Monday, December 30, 2013

Custard ကိတ်





Custard ကိတ်မုန့်လုပ်နည်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။ မုန့်သားမွမွကို အလယ်က custard ယိုနဲ့ထာပနာထားတာကြောင့် အရသာလည်းရှိပါတယ်။

ပါဝင်ပစ္စည်းများ


  • ထောပတ် ၁၂၅ ဂရမ်
  • သကြား - 1/3 cup
  • ကြက်ဥ ၁ လုံး
  • Self raising Flour – ¾ cup
  • Custard powder – ½ cup
  • ဗနီလာ အနံ့ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နွားနို့ - စားပွဲဇွန်း ၂ ဇွန်း


Custard ယိုအတွက်

  • Custard powder – စားပွဲဇွန်း ၁ ဇွန်း
  • သကြား -စားပွဲဇွန်းတစ်ဇွန်း
  • နွားနို့ - 2/3 cup
  • ထောပတ် ၁၅ ဂရမ်
  • ဗနီလာ အမွှေးနံ့ - လက်ဖက်ရည် ၁ ဇွန်း


ယိုအတွက် ထောပတ်နှင့် ဗနီလာ အနံ့မှလွဲ၍ ကျန်သောပစ္စည်းများအားလုံး ရောမွှေပါ။ ပျစ်လာသည်အထိ မွှေပါ။ ထို့နောက် မီးပိတ်ကာ ထောပတ်၊ ဗနီလာ အနံ့များရောမွှေကာ အအေးခံပါ


မုန့်ပြုလုပ်နည်း



  1. နွားနို့ နှင့် ဗနီလာ အမွှေးနံ့ကို သမအောင်ရောမွှေထားပါ။
  2. ထောပတ်နှင့် သကြားကို ဖြူပြီးပွလာသည်အထိ စက်ဖြင့်မွှေပါ။
  3. ကြက်ဥကိုလည်း ရောထည့်ကာ သမအောင်မွှေပါ။
  4. ဂျုံ ၂ မျိုးကိုရောပြီးစကာချကာ ထောပတ်၊သကြားအရောထဲထည့်မွှေပါ။(နွားနို့နှင့် ဂျုံကို တလှည့်စီထည့်ကာ သမအောင်မွှေပါ)။
  5. ထို့နောက် ဆီစိမ်စက္ကူခင်းထားသော ၇ လက်မအချင်းရှိဗန်းဝိုင်းတွင် မုန့်သားတစ်ဝက်ကို ထည့်ပါ။
  6. အအေးခံထားသော custard ယိုကို အလယ်တွင်ခင်းပါ။
  7. ထို့နောက် ကျန်သော မုန့်သားကို အပေါ်မှထပ်အုပ်ကာ မျက်နှာပြင် ညှိပြီး ၁၇၀ ဒီဂရီ အပူပေးထားသော အာဗန်တွင် နာရီဝက်ဖုတ်ပေးပြီး အေးမှ သုံးဆောင်ပါ


Tuesday, December 24, 2013

ခရစ်စမတ် သစ်တုံးကိတ် - ၂၀၁၃



Merry Christmas and happy holiday to all...ပျော်စရာပိတ်ရက်များဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ဒီနေ့မှာတော့ ခရစ်စမတ်တွေမှာ နာမည်ကြီးပြီး အရသာကောင်းလှတဲ့ သစ်တုံးကိတ်လုပ်နည်း အဆင့်ဆင့်လေးကို မျှဝေပေးလိုက်ပါတယ်။

ပထမဦးစွာ သစ်တုံးပြုလုပ်ရန်အတွက် swiss roll ပြုလုပ်ရပါတယ်။ ဆွစ်ရိုးအတွက်

ပါဝင်ပစ္စည်းများ


  • ကြက်ဥ  ၃လုံး
  • သကြား ၇၀ ဂရမ်
  • ဂျုံ ၈၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၁၅ ဂရမ်
  • ဗနီလာ အနံ့- လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • နွားနို့ စားပွဲဇွန်း ၁ ဇွန်း


လုပ်နည်းအဆင့်ဆင့်


    (၁၀လက်မ x ၁၀လက်မဗန်း ဆီစိမ်စက္ကူခင်းထားပါ)
    1. ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
    2. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
    3. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
    4. နောက်ဆုံးမှ ဆီ+ နွားနို့ + ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
    5. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
    6. ထို့နောက် ၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၇ မိနစ်ဖုတ်ပေးပါ။
    7. မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။
 
  သစ်တုံးပုံပြုလုပ်နည်း အဆင့်ဆင့်

  1. ရလာတေသာ မုန့်ပေါ်တွင် နှစ်သက်ရာ ခရင်မ်တစ်မျိုးမျိုး ကို ထိုမျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။(ကျွန်မကတော့ cream cheese ပါဝင်သော ခရင်မ်နဲ့ ချောကလက်ကိုသုံးပါတယ်)
  2. swiss roll အသင့်ဖြစ်ပါပြီ။
  3. ထို့နောက် လှီးဖြတ်ပြီး သစ်တုံးအဆက်ပုံဖြစ်အောင်ပြုလုပ်ပေးပါ။
  4. နောက် ချောကလက်အရသာစပ်ထားသော Fresh cream ကိုသုတ်လိမ်းကာ နောက်ဆုံးအဆင့်နေဖြင့် အရည်ပျော်အောင် လုပ်ထားသော ချောကလက်ရည်ဆမ်းပေးပါ။
  5. မိမိစိတ်ကြိုက် အလှဆင်ကာ ရေခဲသေတ္တာထဲတွင် ၂ နာရီခန့်ထားပြီးလျှင် စားရန်အသင့်ဖြစ်ပါပြီ
 

Monday, December 23, 2013

ပြည်ကြီးငါးစပါးလင်သုပ်






ထမင်းမြိန်စေမယ့် အသုပ်သုပ်နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ ရှောက်ရွက်နံ့သင်းနေတဲ့  ချဉ်ငံစပ်ပြည်ကြီးငါးသုပ်လေးပါ။ ဒီအသုပ်ရဲ့ ထူးခြားချက်ကတော့ စပါးလင်လေးတွေကို ပါးပါးလှီးထည့်ထားခြင်းပါပဲ။ စပါးလင်ကို အခွံခွာ အဖျားပိုင်းတွေဖြတ်ထုတ်ပြီး အတွင်းပိုင်းလေးသာယူရပမယ်။ အကယ်၍ စပါးလင်အရသာကို မနှစ်သက်ရင်လည်း ချန်ထားခဲ့လို့ ရပါတယ်။ ဟင်းပွဲရဲ့ အရသာကို မထိခိုက်စေပါဘူး။


ပါဝင်ပစ္စည်းများ
  • ပြည်ကြီးငါး ၃၀၀ ဂရမ်
  • ကြက်သွန်ဖြူ စားပွဲဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ တစ်ဥ ပါးပါးလှီး
  • စပါးလင် ၁ ပင်ပါးပါးလှီး (မထည့်လည်းရ)
  • ရှောက်ရွက်စားပွဲဇွန်း ၂ ဇွန်း
  • ငရုပ်သီးအနီ စားပွဲဇွန်း တစ်ဝက်
  • ငရုပ်သီးမှုန့် စားပွဲဇွန်း တစ်ဝက်
  • ငါးငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
  • သံပုရာရည် စားပွဲဇွန်း ၃ ဇွန်း
  • ထန်းလျက် စားပွဲဇွန်း ၁ ဇွန်း
သုပ်နည်း
ပြည်ကြီးငါးခပ်ကြီးကြီးတစ်ကောင်ကို သန့်ရှင်းရေးလုပ်ကာ ဓါးဖြင့်မွှန်းပေးပါ။
ပွက်ပွက်ဆူနေသော ရေနွေးထဲတွင် ၂ မိနစ်ခန့်စိမ်ပြီး ပြန်ဆယ်ထားပေးပါ။
ထို့နောက်ပါဝင်ပစ္စည်းများ အားလုံးနှင့် သမအောင်ရောသုပ်လိုက်ရင်တော့ အနံ့မွှေးကြိုင်ပြီး စားကောင်းလှတဲ့ ပြည်ကြီးငါးသုပ် အသင့်ဖြစ်ပါပြီ

Friday, December 20, 2013

ပင်လယ်စာ ပဲကြာဇံသုပ်






ကြားရယုံနဲ့တင် စားချင်မယ့် ချဉ်ချဉ်ငံငံစပ်စပ် ပင်လယ်စာ ပဲကြာဇံသုပ်နည်းလေးတစ်မျိုးပါ။ ဒီဟင်းပွဲလေးက သူငယ်ချင်းတွေ တွေ့ဆုံပွဲလုပ်မယ့် အချိန်တွေအတွက်လည်း အလွန်ပင်သင့်တော်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံ ၁၀၀ ဂရမ် (ရေနွေးဖြင့် ၂ မိနစ်ခန့်ပြုပ်ထားပါ)
  • ပုဇွန် နဲ့ ပြည်ကြီးငါးကိုလည်း( ပြုပ်ထားပြီး ခပ်သေးသေးလှီးထားပါ)
    ခရမ်းချဉ်သီး အကြီးတစ်လုံး (ပါးပါးလှီး)
  • ငရုပ်သီးတောင့်အနီ ၃ တောင့် (သေးသေးလှီးထားပါ)
  • ကြက်သွန်ဖြူ ၅ မွှာ
  • ကြွက်နားရွက်မှိုခြောက် အနည်းငယ် (ရေနွေးစိမ်ကာ ခပ်သေးသေးလှီးပါ)
  • နံနံပင် အနည်းငယ်

ငရုပ်သီး ၊ကြက်သွန်ဖြူ ကို ထောင်း (သို့)သေးသေးလှီးပြီး ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်း ၊ ငါးငံပျာရည် စားပွဲဇွန်း ၃ ဇွန်း၊ ဟင်းခတ်မှုန့်လက်ဖက်ရည် ဇွန်း ၁ ၀က်၊ သံပုရာသီး အကြီး ၁ လုံးခွဲ (အရည်ညှစ်ထားပါ) နဲ့ ရောမွှေထားပါ

စားကာနီးမှ အားလုံးရောမွှေလိုက်ရင် ချဉ်ငံစပ် ပဲကြာဇံ ပင်လယ်စာသုပ်ရပါပြီ။



Tuesday, December 17, 2013

ဖက်ထုပ်ဆီချက်





စားလို့သိပ်ကောင်းတဲ့ ဆီချက်တစ်မျိုးကတော့ ဖက်ထုပ်ဆီချက်ပါ။ လုပ်ရတာလဲ လွယ်ကူပြီးမြန်ဆန်တဲ့အပြင် ဖက်ထုပ်အစိမ်းများကို လုပ်ထားပြီးရင် အနည်းဆုံးတစ်ပတ်လောက် ရေခဲသေတ္တာထဲမှာ အေးခဲပြီး သိမ်းထားနိုင်တာကြောင့် အဆင်ပြေလှပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား (သို့) ၀က်သား စဉ်းပြီးသား ၃၀၀ ဂရမ်
  • ပဲပြား ၆၀ ဂရမ် (သို့) ပုံမှန်ဆိုဒ်ပဲပြား တစ်ဝက်
  • ရှီတာကီမှို ၃ ခု (သေးသေးလှီးထားပါ)
  • ကြက်ဥတစ်လုံး
  • ပြောင်းကော်မှုန့် လက်ဖက်ရည်၁ဇွန်း
  • ခရုဆီစားပွဲဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည် ၁ ဇွန်း
  • နှမ်းဆီလက်ဖက်ရည် ၁ ဇွန်း
  • ကြက်သားမှုန့် လက်ဖက်ရည် ဇွန်း တစ်ဝက်
  • ငရုပ်ကောင်းအနည်းငယ်



ပြုလုပ်နည်း

  1. ပါဝင်ပစ္စည်းများအားလုံးကို သမအောင်ရောမွှေပြီး ၁၀ မိနစ်ခန့်ထားပါ
  2. ထို့နောက် ဖက်ထုပ်အဖတ်ထဲသို့ ပုံပါအတိုင်း ထည့်ကာထုပ်ပေးပါ
  3. သုံးမည့်ဖက်ထုပ်များကို ဖယ်ကာ ကျန်ဖက်ထုပ်များကို ရေခဲသေတ္တာအပေါ်ထပ်တွင်ထည့်ကာ ခဲထားလိုက်ပါ။
  4. ဆော့အတွက် ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်းနဲ့ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ရောမွှေထားလိုက်ပါ။
  5. ကြက်သွန်ဖြူ ကို ဆနွင်းမထည့်ပဲ ဆီချက်ချက်ထားပါ
  6. မုန်ညှင်းအနည်းငယ် ပြုပ်ကာဆယ်ထားပါ။
  7. ဖက်ထုပ်များကို ရေဆူဆူတွင် ၃ မိနစ်ခန့်ပြုပ်ပါ (ကျက်မကျက်သိရန်မှာ ရေဆူဆူထဲသို့ထည့်ပြီး ဖက်ထုပ်များ အိုးအောက်ခြေတွင် မကပ်ပဲရေပေါ်ပေါ်လာလျှင်ရပါပြီ။ ကြာကြာပြုပ်ပါက မာတတ်ပါသည်)။
  8. ပွဲပြင်ရန်အတွက်  ဖက်ထုပ်၊ မုန်ညှင်းများကို ပန်းကန်ထဲတွင်ထည့်ကာ ဆော့လက်ဖက်ရည် ၂ ဇွန်းခန့်ဆမ်း၊ ဆီချက်များထည့်ပြီးလျှင် ကြက်သွန်မြိတ်ဖြူးပါ။
  9. အနံ့မွှေးကြိုင်ပြီး အရသာရှိသော ဖက်ထုပ်ဆီချက်အသင့်ဖြစ်ပါပြီ

Monday, December 16, 2013

စတော်ဘယ်ရီအချိုပွဲ






ဒီဇင်ဘာမှာ ဧည့်သည်တွေကို ဧည့်ခံဖို့ အတွက်မျက်နှာပန်းလှမယ့် အချိုပွဲလေးတစ်ခုကို ထပ်ပြီး လုပ်ပြပေးချင်ပါတယ်။ လုပ်ရတာသိပ်လွယ်ပြီး မြင်သူတိုင်းနှစ်သက်ကြမယ့် စတော်ဘယ်ရီ ချောကလက်ဖြူသစ်သီးပွဲလေးတစ်ခုပါပဲ။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီသီး (နှစ်သက်သလောက်)
  • ချောကလက်အဖြူ
  • အလှဆင်ရန် သကြားလုံးအပြောင်လေးများ
  • ထောပတ်အနည်းငယ်


ပြုလုပ်နည်း
  • စတော်ဘယ်ရီများကို ရေဆေးပြီးစစ်ထားပါ
  • ချောကလက်အဖြူကို ရေနွေးငွေ့ပေးကာ ပျော်အောင်လုပ်ထားပါ
  • (ချောကလက် ၆၀ ဂရမ်ကို ထောပတ် စားပွဲဇွန်း ၁ ဇွန်းနှုန်းထည့်မွှေပါ)
  • ထို့နောက် စတော်ဘယ်ရီများကို ချောကလက်ထဲ ခပ်စောင်စောင်းလေးနှစ်ပေးပါ
  • တစ်ဆက်ထည်းမှာပဲ သကြားလုံးလေးများကပ်ပေးပါ
  • ဗန်းတစ်ခုထဲတွင် ထည့်ကာ ရေခဲသေတ္တာထဲတွင် ၁၅ မိနစ်ခန့်ထားပြီးရင် ဧည့်ခံရန်အသင့်ဖြစ်ပါပြီ

Tuesday, December 10, 2013

ခရစ်စမတ် cup cake






နောက်ထပ် ခရစ်စမတ်အတွက် မုန့်လေးတစ်ခုကတော့ ခရစ်စမတ် မြက်ပန်းခွေပုံဖော်ထားတဲ့ ကိတ်လေးပါပဲ။ ဒီမုန့်မှာလည်း  ချောကလက်ကိတ်ကိုပဲ သုံးပြထားပြီး အစိမ်းရောင် ခရင်မ်များနဲ့ အလှဆင်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ
  • ထောပတ် ၆၀ ဂရမ်
  • သကြား ၅၀ ဂရမ်
  • ဂျုံ ၅၀ ဂရမ်
  • ကိုကိုးမှုန့် စားပွဲဇွန်း ၁ ဇွန်းမောက်မောက်
  • ဘိတ်ကင်ပေါင်ဒါ လက်ဖက်ရည် ဇွန်းသုံးပုံတစ်ပုံ
  • ကြက်ဥ ၁ လုံး
  • နို့စိမ်း စားပွဲဇွန်း ၁ဇွန်း
  • စတော်ဘယ်ရီသီးအနည်းငယ်
လုပ်နည်းအဆင့်ဆင့်
  1. ဂျုံ၊ ပွဆေး နဲ့ ကိုကိုး မှုန့်ကို စကာ ချထားပါ
  2. သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
  3. ကြက်ဥကို  သမအောင် ထည့်မွှေပေးပါ။
  4. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ
  5. ပြီးရင် မုန့်ဖုတ်မယ့် Muffin ခွက်လေးများထဲကို ထည့်ပြီး ၁၆၀ ဒီဂရီမှာ ၂၅ မိနစ် ဖုတ်ပေးပါ။
  6. အာဗင်မှထုတ်ပြီး အအေးခံထားပါ။


ခရင်မ်ချိစ် Icing
  • ထောပတ် ၅၀ဂရမ်
  • ခရင်မ်ချိစ် ၈၀ ဂရမ်
  • ပေါင်ဒါသကြား ၁၀၀ ဂရမ်
  • ဗနီလာအနံ့ လက်ဖက်ရည် ၁ ဇွန်း
အားလုံးကို သမအောင် စက်နဲ့ခေါက်ထားပေးပါ။ တစ်ဝက်ကို အစိမ်းရောင်မုန့်ဆိုးဆေးထည့်ပေးပါ။

မုန့်အလှဆင်ခြင်း
  • ကိတ်မုန့်တစ်ခုစီကို  ခရင်မ်ချိစ် Icing အဖြူစားပွဲဇွန်းနှစ်ဇွန်းခန့်စီသုတ်လိမ်းပြီး မျက်နှာပြင် ညီအောင်ညှိပေးပါ
  • နောက် star tip လေးကိုသုံးကာ အစိမ်းရောင်ခရင်မ်ဖြင့် အ၀ိုင်းပုံရအောင် ပုံဖော်ပါ။
  • ထို့နောက် အသင့်သုံးဂျယ်လီအနီ၊ သကြားခဲအပြောင်လေးများဖြင့် ပုံပါအတိုင်းအလှဆင်ပေးပြီးရင် မုန့်လေး အသင့်ဖြစ်ပါပြီ