Saturday, June 30, 2012

စင်္ကာပူစတိုင် ငါးကြော်ဟင်းချို



ဒီဟင်းလေးက စင်္ကာပူက စားသောက်ဆိုင် food court တွေမှာ အလွယ်တကူတွေ့နိုင်တဲ့ ဟင်းချိုတစ်မျိုးပါ။ ဒီကလူနေမှုစနစ်အရ အိမ်မှာချက်စားဖို့ အချိန်မရှိကြပဲ food court တွေကို အားကိုးရပါတယ်။ ဈေးနှုန်းတွေကလည်း သာမန်လူတန်းစားအားလုံး နေ့တိုင်းစားနိုင်တဲ့ဈေးမို့လို့ တော်တော်အဆင်ပြေတယ်လို့ ဆိုရပါမယ်။ အဲလို food court တွေမှာ သူ့ဆိုင်နဲ့သူအမယ်မတူတဲ့ ဟင်းတွေကိုရောင်းချပေးပါတယ်။ ဆန်ပြုတ်ချည်းပဲရောင်းတဲ့ဆိုင်တို့ အနောက်တိုင်းအစားအစာ၊ ဂျပန်၊ကိုရီးယား အစုံပါပဲ။ အဲဒီအထဲမှာမှ ကျွန်မအနှစ်သက်ဆုံးက ငါးနဲ့ပတ်သက်တဲ့ ဟင်းချိုတွေပဲရောင်းတဲ့ဆိုင်ပါ။

ငါးအသားလွှာဟင်းချို၊ ငါးတုံယမ်းဟင်းချို၊ ငါးကြော်ဟင်းချို စသဖြင့်ဟင်းချိုအစုံရပြီး  ထမင်း (သို့) နန်းလတ်လို အဖတ်များနဲ့ တွဲစားကြပါတယ်။ အသီးအရွက်၊ တို့ဟူး၊ ငါး အစုံပါလို့ ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။ ပိုပြီး ကျန်မာရေးလိုက်စားတဲ့ သူတွေအတွက်ကတော့ ငါးအသားလွှာဟင်းချိုဟာ အသင့်တော်ဆုံးပဲ ဖြစ်ပါလိမ့်မယ်။ အဆီကို လုံးဝမပါသလောက်မို့လို့ပါ။ ဒါပေမယ့်လည်း ကျွန်မကတော့ ဒီငါးကြော်ဟင်းရည်ကိုပိုပြီး နှစ်သက်တယ်။ နို့လေးထည့်ထားတဲ့ ဟင်းရည်လေးကလည်း ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိလှပါတယ်။



ပါဝင်ပစ္စည်းများ

  • ငါး - နှစ်သက်သလောက်
  • တို့ဟူးဖြူ အနည်းငယ် (အတုံးသေးလေးတွေတုံးထား)
  • ခရမ်းချဉ်သီး ၁ လုံး (စိတ်ထားပေးပါ)
  • မုန်ညှင်း အနည်းငယ်
  • နို့စိမ်း စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ရေ ၇၀၀ မီလီလီတာ
  • Knorr ငါးအခဲ ၁ ခဲ


ပြင်ဆင်ပုံ
  • ငါးကို လက်၂လုံးထူလောက်အတုံးသေးသေးတုံးထား ပြီးအကြော်မှုန့်နှစ်ပြီး ဆီပူပူမှာကြော်၊ ဆီစစ်ထားပေးပါ။
  • ဟင်းရည်အတွက် ရေ ၇၀၀ မီလီလီတာနဲ့ ခနော ငါးအခဲကို ဆူပွက်အောင်တည်ပေးပါ။
  • ဆူရင် နို့စိမ်းထည့် အသီးအရွက် နဲ့ တို့ဟူး၊ ငါးကြော်များကို ထည့်ပြီး ပြန်ဆူအောင်တည်ပေးပါ
  • ၃ မိနစ်လောက်ကြာ်ရင် မီးပေါ်မှချလို့ရပါပြီ
  • ငရုပ်ကောင်းမှုန့်လေး နဲနဲဖြူးပြီး ထမင်းဖြူလေးနဲ့ သုံးဆောင်ပါ
  • သူနဲ့လိုက်ဖက်တဲ့ အချဉ်ကတော့ ဘိတ်ချဉ်လိုမျိုးလေးပါ။ ငရုပ်သီးကိုပါးပါးလှီး၊သကြားလက်ဖက်ရည်တစ်ဇွန်း၊ ပဲငံပျာရည်အကြည် စားပွဲဇွန်းတစ်ဇွန်း နဲ့ ရေ စားပွဲဇွန်း ၁ ဇွန်းကိုရောမွှေပေးလိုက်ရင် အချဉ်လေးအဆင်သင့်ဖြစ်သွားပါပြီ။

 

Wednesday, June 20, 2012

ပန်းသီး သစ်ဂျပိုးမုန့် / Apple Cinnamon Muffin


ခုတစ်လော အလုပ်တွေများပြီး နေသိပ်မကောင်းတာနဲ့ ဘလော့ကို ပစ်ထားသလိုဖြစ်နေတာကြာပါပြီ။ ပေးထားတဲ့ ကတိများလည်း (ဟင်းချက်နည်းများ) ပျက်ကွက်နေလို့ အရမ်းအားနာမိပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုမှ မလုပ်နိုင်ဖြစ်နေလို့ အားနာနာနဲ့ ထပ်ပြီးရက်ရွှေ့ရပြန်ပါတယ်။ နောက်လကစပြီး ဟင်းချက်နည်းတွေ၊ မုန့်လုပ်နည်းတွေ ပုံမှန်ပြန်တင်ဖြစ်မယ်ထင်ပါတယ်။ ခုတော့လောလောဆယ် စာဖတ်သူများနဲ့ အဆက်မပြတ်သွားအောင် အဆင်သင့်ရှိတဲ့ muffin လုပ်နည်းလေးကိုပဲ ဝေမျှပေးပါ့မယ်။

ဒီနည်းက ကျွန်မ မုန့်ဖုတ်သင်တန်းတက်တုန်းက ရခဲ့တဲ့နည်းလေးပါ။ သင်တန်းကဆရာတွေ ပေးတဲ့ လုပ်နည်းဆိုတော့ အရသာကနဲ့ မုန့်သားကတော့ ပြောစရာမလိုအောင်ကောင်းပါတယ်။ နည်းပေးတုန်းကတော့ အခု ၄၈ခုစာနည်းပေးတာပါ။ သင်တန်းသားက ၄ ယောက်တစ်ဖွဲ့ကိုး။ ဒါပေမယ့်လည်း အိမ်မှာလုပ်စားတဲ့သူတွေ အဆင်ပြေအောင် recipe ကိုပြန်ပြီး တွက်ပေးလိုက်ပါတယ်။ 


ဒီrecipe က Muffin  ၉ခုစာပါ။
 
ပါဝင်ပစ္စည်းများ
  • ဂျုံ - 160g
  •  သကြား - 140g
  • baking powder - 1 tsp
  • ဆား - 1/4 tsp
  • ကြက်ဥအကြီး ၁ လုံး
  • နို့စိမ်း (သို့) ရိုးရိုးနို့ - 60g + 1tsp of vanilla extract
  • ထောပတ် ၈၀ ဂရမ်
  • ပန်းသီးအသေးတစ်လုံး  (သေးသေးစိတ်ပြီး သစ်ဂျပိုးမှုန့်နဲ့ရောနယ်ထား)။ ပန်းသီးက သစ်ဂျပိုးနဲ့အလိုက်ဆုံးပါ။ အဲဒါမပါရင် ဒီမုန့်က အသက်မ၀င်တော့သလို့ ခံစားရတယ်။ ကျွန်မကတော့ သစ်ဂျပိုးမှုန့်ရဲ့ အနံ့ကို မုန့်ဖုတ်တာ အတွက်တော်တော်နှစ်သက်ပါတယ်။
 

လုပ်နည်း

  1. ပထမဆုံး ဂျုံနဲ့ ဘိတ်ကင်ပေါင်ဒါကို ရောမွှေစကာချထားပါ။
  2. သကြားနဲ့ ထောပတ်ကို ပွအောင်မွှေ
  3. ကြက်ဥကို ထည့်၊ သမအောင်မွှေ
  4. ခုနကဂျုံအရောကို ၂ ခါခွဲပြီး ထည့်မွှေပေးရပါမယ်
  5. ပထမဆုံးဂျုံကို ထည့်ပြီးရင် နွားနို့ကို ထည့်မွှေပါ။ ပြီးမှ ကျန်တဲ့ဂျုံကို တစ်ခါထပ်ထည့်ပြီး သမအောင်မွှေပါ။
  6. နောက်ဆုံးမှ ပန်းသီးစိတ်ထားတာကိုရောမွှေထည့်
  7. ပြီးရင် ခုနက ပုံစံခွက်လေးထဲထည့်ပြီး ၁၉၀ အာဗင်မှာ ၁၀ မိနစ်လောက်ဖုတ်၊ ပြီးရင် ၁၈၀ကိုလျော့ပြီး ၈ မိနစ်လောက်ဖုတ်လိုက်ရင်ရပါပြီ။
  8. မုန့်ကျက်မကျက်ကို ၀ါးတံလေးထိုးပြီး စမ်းသပ်ပါ။ မုန့်နှစ်ကပ်ပါမလာရင်ရပါပြီ

Monday, June 4, 2012

နို့ချောကလက် ဖျော်ရည်

ဒီတစ်ခါတော့ ဖျော်ရတာလဲ လွယ်ပြီး သိပ်ကိုသောက်လို့ကောင်းတဲ့ ချောကလက် ဖျော်ရည်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၅ မိနစ်အတွင်းမှာ အပြီးလုပ်နိုင်တဲ့အပြင် အရသာရှိလွန်းလို့ အကြိုက်တွေ့နိုင်မယ့် ဖျော်ရည်တစ်မျိုးပါ။ လိုတဲ့ ပစ္စည်းတွေကတော့

  • နွားနို့ ၄၀၀ မီလီလီတာ
  • Nutella ချောကလက်ယို စားပွဲဇွန်း ၁ ဇွန်းခွဲ
  • သကြား စားပွဲဇွန်း ၁ ဇွန်း


ကိုအားလုံးရောမွှေဖျော်လိုက်ရင် ရပါပြီ ။ ပြီးရင် ကော်ဖီမှုန့်လေးဖြူးလိုက်ရင် လှလှလေးဖြစ်သွားတာပေါ့။




ပေါင်မုန့်ရေးနည်းတောင်းဆိုထားတာ အတွက် အစ်မနောက်တစ်ပတ်လောက်ကိုတင်ပေးနိုင်အောင် ကြိုးစားပါ့မယ်။