Sunday, August 24, 2014

လမုန့်






လမုန့်ရာသီရောက်ပြီမို့ လမုန့်လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်.
လမုန့်မှာ အဓိကကျတာတော့ Lotus seed paste ပါ။ ဒါမှမဟုတ် red bean ၊ Yam နှစ်သက်ရာသုံးနိုင်ပါတယ်။ ဒီမှာတော့ အသင့်လုပ်ပြီးသားရှိတာကြောင့် အဲဒါကိုပဲ ၀ယ်သုံးဖြစ်ပါတယ်။ နောက်မှ lotus paste လုပ်နည်းကို ထပ်ရေးပးပါမယ်။

မုန့်သားအတွက် (မုန့်အသေး ၁၂ ခုလောက်ထွက်ပါတယ်)

ပါဝင်ပစ္စည်းများ

  • ဂျုံ အနုသား (HongKong Flour) - ၁၇၅ ဂရမ်
  • ဆီ - ၄၅ ဂရမ်
  • သကြားရည် (သို့) Golden syrup - ၁၀၀ ဂရမ်
  • alkaline water - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ



ပြုလုပ်နည်း

  •  အဲဒါအားလုံးကို ရောမွှေထားပြီး နဲနဲနယ်ကာ မုန့်သားရလာတဲ့ အထိ ခဏနယ်ရပါမယ်။ရလာတဲ့မုန့်သားကို ၂ နာရီ အနည်းဆုံးနှပ်ရပါမယ်။
  • မုန့်သားအသင့်ဖြစ်ရင် ၂၀ ဂရမ်လောက်အလုံးတွေလုံးထားလိုက်ပါ။
  • အသင့်ပြင်ထားတဲ့ Loutus seed paste ကို ဖရုံစေ့လှော်များနဲ့ရောနယ်ကာ ၄၅ ဂရမ်ခန့်အလုံးများလုံးလိုက်ပါ။ ကျွန်မကတော့ မုန့်သားထဲထည့်ကာနည်းမှ ချိန်ကာလုံးပါတယ်။
  • ဂျုံသားကို ဖိပြားလိုက်ပြီး lotus seed paste ကိုထည့်ကာလုံအောင်ထုပ်ပေးပါ။ ထို့နောက်ချောမွတ်အောင် အလုံးလုံးပါ။
  • ရလာတဲ့အလုံးကို ဂျုံသေချာလူးကာ Mooncake ပုံစံခွက်ထဲသိပ်ထည့်ပါ။ ဂျုံသေချာမလူးရင် ဒီအဆင့်မှာ ပြသနာတက်ပါမယ်။ ပုံစံခွက်က အလွယ်တကူထုတ်ယူလို့ရတဲ့ plunger မျိုးမဟုတ်ပဲ ပုံမှာပြထားသလိုခေါက်ချရတဲ့ အစားဆိုရင် အဲဒီဂျုံလူးတဲ့အဆင့်ကအဓိက စကားပြောပါတယ်။ ပထမတစ်ခေါက်တုန်းက ဂျုံသေချာမလူးမိလို့ မနည်းကိုကြိုးစားပြီး ထုတ်ယူလိုက်ရတယ်..
  • ရလာတဲ့ မုန့်တွေကို ဆီစိမ်စက္ကူခင်းတဲ့ ဗန်းမှာထည့်ပြီး ရေဖြန်းကာ ၁၈၀ ဒီဂရီ အပူပေးထားတဲ့ အာဗန်မှာ၁၀ မိနစ်ဖုတ်ပါ။ ဟုတ်ကဲ့ ရေဘာလို့ဖြန်းတာလဲဆိုတော့ မကွဲအောင်ပါ။ မဟုတ်ရင် လမုန့် အပေါ်သားများကွဲတတ်ပါတယ်။
  • နောက် ၁၅ မိနစ်ခန့်အအေးခံကာ ကြက်ဥရည်နှံအောင် သုတ်လိမ်းကာ ၁၇၀ ဒီဂရီအပူပေးထားတဲ့ အာဗန်မှာ နောက်ထပ် ၁၀ မိနစ်ဖုတ်ပါ။ ဒါဆိုရင် ရပါပြီ။
  • မုန့်ရရခြင်းမစားပဲ ၃ ရက်လောက်ကြာမှစားပါ။ ဒါမှ အပေါ်ယံအခွံတွေရဲ့ အရောင်ကလည်း Mooncake အရောင်ထွက်ပြီး ပျော့ပျော့ပြောင်းပြေားရှိမှာပါ။


Sunday, August 17, 2014

ကြက်၊အမဲစတူး (Beef & Chicken Stew)


အရသာရှိတဲ့ အမဲသား၊ ကြက်သားစတူးလုပ်ကြည့်ကြည်ရအောင်...
နှစ်သက်ရာအသား တစ်မျိုးထည်းနဲ့ လုပ်ရင်လည်းရပါတယ်။ မုန်လာဥနီ၊ မုန်လာဥဖြူ နဲ့ မှိုများလည်း ပါတာကြောင့် စားလို့လည်း အင်မတန်အရသာရှိပါတယ်။ အထူးသဖြင့် မုန်လာဥဖြူနဲ့ အနှစ်များနဲ့နူးအိနေတာက တော်တော်စားလို့ကောင်းပါတယ်..
ပါဝင်ပစ္စည်းများ
  • အမဲသား ၁၅၀ ဂရမ် (ခပ်သေးသေးလှီးထား)
  • ကြက်ရင်ပုံတစ်ခု (ခပ်သေးသေးလှီးထား)
  • ရှီတာကီမှိုခြောက် - ၆ခု (၁၀မိနစ်ခန့်ကြိုပြီး ရေစိမ်ထားပါ)
  • မုန်လာဥဖြူ အနည်းငယ် (ဆားနဲ့နယ်ပြီး အခြောက်လှမ်းထားပြီးသားကို သုံးပါတယ်)
  • မုန်လာဥနီ အသေးတစ်ဥ (လက်တစ်ဆစ်ခန့် လှီးပြီး လေးစိတ်စိတ်ထားပါ)
  • ကြက်သွန်နီဥကြီးတစ်ဥ
  • ကြက်သွန်ဖြူ ၃ မွှာ
  • ချင်းအနည်းငယ်
  • နာနတ်ပွင့် ၂ခု
  • သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပျာရည်အကြည် စားပွဲဇွန်း ၂ ဇွန်း
  • ပဲငံပျာရည်အနောက် (ကြာညို့)  စားပွဲဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်းအနည်းငယ်


ချက်နည်း
  • ဦးစွာကြက်သားနဲ့ အမဲသားကို ဆား၊ ကြက်သားမှုန့် ၊ ကြာညို့ စားပွဲဇွန်း ၁ ဇွန်းခန့််နဲ့ ရောနယ်ထားပါ (အသား၂ မျိုးကို သပ်သပ်စီခွဲနယ်ပါ)
  • ၁၅ မိနစ်ခန့်နှပ်ပြီးရင် အမဲသားကို ကြက်သွန်ဖြူ၊နီ၊ ချင်း၊နာနာတ်ပွင့်၊ ဆား၊သကြားနှင့်ပဲငံပျာရည် အကြည်၊အနောက် အကုန်ထည့်ကာ ဆီစားပွဲဇွန်း ၂ ဇွန်းခန့်ကို ရောမွှေကာ ရေ အနည်းငယ်ထည့်ပြီး pressure cooker မှာ မိနစ် ၂၀ခန့်ပေါင်းပါ။
  • နောက်မှ ကြက်သား၊ ငရုပ်ကေင်းနဲ့ ကျန်တဲ့ မှို မုန်လာဥနီ၊ဖြူများကိုထည့်ကာ ရေအနည်းငယ်ထပ်ထည့်ကာ နာရီဝက်ခန့်ထည့်ပေါင်းပါ။ အပေါ့အငံကို လိုသလောက်ညှိယူပါ
  • နောက်ဆုံးမှ corn flour စားပွဲဇွန်း ၁ ဇွန်းခန့်ကို ရေ စားပွဲဇွန်း ၄ ဇွန်းနှင့်ရောမွှေကာ ထည့်ပါ။ ပျစ်လာလျှင်မီးပိတ်ပြီး ပူပူနွေးနွေးသုံးဆောင်ပါ..

Thursday, August 14, 2014

ဆွမ်းမွှေးဆွစ်ရိုး




အနံ့အရသာနဲ့ ပြည့်စုံတဲ့ ခရင်မ်မုန့်တစ်မျိုး လုပ်ကြည့်ကြရအောင်။ ဆွမ်းမွှေးအနှစ်ကို ထည့်သွင်းပြုလုပ်ထားပြီး ခရင်မ်ချိစ်နဲ့ ပြုလုပ်ထားတဲ့ ခရင်မ်ကို အသုံးပြုထားတာကြောင့် ဆိမ့်ပြီးမွှေးလှပါတယ်။ အခုလုပ်ပြထားတဲ့ swiss roll ကတော့ မုန့်ဖုတ်တဲ့ မျက်နှာပြင်ကို အတွင်းကို ထည့်လိပ်ထားတာကြောင့် ကွဲထွက်မှာ သိပ်စိတ်ပူစရာမလိုပဲ အလွယ်တကူပဲလိပ်နိုင်မှာပါ။

ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၄လုံး
  • သကြား ၈၀ ဂရမ်
  • ဂျုံ ၁၀၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၄၀ ဂရမ်
  • ဆွမ်းမွှေးအနှစ် အနံ့- လက်ဖက်ရည်ဇွန်း ထက်ဝက်

ခရင်မ်ချိစ် Filling
·         ခရင်မ်ချိစ် ၁၀၀ ဂရမ်
·         ပေါင်ဒါသကြား စားပွဲဇွန်း ၃ ဇွန်း (အချိုကြိုက်လျှင်ပိုထည့်နိုင်ပါတယ်)
·         နွားနို့ လက်ဖက်ရည်တစ်ဇွန်း
·         ပထမဦးစွာ ခရင်မ်ချိစ်ကို ၁ မိနစ်ခန့်မွှေပြီးမှ ပေါင်ဒါသကြားနဲ့ နွားနို့ကိုသမအောင်ထည့်မွှေပြီးရင် ခရင်မ်ချိစ် filling အသင့်ဖြစ်ပါပြီ



လုပ်နည်းအဆင့်ဆင့်
(၁၀လက်မ x ၁၀လက်မဗန်း ဆီစိမ်စက္ကူခင်းထားပါ)
  1. ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
  2. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
  3. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  4. နောက်ဆုံးမှ ဆီ+ ဆွမ်းမွှေး ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
  5. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
  6. ထို့နောက် ၂၀၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၁မိနစ်ဖုတ်ပေးပါ။
  7. မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။
  8. ခရင်မ်ချိစ်ခရင်မ် ကို ထိုမျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။
  9. လိပ်ပြီးသားမုန့်ကို ရေခဲသေတ္တာထဲတွင် ၁ နာရီခန့်ထားပြီးမှ သုံးဆောင်ပါ။

Saturday, August 9, 2014

ယိုးဒယား ဆန်ပြားကြော် (ပုစွန်)





ယိုးဒယားခေါက်ဆွဲကြော်
ခုလုပ်ပြမယ့် ခေါက်ဆွဲကြော်ကတော့ ယိုးဒယားခေါက်ဆွဲကြော်တစ်မျိုးပါ။ မူရင်းကတော့ အမဲသားနဲ့ ကြော်တာဖြစ်ပြီး ကျွန်မကတော့ ပုဇွန်သုံးပြီးကြော်ပါတယ်။ တခြားနှစ်သက်ရာ အသားတစ်မျိုးမျိုးကို အစားထိုးလို့လည်း ရပါတယ်။ အသီးအရွက်အနေနဲ့ ကိုက်လံပါဝင်ပြီး အချိုနဲနဲကဲကာ စားလို့တစ်မျိုးကောင်းပါတယ်။ ဆန်ပြားခေါက်ဆွဲကြော်ကို တစ်မျိုးဆန်းသစ်ထားတာပေါ့။

ပါဝင်ပစ္စည်းများ
  • ပုဇွန် (အခွံခွာသန့်စင်ထားပါ) - ၈ ကောင်
  • ဆန်ခေါက်ဆွဲအပြား ၂၂၀ ဂရမ်
  • ကိုက်လံ အနည်းငယ်
  • ပဲငံပျာရည် အနောက်စားပွဲဇွန်း တစ်ဝက်
  • ပဲငံပျာရည်အကြည် စားပွဲဇွန်း ၁ ဇွန်း
  • ငါးငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
  • ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
  • ကြက်ဥ ၂လုံး

ကြော်နည်း
1.    ဆီစားပွဲဇွန်း ၂ ဇွန်းကို အပူပေးကာ ကြက်ဥထည့်မွှေကြော်ပါ။ ၁ မိနစ်ခန့်ကြာလျှင်ကိုက်လံကိုပါ ထည့်ကြော်ပါ
2.    နောက် ဆန်ပြားခေါက်ဆွဲများကို ထည့်မွှေပါ
3.    တဆက်ထည်းမှာပဲ ပဲငံပျာရည် အကြည်၊ အနောက်၊ ငါးငံပျာရည်နှင့် ခရုဆီပါထည့်မွှေပေးပါ။
4.    ပုဇွန်များကိုပါထည့်ကာ မီးပြင်းပြင်းနဲ့ ၄ မိနစ်ခန့်ကြော်ပေးလိုက်ရင်တော့ အရသာရှိတဲ့ ယိုးဒယားခေါက်ဆွဲကြော် အသင့်ဖြစ်ပါပြီ

Wednesday, August 6, 2014

Homemade Bean Sprout (အိမ်လုပ်ပဲပင်ပေါက်)



လတ်လတ်ဆတ်ဆတ်ပို့စ်လေး တစ်ခုလောက်တင်လိုက်ပါဦးမယ်....
အိမ်လုပ်ပဲပင်ပေါက်က လတ်ဆတ်သလို ပို့စ်ကလည်း ပဲပင်ပေါက်ဖောက်ပြီးပြီးချင်း တင်လို့ လတ်လတ်ဆတ်ဆတ်ပါပဲ။ ထင်မထားလောက်အောင်လွယ်ကူတဲ့ ပဲပင်ပေါက်ဖောက်နည်းပါ။ အရင်လုပ်ဖူးသူတွေရှိကြသလို သိပြီးသားဖြစ်နှင့်ပြီး ဖြစ်ရင်လဲ ဖြစ်မှာပါ။ ဒါပေမယ့် အချက်သေချာမသိရင်တော့ အဲဒီလွယ်တယ်ထင်တဲ့ ပဲပင်ပေါက်ကလည်း ပျက်သေးတာနော။

ပထမတစ်ခေါက် လုပ်တုန်းကတော့ ပဲပင်ပေါက်က ဆက်မကြီးပဲ အမြစ်တွေအများကြီးထွက်လာလို့ လွှင့်ပစ်လိုက်ရတယ်။ ပဲပင်ပေါက်လုပ်မယ်ဆိုရုင် Mung Bean လို့ခေါ်တဲ့ ပဲအစိမ်းလေးတွေသုံးရပါမယ်။ စုစုပေါင်း ၄ ရက်လောက်ကြာရင် စားလို့ရပြီ။


ပထမဆုံးပဲလက်တစ်ဆုပ်စာလျော့လျော့ကို ရေတစ်ည (သို့) ၁၂ နာရီအနဲဆုံးစိမ်ပါ။

ဒီလိုအညှောင့်သေးသေးလေးတွေ ထွက်လာရင် ပဲပင်ပေါက်ဖောက်မယ့်ဗူး (သို့) ဇလုံထဲပြောင်းထည့်လို့ရပြီ။ နောက် အလင်းရောင်မ၀င်အောင် Aluminum Foil နဲ့ သေချာအုပ်ပါ။ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ်ရေလောင်းပေးရင် ရပြီ။ ရေလောင်းပြီး ရေစစ်ပြီးမှ ပြန်အုပ်ပါ။
ဒါ ဒုတိယမြောက်နေ့မှာ အဲလိုဖြစ်နေပြီ

ဒါကနောက်ဆုံးနေ့ အမြစ်ကလေးတွေ ဖြတ်မထုတ်ခင်။ အမြစ်တွေ ဖယ်လိုက်ရင်တော့ ကြော်၊ချက်စားဖို့အသင့်ဖြစ်ပါပြီ။ အိမ်လုပ်ဆိုတော့ ပိုပြီး လတ်ဆတ်သလို ဈေးလဲပိုသက်သာတာပေါ့။