇွန်း
  • 1/4 cup buttermilk =60grams(မရှိရင် နွားနို့ကို သံပုရာရည် လက်ဖက်ရည်ဇွန်း၁ ဇွန်းနဲ့ရောသုံးပါ)
  • ဂျုံ 1 cup =100grams
  • ဆား လက်ဖက်ရည်ဇွန်း ထက်ဝက်
  • ဘိတ်ကင်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ထက်ဝက်
  • ဗနီလာအမွှေးနံ့ လက်ဖက်ရည်ဇွန်း ထက်ဝက်
  • ဘိတ်ကင်ဆိုဒါ လက်ဖက်ရည်ဇွန်း ထက်ဝက်
  •  ရှာလကာရည် လက်ဖက်ရည်ဇွန်း ထက်ဝက်
 
ခရင်မ် အတွက်
  • ထောပတ် ၅၀ဂရမ်
  • ခရင်မ်ချိစ် ၁၁၀ ဂရမ်
  • ပေါင်ဒါသကြား ၁၅၀ ဂရမ်
  • ဗနီလာ လက်ဖက်ရည် ၁ ဇွန်း
ပြင်ဆင်နည်း
1.     ပထဆုံး အာဗင် ကို ၁၇၀ ဒီဂရီ စင်တီဂရိတ်အထိ အပူပေးထားလိုက်ပါ။ ပြီးရင် ဂျုံ ၊ဘိတ်ကင်ပေါင်ဒါ၊ နဲ့ ဆားကို ရောမွှေပြီး စကာစစ်ထားပေးပါ။
2.     ထောပတ်နဲ့သကြားကို ပွလာအောင် စက်နဲ့မွှေပေးပါ။  တစ်ချိန်ထည်းမှာပဲ ကိုကိုးမှုန့်နဲ့ အနီရောင်အစားအသောက်ဆိုးဆေးကို ရောမွှေပြီး ပွတက်လာတဲ့ သကြားနဲ့ထောပတ်ထဲကိုလောင်းထည့်ပြီး သမအောင်ထပ်မွှေပေးပါ။
3.     ကြက်ဥကိုခေါက်ထားပြီး နဲနဲစီထည့်ပေးပြီး သမအောင်မွှေပါ။
4.     ဗနီလာအနံ့ကိုပါထည့်မွှေပေးပါ။
5.     ပြီးရင် ဂျုံနဲ့ butter milk ကို ထည့်မွှေရပါမယ်။ အရင်က ပြောခဲ့တဲ့လုပ်နည်းအတိုင်း ဂျုံနဲ့စပြီး ဂျုံနဲ့အဆုံးသတ်ပါမယ်။ ဂျုံကို သုံးပုံပုံ။ နို့ကို ၂ ပုံပုံပြီး  ဂျုံ၊ butter milk၊ ဂျုံ၊ butter milk ၊ ဂျုံ အဲဒီ အစီအစဉ်အတိုင်း ရောမွှေရပါမယ်။
6.     နောက်ဆုံးမှ ဘိတ်ကင်ဆိုဒါနဲ့ ရှာလကာရည်ကိုရောပြီး မုန့်နှစ်ထဲထည့်မွှေပေးပါ။
7.     အားလုံးသမသွားရင် အသင့်ပြင်ထားတဲ့ ခွက်ကလေးတွေထဲထည့်ပြီး 23 မိနစ်ကနေ 25 မိနစ်အထိ ဖုတ်ပေးပါ။ 23 မိနစ်ကျော်ရင် မုန့်ကျက်မကျက်ကို စူးတံလေးထိုးပြီး စမ်းသပ်ပါ။ မုန့်နှစ်ကပ်ပါမလာရင် ကျက်ပါပြီ။
8.     မုန့်ကျက်ရင် အာဗင်ထဲကထုတ်ပြီး အအေးခံထားပါ။


ခရင်မ်ပြင်နည်း

ခရင်မ်အတွက် ဗနီလာ၊ ထောပတ်နဲ့ cream cheese ကိုအရင်သမအောင်ရောမွှေပေးပါ။ ပြီးရင သကြားမှုန့်ကို ထည့်ပြီး အရှိန်နည်းနည်းနဲ့မွှေပေးပါ။  (အရှိန်များများနဲ့ တစ်ခါတည်း မွှေ့လိုက်ရင် အမှုန့်တွေလွင့်ပြီး မျက်နှာကိုလာကပ်လိမ့်မယ်)။ သမသွားပြီဆိုမှ အရှိန်များများနဲ့ ညက်အောင် ၇ မိနစ်လောက်မွှေပေးပါ။ ဒါဆိုရင် ခရင်မ်ရပါပြီ


ခရင်မ်သုတ်နည်း

မုန့်တွေလည်းအေးသွားပြီ၊ ခရင်မ်လဲ အသင့်ဆိုတော့ ခရင်မ်နဲ့အလှဆင်လို့ရပါပြီ။ ပလတ်စတစ်ကတော့ ချွန်လေးကို star tip (ပုံဖော်သော အ၀ချွန်လေး) တပ်ပြီး ခရင်မ်တွေကို ထည့်ပေးပါ။ ပြီးမှ မုန်ပေါ်မှာ လက်ယာရစ်ညှစ်ချပေးပါ။ အဲဒီနည်းအတိုင်းမုန့်တွေအားလုံးကိုဆက်လုပ်သွားပါ။ နောက်ဆုံးမုန့်တစ်ခုကို ခရင်မ် မညှစ်ပဲချန်ထားပေးပါ။ အဲဒီမုန့်လေးကို နဲနဲလေးဖဲ့ချွေပြီး ကျန်တဲ့ ခရင်မ်တင်ထားတဲ့ မုန့်တွေပေါ်မှာ ဖြူးပေးပါ။ ဒါဆိုရင်တော့ လှပတဲ့ Red velvet cupcake လေးတွေရပါပြီ။


Thursday, July 26, 2012

Evy's Kitchen on FOOD Magazine

ဩဂုတ်လမျက်နှာဖုံး

အားလုံးမင်္ဂလာပါနော်။ ဒီပို့စ်လေးကတော့ ကြော်ငြာပို့စ်လေးလို့ ပြောလို့ရသလို မှတ်မှတ်ရရ ပို့စ်၂၀၀ပြည့်အထိမ်းအမှတ်လည်း ဖြစ်တယ်လို့ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုလေးတွေကို မဂဇင်းပေါ်မှာမြင်ရတာ ဘာနဲ့မှမလဲနိုင်တဲ့ ပီတိလည်းဖြစ်ပါတယ်။  ဗမာပြည်က FOOD Magazine မှာစပြီးရေးနေတာ ၃ လလောက်တော့ရှိပါပြီ။ လတိုင်းမှာ Evy's Kitchen ရဲ့ recipe လေးတွေ 6 မျိုးလောက်ပါပါတယ်။ တချို့ဟာတွေကလည်း ဘလော့မှာ ရှယ်ပြီးသားဖြစ်သလို တစ်ချို့ recipe လေးတွေကတော့ အသစ်ကလေးတွေပေါ့နော်။ လတိုင်းလဲ ဆန်းသစ်တဲ့ဟင်းလေးတွေကို ဘလော့မှာရော မဂဇင်းမှာပါ တင်ပေးဖို့ကြိုးစားနေပါတယ်။

 ဩဂုတ်လမှာတော့ ကျွန်မရဲ့ မုန့်ပုံလေး ၂ ပုံကို မဂဇင်း အဖုံးမြင်ရလို့ ၀မ်းသာလို့မဆုံးပါဘူး။ ဘလော့မှာ အားပေးကြသလို FOOD Magazine မှာလည်း ၀ယ်ယူအားပေးကြပါဦးလို့။ Professional တွေကစပြီး ကျွန်မတို့လို သာမန်အိမ်ရှင်မတွေရဲ့ ဟင်းချက်နည်းအမျိုးမျိုးပါဝင်တဲ့ FOOD Magazine ကိုဗမာပြည်က စာအုပ်ဆိုင်တိုင်းမှာရနိုင်ပါတယ်။ နိုင်ငံခြားက စိတ်ဝင်စားသူတွေအတွက်လည်း နိုင်ငံခြားကို ပို့ပေးတယ်လို့ သိရပါတယ်။ ခုလောလောဆယ်တော့ ကျွန်မရဲ့ ဟင်းချက်နည်းပါတဲ့ ပုံတစ်ချို့ကို တစ်ပါတည်းတင်ပေးလိုက်ပါတယ်။ (စာတွေက ဘာလို့အဲလိုမျိုးဖြစ်နေတာလဲတော့မသိဘူး။ စာအုပ်ထဲမှာတော့ ပုံမှန်မြန်မာစာပါပဲ )

ကိုကာကိုလာကြက်သားဟင်းနဲ့ မုန်ညှင်းကြက်သားငါးပိကြော်

ချိစ်ကိတ်လေး
Red Velvet Cupcakes (လုပ်နည်းကိုမကြာခင်မှာ ထပ်တင်ပေးပါ့မယ်)

Tuesday, July 24, 2012

Nutella Swiss Roll


ကိတ်မုန့်မတင်တာကြာပြီဆိုတော့ ကိတ်မုန့်ဘက်ကိုခဏအလှည့်ပေးပါမယ်။ ဒီတစ်ခါကိတ်မုန့်အတွက်တော့ အလွယ်တကူ ရနိုင်တဲ့ Nutella ချောကလက်ခရင်မ် ကိုသုံးပြီး Swiss Roll လေးကို စမ်းလုပ်ကြည့်ထားပါတယ်။ ချောကလက်ကြိုက်သူတွေ အကြိုက်တွေ့နိုင်မယ့်ကိတ်လေးပေါ့။ ကျွန်မကိုယ်တိုင်ကလည်း ချောကလက်နှစ်သက်သူဆိုတော့ မုန့်တွေတော်တော်များများကလည်း ချောကလက်ပါတာတွေများပါတယ်။ အရင်တုန်းကလည်း ချောကလက် SwissRoll တစ်ခါလုပ်ဖူးသေးတယ်။ အဲဒီတုန်းကတော့ မုန့်သားနဲနဲမာပြီး ချောကလက်ခရင်မ်က တခြားအမျိုအစားတစ်ခုကိုသုံးတာပါ။ ခုမုန့်လေးကတော့ မုန့်သားလေးနူးညံပြီး ချောချောမွတ်မွတ် Nutella ချောကလက်ခရင်မ် လေးနဲ့အရသာပိုရှိလို့ လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၃လုံး (အကာအနှစ်ခွဲထားပါ)
  • သကြား ၇၀ ဂရမ်
  • ဂျုံ ၄၀ ဂရမ်
  • ပွဆေး လက်ဖက်ရည် ဇွန်းထက်ဝက်
  • နို့ စားပွဲဇွန်း၁ဇွန်း
  • ထောပတ် ၂၀ ဂရမ် (အပူပေးပြီး ပျော်အောင်လုပ်ထားပါ)
  • ဗနီလာ အနံ့အနည်းငယ်

 
ကိတ်မုန့်လုပ်နည်းအဆင့်ဆင့်

(အိမ်က ဗန်းက ၁၀လက်မ x ၁၀လက်မဗန်းပါ)
  1. ကြက်ဥအကာ ကိုအဖြူလေးတွေဖြစ်ပြီး ပွလာအောင် စက်နဲ့ မွှေပေးပါ။
  2. နောက်သကြားကိုထည့်ပြီး အဖြူလေးတွေတောင်တောင့်လေးဖြစ်လာအောင်မွှေပေးပါ။
  3. အဲလိုဖြစ်လာပြီဆိုမှ ကြက်ဥအနှစ်ကို တစ်လုံးချင်းစီထည့်ပြီး ရောမွှေပေးပါ။ ကြက်ဥနှစ်တစ်လုံးထည့်ပြီး သမအောင်တစ်ခါမွှေပါ။
  4. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  5. နောက်ဆုံးမှ ဆီ+ နို့ကိုရောမွှေပြီးထည့်ပေးပါ။ အနံ့အတွက် ဗနီလာ (လက်ဖက်ရည် ဇွန်း ထက်ဝက်)်ကိုထည့်ပြီး ရောမွှေပါ။
  6. ၁၆၀ ဒီဂရီမှာ ၁၀-၁၂မိနစ်ဖုတ်ရင်ရပါပြီ။ 
  7. ပြီးရင် ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။ အေးသွားပြီဆိုမှ Nutella Chocolate Cream ထည့်ပြီးလိပ်ပေးပါ။
  8. ဒါဆိုရင်တော့ စားဖို့အသင့်ဖြစ်ပါပြီ။ ကျွန်မကတော့ ရေခဲသေတ္တာထဲကို ခဏထားပြီးမှစားရတာကို ပိုသဘောကျပါတယ်။

 

Sunday, July 22, 2012

Baking Principle - ကိတ်မုန့်ဖုတ်ရာမှာသိသင့်တဲ့ အချက်ကလေးများ



ကျွန်မ စပြီးမုန့်ဖုတ်တုန်းက အကြိမ်အခါပေါင်းများစွာ ပျက်ခဲ့ဖူးပါတယ်။ မုန့်ဖုတ်တဲ့နေရာမှာ အပူချိန်ကစပြီး မွှေတဲ့နည်းစနစ်လေးတွေကအစ အရေးကြီးပါတယ်။ အဲဒါတွေကို သေချာမသိပဲ လုပ်နည်းတွေပဲ ဖတ်ပြီးထင်သလိုလုပ်ခဲ့တဲ့ ကျွန်မရဲ့မုန့်တွေ ပျက်တာလည်း သိပ်တော့ မထူးဆန်းပါဘူးနော်။ နောက်တော့ ကျွန်မ Singapore မှာရှိတဲ့ မုန့်ဖုတ်သင်တန်းကျောင်း (Baking Industry Training Centre – BITC) မှာ သွားတက်လိုက်တော့မှ နည်းစနစ်ကလေးတွေကို သိရပြီး တော်တော်အဆင်ပြေလာပါတယ်။ ခုလည်း ကျွန်မလိုပဲ စမ်းကြည့်ချင်တဲ့သူတွေ အဆင်ပြေဖို့ ကျွန်မသိတဲ့ နည်းလေးတွေကို မျှဝေပေးသွားပါ့မယ်။

မုန့်ဖုတ်တဲ့ နေရာမှာ သတိထားရမယ့် အချက်ကလေးတွေကတော့

  1. သုံးတဲ့ Ingredients တွေအားလုံးဟာ room temperature ဖြစ်ရပါမယ်။ ထောပတ်တို့ ကြက်ဥတို့ဆိုရင်လဲ ရေခဲသေတ္တာထဲကနေ အနည်းဆုံးနာရီဝက်လောက် အပြင်ထုတ်ထားပြီးမှ မုန့်ဖုတ်ပါ။
  2. Oven အပူချိန်ကို မုန့်ဗန်းမထည့်ခင်ကတည်းက ကြိုပြီးလိုအပ်တဲ့ အပူချိန်ပေးရပါမယ်။
  3. ဂျုံကို အမြဲစကာစစ်ပါ။ ဖြစ်နိုင်ရင် ၂ ခါလောက်စစ်ပါ။
  4. ဂျုံမွှေတဲ့နေရာမှာ လက်နဲ့ပဲမွှေပါ။ တအားကြီး အတင်းမမွှေရပါဘူး၊ စက်ကိုသုံးမယ်ဆိုရင်လည်း တော်တော်ကို ဖြည်းဖြည်းလေး လည်တဲ့ speed (လက်နဲ့မွှေသလောက်နှေးတဲ့ speed) ကိုထားပေးပါ။
  5. Recipe မှာနို့ စသဖြင့် အရည်တွေကို အသုံးပြုဖို့လိုလာရင် ဂျုံမွှေတဲ့ အဆင့်မှာ ထည့်မွှေပေးပါ။ အမြဲတမ်း ဂျုံနဲ့ စပြီး ဂျုံနဲ့ အဆုံးသတ်ပါ။ ဆိုလိုတာက ဂျုံကို ၃ ပုံပုံ၊ နို့ကို ၂ ပုံပုံ။ ဂျုံအရင်ထည့်မွှေ၊ နို့ထည့်၊ ဂျုံပြန်ထည့်၊ နို့ထပ်ထည့် ပြီး နောက်ဆုံးမှာ ကျန်တဲ့ဂျုံကို ထည့်မွှေပေးဖို့ပြောတာပါ။

ဒီနည်းလေးတွေကို လိုက်နာပြီး မုန့်လုပ်မယ်ဆိုရင်တော့ အပျက်အစီးနဲသွားမယ်လို့ ကျွန်မထင်ပါတယ်။

Friday, July 20, 2012

ပုဇွန်ဆီထမင်းကြော်နဲ့ Mayonnaise Prawn

ညနေစာ ပုဇွန်ဆီ ထမင်းကြော်နဲ့ Mayonnaise Prawn ပါ။ ထမင်းကြော်က ရိုးရိုးလေးပါဘဲနော်။ ဆီထမင်းစားဇွန်း ၁ ဇွန်းကိုထည့် အသီးအရွက် (ပဲသီး၊ ပြောင်းဖူး၊ မုန်လာဥနီ) လက်တစ်ဆုပ်စာကိုထည့် ပြီး ၁ မိနစ်ခန့်ကြော်ပါ။ ပြီးရင် ပုဇွန်ဆီလေးတွေကိုထည့်မွှေ ထမင်း တရုပ်ပန်းကန်လုံးတစ်လုံးကိုလည်း ထည့်မွှေပါ။ ဆား၊ အချိုမှုန့် နည်းနည်းထည့်ပြီး ၂ မိနစ်လောက်နေရင် မီးပေါ်မှချပြီး သုံးဆောင်လို့ရပါပြီ။

Mayonnaise Prawn ကတော့ အရင်တုန်းကနည်းအတိုင်းပဲ။ ဒီထဲမှာပဲ ကြည့်လိုက်ပါနော် ။ အားလုံးပဲ ပျော်ရွှင်သော weekend ဖြစ်ကြပါစေ :-)

Sunday, July 15, 2012

မုန်ညှင်းကြက်သားငါးပိကြော်


ဒီနည်းလေးကတော့ ဟင်းချက်နည်း စာအုပ်တစ်အုပ်ထဲမှာတွေ့လို့ ပြန်လည်ပြုပြင်ထားတဲ့ ဟင်းလေးပါ။  ငါးပိလေးပါထည့်ပြီးကြော်ထားတော့ အရသာလေးကလေးလေးပင်ပင်နဲ့ မုန်ညှင်းလေးနဲ့ အင်မတန်လိုက်ဖက်ပါတယ်။ မိမိနှစ်သက်ရာ အသားတစ်မျိုးကိုသုံးနိုင်ပါတယ်။

  • ငါးပိ လက်ဖက်ရည်ဇွန်းထက်ဝက်
  • ပဲငံပျာရည် အကြည့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
  • ကြက်သား(နုတ်နုတ်စဉ်း) လက်တစ်ဆုပ်စာ
  • မုန်ညှင်း ၂၀၀ ဂရမ်
  • ဆားလက်ဖက်ရည်ဇွန်းထက်ဝက်
  • ငရုပ်သီး အနီ ၂တောင့် (ပါးပါးလှီးထား)
  • ငရုပ်သီးအရောင်တင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းမောက်မောက်
  • ဆီ စားပွဲဇွန်း ၄ ဇွန်း
  • ကြက်သွန်နီ ခပ်ရွယ်ရွယ်တစ်လုံး (ပါးပါးလှီးထား)

    ကဲစကြော်ကြမယ်


  1. ပထမဆုံးဆီကို အပူပေးပြီး ကြက်သွန်နီကို တော်တော်နွမ်းသွားတဲ့အထိ ဆီသတ်ပေးပါ။ နောက်မှာ ငါးပိ၊အရောင်တင်မှုန့်ကိုထည့်ပြီး ၂ မိနစ်လောက်ဆက်ကြော်ပါ
  2. ပြီးရင် ကြက်သားကိုထည့်၊ ခရုဆီ၊ပဲငံပျာရည်၊ဆား စတာတွေကိုထည့်ပြီးကြော်ပေးပါ။
  3. နောက်ဆုံးချခါနီးမှာ ငရုပ်သီးကိုထည့်မွှေပေးပါ။ဒါဆိုရင် မုန်ညှင်းပေါ်ကိုလောင်းချဖို့ ဟင်းအဆင်သင့်ဖြစ်ပါပြီ
  4. မုန်ညှင်းကို လှီးထားပြီး ရေနွေးဆူဆူမှာ ခဏပြုပ်ပေးပါ။ ၃ မိနစ်လောက်ပေါ့။ ကျွန်မကတော့ ရေနွေးကို ပွက်ပွက်ဆူအောင် အရင်တည်ပြီး ဆီလေး ၁ စက် ၂ စက်နဲ့ ဆားလေးကို အရင်ထည့်ပါတယ်။ ပြီး မှမုန်ညှင်းထည့်ပါတယ်။ ၃မိနစ်လောက်ပြုပ်ပြီးရင် ရေအေးထဲကို ပြန်စိမ်ပေးပါ (ဒါကတော့ ခပ်စိမ်းစိမ်းလေးရအောင် လုပ်တာပါ) ပြီးမှရေစစ်ပြီး စားမယ့်ပန်းကန်ထဲကို စီထည့်ပါ။
  5. နောက်ဆုံးမှ ခုနကကြော်ထားတဲ့ အသားတွေကိုအပေါ်ကနေလောင်းချလိုက်ရင် စားဖို့အသင့်ဖြစ်ပါပြီ။

Monday, July 9, 2012

ဆန်ပြားခေါက်ဆွဲ




ဒီဆန်ပြားခေါက်ဆွဲကတော့ ကျွန်မစားဖူးတဲ့ ရှမ်းပြည်ဘက်က ခေါက်ဆွဲတစ်မျိုးကို ပြုပြင်ပြောင်းလဲပြီး ပြန်ချက်ထားတာပါ။ တောင်ကြီးဘက်ကဆို သိကြမယ်ထင်ပါတယ်။ ချဉ်ချဉ်စပ်စပ်နဲ့ စားလို့ကောင်းတဲ့ ခေါက်ဆွဲပါ။ ဒါပေမယ့်လည်း ကျွန်မက အဲဒီလောက်ဟင်းသီးဟင်းရွက်အမယ်စုံ မထည့်နိုင်တာနဲ့ အဆင်ပြေသလို ပြုပြင်ထားလို့ အဲဒီနာမည် မတပ်တော့ဘူးနော်။ ကြက်သားပြုတ်ပြီးသားကိုပါထည့်ထားလို့ အသားပါမှနှစ်သက်သူတွေပိုသဘောကျမယ်ထင်ပါတယ်။ ခရမ်းချဉ်သီးအရည်ကို သုံးထားပေမယ့် သိပ်မချဉ်တော့ပဲ ပဲပုတ်ထောင်းရဲ့အရသာကြောင့် ပိုပြီးလေးပင်ပါတယ်။ (ကျွန်မက ရှမ်းပြည်ဘက်က မဟုတ်တော့ ကျွန်မလုပ်တဲ့နည်းတွေက အဲဒီဘက်အတိုင်းအတိအကျမဟုတ်ခဲ့ရင် သည်းခံပေးကြပါနော်။ ) ကျွန်မလုပ်တဲ့ခေါက်ဆွဲကတော့ အချိုဘက်ကိုပိုရောက်ပါတယ်။စားလို့တော့ အရသာအတော်ကောင်းတာ သေချာပါတယ်။ လုပ်နည်းကြည့်ရအောင်

ပါဝင်ပစ္စည်းများ

  • ဆန်ပြား
  • ခရမ်းချဉ်သီး ၃ လုံး
  • ကြက်သားပြုတ်ပြီးသားအနည်းငယ်
  • ပဲပင်ပေါက် အနည်းငယ်
  • ပဲပုတ်ထောင်း (ရှမ်းပဲပုတ်ကို ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းနဲ့ရောထောင်းပြီး ရေနွေးလေးနဲနဲထည့်၊ဆားနဲနဲထည့်ပြီး အနှစ်လိုလုပ်ထားတာပါ)
  • Knorr ကြက်သားတစ်ခဲ
  • သကြားလက်ဖက်ရည် ၁ ဇွန်း
  • ဆား လက်ဖက်ရည် ၁ ဇွန်း


လုပ်နည်း
  1. ပထမဆုံး ခရမ်းချဉ်သီးကို စိတ်ပြီး ရေ ၈၀၀ မီလီလီတာ၊ Knorr တစ်ခဲနဲ့ ဆူအောင်တည်ပေးပါ။
  2. ဆူရင်မီးလျော့ထားပြီး ဆား၊သကြားကိုထည့်ပေးပါ။
  3. ဆန်ပြားတွေကို ရေနွေးလေးနဲ့ လောင်းထားပြီးရေစစ်ထားပါ (စင်္ကာပူက ဆန်ပြားရယ်ဒီမိတ်အထုပ်တွေက ဆီတွေများလွန်းလို့ အဲလိုလုပ်တာပါ။ ဆီမပါတဲ့ဟာဆိုရင်တော့ ဒီတိုင်းစားရုံပါပဲ)
  4. နောက် ပဲပင်ပေါက်ကိုရေနွေးဖျောပေးပါ။ ဒါဆိုရင်တော့ စားဖို့အားလုံးပြည်စုံသွားပါပြီ။
  5. ပွဲပြင်ဖို့အတွက် ဆန်ပြား၊ ပဲပင်ပေါက်၊ ကြက်သား၊ နံနံပင်၊ပဲပုတ်ထောင်းကိုထည့်ပြီးရင် သုံးဆောင်ဖို့အသင့်ဖြစ်ပါပြီ။



Wednesday, July 4, 2012

ဆွမ်းမွှေးနို့ပေါင်မုန့်/ Pandan Milk Bread



ဒီတစ်ခါတော့ဆွမ်းမွှေးနို့ပေါင်မုန့်လုပ်နည်းလေးကို ရေးပေးလိုက်ပါတယ်။ ပေါင်မုန့်လုပ်နည်း တောင်းဆိုထားသူတွေ ကျေနပ်မယ်လို့ထင်ပါတယ်နော်။
ပေါင်မုန့်မလုပ်တာ နှစ်နဲ့ချီနေပြီဆိုတော့ နည်းနည်းလေးဂရုစိုက်ပြီး ပြန်လုပ်ရပါတယ်။ အချိန်ကုန်တာက စတဲ့အချိန်ကနေ ပြီးသွားတဲ့အထိ စုစုပေါင်း ၄ နာရီ ကြာပါတယ်။
နာရီဝက်လောက် လက်မောင်းတောင့်အောင် မုန့်နယ်ရပေမယ်လို့ ပေါင်မုန့်တစ်လုံး အောင်အောင်မြင်မြင်ပြီးသွားတာတော့ တန်ပါတယ်နော်။
ပြီးတော့ ကိုယ်တိုင်လုပ်တဲ့ ပေါင်မုန့်က ဆိုင်ကပေါင်မုန့်ထက်လတ်ဆတ်ပြီး အရသာပိုရှိပါတယ်။ ဘာယိုမှထပ်ထည့်စရာမလိုပဲ သူ့အတိုင်းချည်း စားရင်တောင်ကောင်းပါတယ်။
နောက်တစ်ခါလုပ်ရင်တော့ whole meal နဲ့လုပ်ဖြစ်မယ် ထင်တယ်။ အိမ်မှာက ဂျုံကြမ်းပေါင်မုန့်စားတာ အကျင့်ပါနေတော့ အဲဒါမှပိုပြီး အရသာလေးပင်တယ် ထင်လို့ပါ။
ဒီပေါင်မုန့်ကတော့ ပထမဆုံးပြန်စမ်းသပ်တဲ့ ပေါင်မုန့်မို့လို့ ရိုးရိုးဂျုံနဲ့ပဲလုပ်လိုက်ပါတယ်။ ဒါပေမယ့်လည်း အင်မတန်မှ အလှဆင်ချင်တဲ့ ကျွန်မဟာ ရိုးရိုးပလိန်းကြီး ဖြစ်နေမှာစိုးလို့ ဆွမ်းမွှေးအဆီလေးကို ရအောင်ထည့်လိုက်ပါသေးတယ်။ အဲဒီဆွမ်းမွှေးအနှစ်ကြောင့်ပဲ အနံ့မွှေးမွှေးလေးပိုဖြစ်သွားတာပါ။ တကယ်လို့များ ဆွမ်းမွှေးအနှစ်အလွယ်တကူ မရှိရင်လည်း ရိုးရိုးနို့ပေါင်မုန့်လုပ်ရင်လဲ ဖြစ်တယ်နော်။

လုပ်နည်းကတော့ ကျွန်မရဲ့ အရင်တည်းက မီငြမ်းနေကျဖြစ်တဲ့ Happy Home Baking ကလုပ်နည်းပါ။ ကိုယ့်ဘာသာကိုယ် နည်းနည်းလေးထပ်ပြင်လိုက်တာပဲ ကွာတာပါ။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့်ဂျုံ ၂၅၀ ဂရမ်
  • ကြက်ဥ ၃၅ ဂရမ်
  • သကြား၄၀ ဂရမ်
  • နို့ (သို့) နို့စိမ်း ၁၄၅ ဂရမ်
  • ယိစ် ၅ ဂရမ်
  • ဆား ၅ ဂရမ်
  • ထောပတ် ၄၀ ဂရမ် (အခန်းအပူချိန်)
  • ဆွမ်းမွှေးအနှစ် ၃ စက်ခန့်


လုပ်နည်းအဆင့်ဆင့်လေးကို ပုံနဲပြထားပေးပါတယ်

  1. ပထမဆုံး ဂျုံ၊ ယိစ်၊ သကြား၊ဆားအားလုံးကို ဇလုံတစ်ခုထဲ ထည့်မွှေပေးပါ။
  2. ပြီးရင် အလယ်မှာတွင်းလေးလိုလုပ်ပြီး ကြက်ဥထည့်ပေးပါ။ သမအောင်မွှေလိုက်ပါ။
  3. နောက် နို့ထည့်မွှေပြီး နယ်ပေးပါ။ အဲဒါတော်တော် စေးကပ်ကပ်ဖြစ်ပါတယ်။
  4. သမသွားပြီဆိုရင် (၅ မိနစ်လောက်ကြာရင်)  ထောပတ် ကိုထည့်ပြီး နယ်ပေးပါ။  



  1. နဲနဲလေး ချောသွားပြီဆိုရင် ဇလုံထဲကထုတ်ပြီး စားပွဲ (သို့) သန့်ရှင်းအောင်လုပ်ထားတဲ့ မျက်နှာပြင်ပေါ်မှာ လက်ဖနောင့်ကို သုံးပြီးနယ်ပါ။ ( Knead လုပ်တယ်လို့ သုံးပါတယ်)
    ၂၅မိနစ်လာက် မုန့်သားချောပြီး မကပ်တဲ့အထိ နယ်ပေးရပါတယ်။
  2.  အဲဒီနောက်မှာ မုန့်သားရမရကို window pane test လုပ်ပါ။ မုန့်သားအနည်းငယ်ကို လက်၂ ဖက်နဲ့ဆွဲဆန့်လိုက်ရင် မပေါက်မပြဲပဲ  ပါးပါးလွှာလွှာပါလာရပါမယ်။ အဲဒါဆို အသင့်ဖြစ်ပါပြီ။
  3. ရလာတဲ့မုန့်သားကို အလုံးလေးလုပ်ပြီး ရေလေးနဲနဲတောက်ပြီး ဇလုံထဲမှာထည့် ပလတ်စတစ်နဲ့ အုပ်ထားပါ။ ၁ နာရီလောက်မုန့်သားပွအောင်ထားရပါတယ်။ 
  4. ၁ နာရီ ကြာတဲ့အခါ မုန့်သားကိုပြန်ထုတ်ပြီး နယ်ပေးပါ။ နောက် တစ်ဝက်ကို ခွဲပြီး ဆွမ်းမွှေးဆီထည့်နယ်ပေးပါ။ ရလာတဲ့မုန့်တွေကို ၁၀ မိနစ်လောက် ခဏထားပေးပါ။






  1. အဲဒီနောက်မှာတော့ မုန့်၂ခုကို ဒလိမ့်တုန်းနဲ့ ပြားပေးပြီး တစ်ခုနဲ့တစ်ခု ထပ်ပြီး လိပ်ပေးပါ။
  2. ဆီဆွတ်ထားတဲ့ မုန့်ဖုတ်ဗန်း (အိမ်ကဟာကတော့ ၉လက်မ * ၅ လက်မဗန်း) ထဲကိုထည့်ပေးပြီး ဗန်းနဲ့အတိဖြစ်အောင် ဖိပြားပေးပါ။
  3. အဲဒါပြီးရင် နောက်ထပ် နာရီဝက် လောက်ပွလာအောင် ထပ်ထားရပါတယ်။ ၂ ဆ ခွဲလောက်ပွတက်လာပြီဆိုရင် မုန့်ဖုတ်ဖို့အသင့်ဖြစ်ပါပြီ။




  1. ၁၇၀ ဒီဂရီ (ပန်ကာပါရင် ၁၆၀ )မှာ ၃၅ မိနစ်လောက် ဖုတ်ပေးရင်ရပါပြီ။
  2. wire rack ပေါ်မှာ အအေးခံပြီး ရင်သုံးဆောင်လို့ရပါပြီ။