Tuesday, June 25, 2013

လွယ်ကူမြန်ဆန်တဲ့ Quesadilla




ကလေးများအတွက် သင့်တော်မယ့် မနက်စာကတော့ Quesadilla လို့ခေါ်တဲ့ Tortilla ကိုသုံးပြီး ပြုလုပ်တဲ့ မုန့်တစ်မျိုးပါ။ ချိစ်ကို Filling အဖြစ်အဓိကသုံးပြီး တခြားနှစ်သက်ရာ အသား/ Ham များကိုလည်း ထည့်ပြီးလုပ်လို့ရပါတယ်။ သူရဲ့မူလ စတင်တဲ့ နေရာကတော့ မက်ဆီကို နိုင်ငံကဖြစ်ပြီး စပိန်ဘာသာစကားဖြစ်တဲ့ queso ( ချိစ်) နဲ့ Tortilla ကိုပေါင်းထားကာ Quesadilla  ဖြစ်လာရပါတယ်တဲ့။
သိပ်လွယ်ပြီး အရသာရှိတဲ့ မနက်စာကို ကလေးများသာမက လူကြီးများပါ နှစ်သက်ကြမှာ အသေအချာပါ။ ကျွန်မကတော့ ချိစ်နဲ့ တူနာကိုသုံးပြီးပြုလုပ်ထားပါတယ်

Thursday, June 20, 2013

Rice Crispy (မရွေး)






ဒီတစ်ခါတော့ ကလေးမုန့်အလှည့်ပေါ့။ တစ်လမှာ ကလေးတွေအတွက် မုန့် ၂ ခု ဝေစုကျပါတယ် :D
ဒါလေးကတော့ မရွေးနဲ့ ဆင်တူတဲ့ မုန့်လေးပေါ့။ ဒီမုန့်လေးအတွက် ဆန်လှော်အကြွပ် (rice crispy ) နဲ့  Marsh mallow ကိုသုံးပြထားပါတယ်။ Marsh mallow ဆိုတာကလည်း  ကလေးများအကြိုက်မို့ သူနဲ့လုပ်ထားတဲ့ မုန့်လေးကိုလဲ ကြိုက်ကြမှာ အသေအချာပါ။
ပါဝင်ပစ္စည်းများ
  • rice crispy - 4 cups
  • marsh mallow - 3 cups
  • ထောပတ် - ၃၀ ဂရမ်
ပုလုပ်နည်း

  • ပထမဆုံး ထောပတ်ကို မိုက်ခရိုဝေ့ဖ်ထဲမှာ ၁ မိနစ်ခန့်အပူပေးပြီး ပျော်အောင်လုပ်ပါ။ ထောပတ်ပျော်တာနဲ့ marsh mallow များကို ထည့်ပြီး ၂ မိနစ်ခန့်ထပ်အပူပေးလိုက်ပါ
  • marsh mallow များလဲ ပျော်လာပြီဆိုရင် rice crispy များကို ရောထည့်ပြီး သမအောင်မွှေက ဗန်းထဲကို ဖိသိပ်ထည့်ပေးပါ။ လက်ကို ဆီဆွတ်ကာ ဖိထည့်ပေးရပါမယ်။
 
  • သကြားခဲရောင်စုံလေးများနဲ့ အလှဆင်ပြီး ၂ နာရီလောက် ခဲထားပြီးရင် နှစ်သက်ရာပုံလှီးကာ သုံးဆောင်နိုင်ပါပြီ။ (ရေခဲသေတ္တာထဲ ထည့်ရန်မလိုပါ)

Tuesday, June 18, 2013

Strawberry Tart





လက်ဖက်ရည်ချိန်အတွက် အသင့်တော်ဆုံး ဖြစ်မယ်ထင်တဲ့ မုန့်လုပ်နည်းတစ်မျိုးကို လုပ်ပြချင်ပါတယ်။ အဲဒါကတော့ Strawberry Tart ပါ။ custard ချိုချိုလေးမှာ စတော်ဘယ်ရီ အရသာလေးနဲ့ သိပ်လိုက်ပါတယ်။ မအီပဲနဲ့ စားကောင်းတာမို့ သဘောကျကြမှာ အသေအချာပါ။ လုပ်နည်းလေးကလည်း လွယ်ကူတာကြောင့် ခဏခဏလုပ်စားဖြစ်မယ့် မုန့်လေးတစ်မျိုးပါပဲ

ပါဝင်ပစ္စည်းများ

ဂျုံသားအတွက်
  • ဂျုံ ၂၅၀ဂရမ်
  • icing sugar -  ၅၀ ဂရမ်
  • ထောပတ် ၁၂၀ ဂရမ်
  • ကြက်ဥ အနှစ် ၁ခု
လုပ်နည်း
  1. ဂျုံနဲ့ သကြားမှုန့်ကို ရောမွှေထားပြီး ထောပတ်နဲ့ နယ်ပေးပါ။ 
  2. ပုံမှာ ပြထားသလို အဖတ်အဖတ်ကလေးတွေ ဖြစ်လာပြီဆိုရင် ကြက်ဥအနှစ် ၁ ခုကိုရောမွှေပြီး ဂျုံအလုံးဖြစ်အောင် လုံးထားပါ။ 
  3. ပြီးရင် ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်လောက်ထားပေးပါ။ ပြီးရင် 1/2 စင်တီမီတာ လောက်အထူအပြားရအောင် ဆီစိမ်စက္ကူ ၂ခုကြားမှာ ဒလိမ့်တုံးနဲ့ လှိမ့်ပေးပါ။
  4. မုန့်ဖုတ်မယ့် ခွက်ကလေးထက်နဲနဲကြီးကြီးအောင် ဖြတ်ပေးပြီး ခွက်ကလေးတွေထဲကို အသာအယာဖိသိပ်ပေးပါ။ ခွက်အောက်ခြေကို ခက်ရင်းလေးနဲ့ ၃ ချက်လောက်ထိုးပေးပါ။ ဒါဆိုရင် မုန့်ဖုတ်မယ့် ခွက်ကလေးတွေ အသင့်ဖြစ်နေပါပြီ။
  5. နောက် ၁၇၀ ဒီဂရီ အပူပေးထားတဲ့ Oven မှာ ၁၅ မိနစ်လောက်ဖုတ်ပေးပြီး အအေးခံပေးထားပါ




Pastry Cream ပြင်ဆင်ခြင်း
  • ကြက်ဥအနှစ် ၄ခု
  • ပြောင်းကော်မှုန့် - ၃၂ ဂရမ်
  • သကြား - ၁၂၀ ဂရမ်
  • နွားနို့ ၃၅၀ မီလီလီတာ
  • ထောပတ် စားပွဲဇွန်း ၂ ဇွန်း
  • ဆား - ပါရုံမျှ
  • ဗနီလာ အနံ့ လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်နည်း
  • ပြောင်းကော်မှုန် နဲ့ သကြား ၄၀ ဂရမ်ကို ရောမွှေပေးပြီး နွားနို့ ၁၅၀ မီလီလီတာကို ထည့်မွှေပါ။ ကြက်ဥများကိုလည်း သမအောင်ရောခေါက်ပေးပါ

  • ကျန်နို့များနဲ့ သကြားများကို ဆူအောင်တည်ပေး ပြီး ပထမအဆင့်မှာပါတဲ့ ကြက်ဥ၊နွားနို့ အရောထဲကို ဖြည်းဖြည်းခြင်းလောင်းထည့်ပေးပါ။ လောင်းနေရင်းက အဆက်မပြတ် မွှေပေးနေရပါမယ်
  • သမသွားရင် မီးပေါ်မှာပြန်တည်ပြီး ပြစ်လာအောင်မွှေပြီး အအေးခံပါ။ ဒါဆိုရင် pastry cream ရပါပြီ

  • ရလာတဲ့ cream များကို ခုနက အသင့်ပြုလုပ်ထားတဲ့ မုန့်သားလေးတွေပေါ်မှာတင်ကာ စတော်ဘယ်ရီသီးများ စီထည့်ပြီးရင် သုံးဆောင်နိုင်ပါပြီ
.

Tuesday, June 11, 2013

ချောကလက်ချိစ်ကိတ်




ဒီတစ်ခါတော့ ချိစ်ကိတ်ကို ချောကလက်ထဲထည့်လိုက်တယ်။ ချောကလက်နဲ့ ချိစ်ဆိုတာ တော်တော်လိုက်ဖက်တယ်ဆိုတာကို ဒီမုန့်လုပ်ပြီးရင် လက်ခံသွားလိမ့်မယ်လို့ထင်ပါတယ်။ ဒီမုန့်ကို စပြီးစမ်းတာတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကပေါ့။ စလုပ်ပြီးကတည်းက အရမ်းသဘောကျတာကြောင့် ကျွန်မတို့အိမ်ရဲ့ လက်စွဲတော်မုန့်တစ်မျိုးလို့တောင်ဆိုလို့ ရပါတယ်။ ဒါပေမယ့် ခဏခဏတော့ မလုပ်ဖြစ်ဘူး။ အရမ်းသဘောကျတာကြောင့် လုပ်ပြီးရင် တစ်ခါတည်းကုန်သွားတာများပါတယ်။ ဒါကြောင့် တစ်ခါတစ်လေလောက်ပဲ လုပ်ဖြစ်ပါတယ်။ စာဖတ်သူများလည်း ကျွန်မနဲ့ သဘောထားတူမတူကို ဒီမုန့်လေးလုပ်ပြီးရင် အသိပေးပါဦး။

ပါဝင်ပစ္စည်းများ
  • Cream Cheese 150g
  • Sugar 25g
  • 1 Egg

အဲဒါတွေအားလုံးကို သမအောင်ရောမွှေထားလိုက်ပါ

ချောကလက်မုန့်နှစ် အတွက်
  • ထောပတ် 100g
  • သကြား 80g
  • ဂျုံ 80g
  • ကြက်ဥ ၂ လုံး Eggs
  • ကိုကိုးပေါင်ဒါ စားပွဲဇွန်း ၂ဇွန်း
  • baking powder လက်ဖက်ရည်ဇွန်း တစ်ဝက် (2.5g)
  • နွားနို့ စားပွဲဇွန်း ၂ ဇွန်း


ပြုလုပ်နည်း
  1. ဂျုံ၊ ပွဆေး နဲ့ ကိုကိုး မှုန့်ကို စကာ ချထားပါ
  2. သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
  3. ကြက်ဥကို တစ်လုံးချင်းစီ သမအောင် ထည့်မွှေပေးပါ။
  4. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။
  5. ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို ချောကလက် တစ်လွှာ၊ Cheese တစ်လွှာထည့်ပြီး ၁၇၀ ဒီဂရီမှာ ၄၀-၄၅ မိနစ် ဖုတ်ပေးပါ။
  6. မုန့်ကျက်မကျက်ကို စူးတံလေးထိုးပြီး စမ်းပါ။ မုန့်နှစ်ကပ်ပါမလာရင် ရပါပြီ





Monday, June 10, 2013

Mixer အသုံးပြုနည်းများ


(Mixer ) မွှေစက်တွေမှာပါတဲ့ မွှေတံလေးတွေဟာ သူ့နေရာနဲ့သူ သုံးရတာလေးတွေရှိပါတယ်။ မွှေစက် အကြီးပဲသုံးသုံး အသေးပဲသုံးသုံး သဘောတရားခြင်းကတော့ အတူတူပါပဲ။ ဒါပေမယ့် သုံးတဲ့ စက်ကိုလိုက်ပြီး ရလာတဲ့ မုန့်သားကွာခြားတတ်ပါတယ်။ ဥပမာအားဖြင့်ပြောရရင် မွှေစက်အသေးက သိပ်ပြီး အားပြင်းပြင်းမမွှေနိုင်တာကြောင့် sponge cake လိုမျိုးကိတ်တွေမှာဆိုရင် aeration (မုန့်သားပွအောင် အရေးပါသော အဆင့်လို့ ပြောရမယ်ထင်ပါတယ် ) သိပ်မပေးနိုင်ပါဘူး။ ဒါဆိုရင် စက်အသေးနဲ့ လုပ်လို့မရဘူးလား ဆိုတော့လည်း မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင်လည်း မုန့်ဖုတ်သက်တမ်း ၅ နှစ်မှာ ၃ နှစ်ခွဲအထိက အိမ်သုံး Hand mixer လေးနဲ့ပဲသုံးခဲ့တာပါပဲ။ ဒါပေမယ့် အထက်မှာ ပြောခဲ့တဲ့အတိုင်း ကိုလိုချင်တဲ့ မုန့်သားအနေအထားရအောင်လို့ တော်တော်ညှိပြီး လုပ်ရပါတယ်။

Balloon Whisk

ပုံမှာပြထားတဲ့ မွှေတံ အမျိုးအစားကိုတော့ Balloon whisk လို့ခေါ်ပါတယ်။ မွှေတဲ့ သံချောင်းလေးတွေ အများကြီးပါတဲ့ဟာမျိုးပေါ့။ ဒါမျိုးက sponge cake လိုမျိုး ကြက်ဥနဲ့ သကြားကို အရမ်းပွအောင်လုပ်ရတဲ့ ကိတ်မုန့်မျိုးတွေမှာ သုံးရပါတယ်။ ဘယ်လောက်ကြာကြာမွှေ့ရမလဲဆိုတာကတော့ သုံးတဲ့ recipe အချိုးပေါ်မူတည်ပါတယ်။ ပုံမှန် ကိတ်အသေးလေးတွေ (ကျွန်မရဲ့ မုန့်လုပ်နည်းတွေမှာပါလေ့ရှိတဲ့ recipe ) အချိုးအတွက်ဆိုရင်တော့ ၅ မိနစ်လောက်နေရင် လိုချင်တဲ့ မုန့်သားကို ရလေ့ရှိပါတယ်။
Beater

ဒါကတော့အရမ်းပွအောင် လုပ်စရာမလိုတဲ့ မုန့်လုပ်နည်းတွေမှာသုံးပါတယ်။ ဥပမာအားဖြင့် ထောပတ်ကိတ်လို သိပ်သည်းတဲ့မုန့်တွေပေါ့။
Dough Hook

ပေါင်မုန့်အတွက်ဆိုရင်တော့ ဒီမွှေတံအကြီးကို သုံးပေးရမှာပါ။ တစ်ချက်သတိထားရမှာက မုန့်မွှေစက်အသေးတွေမှာပါတဲ့ Dough hook အသေးလေးတွေက သုံးလို့မရသလောက်ပါပဲ။ ဂျုံသားကို သူတို့မနယ်နိုင်ပါဘူး။ အပြသဘောလောက်သာရှိတာမို့ လက်နဲ့ နယ်တာကပဲ ပိုကောင်းပါလိမ့်မယ်။ စက်အကြီးတွေမှာပါတဲ့ အကြီးစားမွှေတံကြီးတွေကတော့ သုံးလို့ တော်တော်အဆင်ပြေပါတယ်။ များသောအားဖြင့်တော့ ဂျုံမွှေရင် ၂၅ မိနစ်လောက်နေမှ လိုချင်တဲ့ အနေအထားရလေ့ရှိပါတယ်
ဒါလေးတွေကတော့ အကြမ်းဖျင်းဘယ်လိုသုံးရမလဲသိဖို့အတွက်ပါပဲ။ ကျွန်မပြောပြပေးထားတဲ့ အချိန်တွေကလည်း ခန့်မှန်းခြေတွေပါပဲနော်။ ဘာလို့လဲဆိုတော့ ရှေ့မှာပြောခဲ့တဲ့အတိုင်း အချိုးအဆပုံမူတည်ပြီး အချိန်တွေကလည်း လိုက်ညှိရတတ်လို့ပါပဲ။ မုန့်လုပ်တာကြာလာတာနဲ့ အမျှ ကိုယ်ကိုယ်တွယ်တဲ့ ingredients/ recipe ပေါ်မူတည်ပြီး မုန့်သားအသင့်ရမရ ချိန်ဆ တတ်မှာမို့ မုန့်များများလုပ်ကြည်ကြပါလို့ပဲ တိုက်တွန်းပါရစေ။ (ကျွန်မကိုယ်တိုင်လည်း လိုချင်တဲ့ စိတ်ကြိုက်ပေါင်မုန့်သားရဖို့အတွက် အပျက်အစီးပေါင်း ၁၀ခါထက်မနဲပဲ စမ်းခဲ့ရပါတယ်)

အားလုံးပဲ Happy baking ပါနော်....




(Photos courtesy of Google image)

Sunday, June 9, 2013

ငါးအကြွပ်ကြော်

 
ငါးကိုကြွပ်နေအောင် ကြော်ပြီး။ ကြက်သွန်ဖြူ၊ချင်း ဆီချက်ကလေး ဆမ်းထားသော ဟင်းပွဲပါ။
မခက်ခဲသလို ထမင်းဖြူဖြူမှာ ငါးကြော်ဆီနယ်ပြီး တွဲစားရင်လည်း အလွန်စားလို့ကောင်းပါတယ်

  • ငါးတစ်ကောင်ကို သန့်ရှင်းရေးလုပ်ပြီး ခြောက်အောင်သုတ်ပြီးမှ ဆားဆနွင်းနယ်ကာ ဆီပူပူမှာကြွပ်အောင် ကြော်ပါ။
  • ချင်း (စားပွဲဇွန်း ၁ ဇွန်း ) + ကြက်သွန်ဖြူ (စားပွဲဇွန်း ၁ဇွန်း) ကိုလည် ကြွပ်အောင် ကြော်ပြီး ဆား၊ သကြား ထည့်မွှေပါ။
  • ဆီချက်အဖတ်များ ငါးပေါ်မှာ ဖြူးကာ စားရန်အသင့်ပါ။
 

Wednesday, June 5, 2013

Biscotti






ဒီတစ်ခါတော့ Biscotti လို့ခေါ်တဲ့ မုန့်လေးပါ။ အလွယ်ပြောရမယ်ဆိုရင်တော့ အင်္ဂလိပ်မုန့်ကြွပ်ပေါ့။ အီတလီနိုင်ငံက စပြီးလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပုံစံက ခပ်ရှည်မျောမျာနဲ့ Almond စေ့ကို အဓိကထားသုံးထားတဲ့ မုန့်ပါ။ မုန့်ရဲ့နာမည်က လက်တင်စကားလုံးတစ်ခုဖြစ်တဲ့ biscoctus ဆင်းသက်လာပြီး အဓိပါယ်ကတော့ Twice baked - ၂ ခါဖုတ်ထားတဲ့ မုန့်လို့ဆိုပါတယ်။ ဘယ်သူတွေကပဲ စပြီးလုပ်လုပ် စားလို့တော့ တစ်မျိုးကောင်းတာ သေချာပါတယ်။ မုန့်လုပ်နည်းလေးကို ကြည့်လိုက်ကြရအောင်

ပါဝင်ပစ္စည်းများ


  • Almond စေ့ ၂၀၀ ဂရမ် (ကျွန်မက Walnut နဲ့အစားထိုးထားပါတယ်)
  • ဂျုံ ၂၁၅ ဂရမ်
  • သကြား (Caster Sugar) - ၉၀ ဂရမ်
  • ဆားအနည်းငယ်
  • ဆိုဒါ ၂.၅ ဂရမ်
  • ကြက်ဥ ၂ လုံး
  • ကြက်ဥအကာ တစ်ခု (ခေါက်ထားပါ - မုန့်ပေါ်သုတ်ရန်)


လုပ်နည်း အဆင့်ဆင့်
Almond စေ့အစိမ်းဆိုရင် လှော်ပြီး ခပ်ကြမ်းကြမ်းလေး စိတ်ထားလိုက်ပါ
ကြက်ဥကလွဲပြီး ကျန်ပစ္စည်းများအားလုံးကို ရောမွှေပါ

နောက် ကြက်ဥများကိုထည့်ကာ သမအောင်မွှေပြီး ဂျုံသားရအောင်နယ်ပါ
နောက်ဆုံးမှ Almond များကို ထည့်ပေးပါ
ရလာတဲ့ ဂျုံသားကို ၂ ပိုင်းအညီအမျှခွဲကာ ဗန်းပေါ်တင်ကာ ခပ်ရှည်ရှည်မျောမျောမုန့်ပုံသွင်းပေးပါ။
ကြက်ဥရည်သုတ်ကာ ၁၈၀ ဒီဂရီ အပူပေးထားသော Oven မှာ မိနစ် ၂၀ ဖုတ်ပေးပါ
မုန့်ကိုထုတ်ကာ Oven်ကို အပူချိန် ၁၄၀ ဒီဂရီထိလျော့ပေးပါ

ရလာတဲ့ မုန့်ပူပူကို ဓါးထက်ထက်နဲ့ လှီးပေးပြီး Oven ထဲပြန်ထည့်ကာ နောက်ထပ် ၂၅ မိနစ်ဖုတ်ပေးပါ။
ရလာတဲ့မုန့်များကို အအေးခံပြီးရင် သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

Saturday, June 1, 2013

နာနတ်သီးဂျယ်လီ




ခုတစ်ပတ် Kids in the kitchen အစီအစဉ်အတွက်လုပ်ပေးထားတဲ့  နာနတ်သီးဂျယ်လီဖြစ်ပါတယ်။ ဂျယ်လီကတော့ ကလေးတွေ ကြိုက်တဲ့ သရေစာလေးဖြစ်တဲ့အပြင် သစ်သီးများပါ ထည့်ထားတာကြောင့် သူတို့သဘောကျမှာ အသေအချာပါ။
(ကလေးသာမက လူကြီးတွေပါသဘောကျကြမှာပါ :) )

နာနတ်သီးဂျယ်လီ
Agar agar jelly – ၁၀ ဂရမ်
ရေ- ၁ လီတာ
သကြား - ၂၀၀ ဂရမ်
ထန်းလျက် - ၄ ခဲ
နာနတ်သီးအနည်းငယ်



ပြုလုပ်နည်း
ပထမဦးစွာ နာနတ်သီးများကို ခပ်သေးသေးလှီးပြီပုံစံခွက်လေးများထဲသို့ ထည့်ပေးပါ
Agar agar နဲ့ ရေကို အရင်ကျို အသီးမြုပ်တဲ့အထိပဲ လောင်းထည့်ပြီး အအေးခံထားပါ။
ကျန်တဲ့အရည်များကို ထန်းလျက် ၄ ခဲထည့်ကာ ဆက်ကျိုပါ။
ရလာတဲ့ ထန်းလျက် ဂျယ်လီရည်များကို ပထမအအေးခံထားတဲ့ ဂျယ်လီများပေါ်ကိုထပ်လောင်းထည့် ပေးပါ။ အအေးခံပြီးရင်တော့ နာနတ်သီးဂျယ်လီများ အသင့်ဖြစ်ပါပြီ