Thursday, April 28, 2011

ခရီးသွားမှတ်တမ်း

 
 
Easter ရုံးပိတ်ရက်မှာ လွန်ခဲ့တဲ့ ၄  နှစ်တုန်းက ရောက်ခဲ့တဲ့ နေရာဆီတစ်ခေါက်အလည်ပြန်ရောက်ခဲ့ပါတယ်။ ပင်လယ်ရှုခင်းတွေကတော့ ဘာမှမပြောင်းလဲ။ အရင်တုန်းကလည်း ဒီလိုပဲ ခုလဲ ဒီအတိုင်း ။ ပြောင်းလဲသွားတာကတော့ လမ်းလေးတွေ၊ အဆောက်အဦးတွေ နဲ့ ကျွန်မတို့တွေ။  အဆောက်အဦး အသစ်တွေအများကြီးတိုးလာသလို အရင်တုန်းကကျောက်စရစ်လမ်းလေးတွေတောင် တော်တော်များများ ကတ္တရာ တွေဖြစ်ကုန်ပါပြီ။  ဒါပေမယ့် မြို့လေးကတော့ ချစ်စရာကောင်းတုန်းပါဘဲ။ တိုးရစ်တွေ အလာများလို့တိုးတက်သင့်တဲ့ နေရာမှာ တိုးတက်နေသလို တောဆန်သင့်တဲ့နေရာလေးတွေမှာ ဆန်တုန်း။ ကားနဲ့လျောက်သွားတဲ့ လမ်းခရီးတစ်လျောက်မှာ တောတောင်သဘာဝ အငွေ့အသက်လေးတွေရတုန်း။ စက်ရုပ်တွေနဲ့ မတူတဲ့ပတ်ဝန်းကျင်တစ်ခုကို ရုတ်တရက်ပြန်ရောက်သွားတဲ့အခါ အတော်များများဟာ ချစ်စရာကောင်းနေတာ အမှန်ပါပဲ။
 
မနက်ဆိုရင် ရုံးမီဖို့ သုတ်သုတ်သွားလာ နေတဲ့ မျက်နှာမျိုးတွေလည်း မတွေ့ရဘူး။ ရန်လိုစွာ ရုန်းကန်နေတဲ့ မျက်နှာများကို လည်း မတွေ့ရဘူး။ အရာအားလုံးဟာ အေးအေးဆေးဆေးနဲ့မို့ စိတ်ချမ်းသာစရာကောင်းတာတော့ တကယ်အမှန်ပါ။  လမ်းဘေးဆိုင်လေးတွေကလည်း ဗမာပြည်ကလိုမျိုးဆိုတော့ ရုတ်တရက် ဗမာပြည် အိမ်ပြန်လမ်းကိုပဲ ပြန်ရောက်နေသလိုလို။ ပြောရမယ်ဆိုရင် သဘာဝကို လွမ်းတဲ့ အရှိန်တွေ ခုထိမကုန်သေးပါဘူး။ သွားတုန်းကတော့တက်တက်ကြွကြွ ပြန်ရမယ်ဆိုတော့မျက်နှာက သိပ်မကောင်းချင်။ စင်္ကာပူကို ပြန်ဝင်ခါနီးလေ ပိုဆိုးလေ။ အတူသွားတဲ့ သူငယ်ချင်းပြောလိုက်မှပဲ ကိုယ်ဖြစ်နေတဲ့ ဖီလင်ကို သေချာသဘောပေါက်သွားတော့တယ်။ ခြံထဲပြန်သွင်းခံရတော့မယ့် နွားလေးတွေလိုတဲ့။ :D  ဟုတ်တော့ဟုတ်တယ်နော်။ ကျွန်မတို့အဖြစ်ကလဲ အဲဒီအတိုင်း။
  
ပထမဆုံး ပီနန်ကို အရင်ဝင်။ လေယာဉ်ကြောက်တဲ့ ကျွန်မက လေယာဉ်စီးရတော့မယ်ဆိုရင် မျက်စေ့မျက်နှာက ခပ်ပျက်ပျက်။ ဘယ်နှစ်ကြိမ်ပဲ စီးစီး အဲဒီလေယာဉ်အတက်ကို ကြောက်တဲ့ခံစားချက်က လျော့မသွားပါဘူး။ Documentry ကလာသမျှ Air Crash Investigation တွေကိုမလွတ်တမ်းကြည့်မှတော့ မကြောက်ခံနိုင်ရိုးလား။ တော်ကြာနေရင်းလေထဲမှာတစ်ခုခုဖြစ်မလိုလို။ ဒါပေမယ့်စီးရတဲ့အချိန်က ၁ နာရီထဲပါ။ တထိတ်ထိတ်နဲ့ဘဲ ပီနန်ကိုရောက်ချောချောမောမော ရောက်သွားပါတယ်။
 
( သဘာဝ ရှူခင်းတွေကို အမှတ်တရဖြစ်ရအောင်လို့ ဒီမှာပဲမှတ်တမ်းတင်ထားလိုက်တော့မယ်။ အဲဒါပေမယ့် ပုံတွေတော်တော်များများက ကျွန်မရိုက်တာမဟုတ်။ သဘာဝဓာတ်ပုံကို ကျွန်မထက်ပိုချစ်သော အိမ်ကဓာတ်ပုံဆရာ လက်ရာများသာဖြစ်ကြောင်း :P  ပိုလှတဲ့ပုံဆိုရင် သူရိုက်တာလို့သာမှတ်လိုက်ပါ )
 
ညနေစာ ၊ ဆိုင်အပြင်အဆင်လေးက ချစ်စရာ (သေချာ ဓာတ်ပုံမရိုက်ခဲ့ရဘူး ၊ ဆိုင်းဘုတ်ပဲရိုက်လာခဲ့တယ်) ။


 အစားအသောက်ကလဲကောင်း
 
 စားလာသမျှ
 
 
 
 
 
 
ပီနန်တံတား။  အရှေ့တောင် အာရှမှာအရှည်ဆုံးထဲ ပါတယ်ဆိုပဲ
 

 
 
နောက်နေ့မနက် Ferry နဲ့ ၃နာရီကြာအောင် ကိုစီးရပါတယ်။ ပင်လယ်ထဲက မြင်ကွင်းတွေ။


 
Langkawi လှေဆိပ်။
 
 
 
ပင်လယ်ကမ်းခြေမြင်ကွင်း။






 
အဲဒီကမ်းခြေမှာ သင်္ဘောသီးသုပ်ရောင်းတယ်။ အရမ်းကောင်း။ sausage တွေကလဲ အစုံ။ အကုန်တော့မစားခဲ့ပါဘူး
 
ညစာကိုနေ့တိုင်းနီးပါး ၉ နာရီ၊ ၁၀နာရီမှ စားဖြစ်တယ်။ ( မ၀ ခံနိုင်ရိုးလား) အစားအသောက်ကလည်း ကောင်းဆိုတော့ ၀ိတ်လျော့တာတွေဘာတွေခေါင်းထဲဘာမှ မရှိ။
 
Langkawi မှာသိပ်ပေါတာတစ်ခုက ပန်းကန်တွေပါဘဲ ။ အဆင်တွေကလဲ လှမလှ။ ဈေးဆိုတာတာလဲ ပေါသလားလို့။ ဒီက Ikea ကိုတောင်သနားသေးတော့တယ်။  ဖြစ်နိုင်ရင် တစ်ဆိုင်လုံးတောင် စလုံးကို မ, လာချင်တာ။ တကယ့်လက်ရှိမှာက တစ်ခုမှမ၀ယ်ခဲ့နိုင်ပါဘူး။ ပန်းကန်ကြိုက်သူများ သရေယိုနိုင်အောင် ပန်းကန်ပုံတွေ အများကြီးရိုက်ခဲ့တယ်။
 





 
Duty Free ဆိုင်လေးတွေ။ 
 
 
ဒါကတောထဲကလမ်းတစ်ခုကို သွားရင်းနဲ့ တွေ့လိုက်ရတဲ့ မြင်ကွင်း။ ကဲဒါမျိုးကို စလုံးမှာ ဘယ်လိုရမလဲ။ 
 

 
နောက်ဆုံးနေ့မှာ ရေထဲမှာ အဲဒါသွားစီးကြတာ။ ပထမတော့ ကိုယ့်ဘာသာကိုယ်မောင်းမလို့ပဲ။ ဟန်နဲ့ပန်နဲ့ ခဏတက်မောင်းကြည့်လိုက်သေးတယ်။ ၂ ပေ ၃ပေလောက်ပဲ ရွေ့ပြီးကြောက်တာနဲ့ သူတို့မောင်းပို့တဲ့နောက်ကပဲ လိုက်လိုက်တော့တယ်။ ကင်မရာမန်းလား။ သူက မစီးဘူး။ သူတို့ ကင်မရာတွေကို စိတ်မချလို့ဆိုပြီး ကမ်းစပ်မှာဓာတ်ပုံရိုက်ပြီး ကျန်ခဲ့ပါတယ်။ 
 
 
ဘာပဲပြောပြော ခဏလေးပဲ ဖြစ်ဖြစ်ပျော်လိုက်ရလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ စီစဉ်သူ ကိုရော ၊ ခရီးအတူသွားတဲ့ သူငယ်ချင်းတွေကိုရောပေါ့။
--

Sunday, April 17, 2011

Chocolate Brownies



အားလုံး မင်္ဂလာနှစ်သစ်ပါနော်။  နှစ်ဆန်းတစ်ရက်နေ့မှာ အားလုံးကို မုန့်နဲ့ပြန်ပြီး ဧည့်ခံပါတယ်။ မုန့်ကတော့ ကျွန်မရဲ့လုပ်နေကျ ချောကလက်ဘရောင်နီပါပဲ။ ဒီနေ့ အလှူတစ်ခုသွားပြီး အိမ်ရှင်အတွက် လုပ်သွားခဲ့တဲ့မုန့်ကို ဘလော့မှာပြန်တင်လိုက်တာပါ။ ဒီတစ်ခါတော့ နဲနဲလေး အမြင်ပိုလှသွားအောင် ချောကလက်ခရင်မ်၊ သစ်ကြားသီးနဲ့ ထပ်ပြီးအလှဆင်ထားပါတယ်။ လုပ်နည်းကိုတော့ ထပ်ပြီးပြန်ရေးပေးလိုက်ပါတယ်။ အဆင့်ဆင့်ကို ဓာတ်ပုံရိုက်ပြချင်ပေမယ့်လည်း လက်မအားတာနဲ့ နောက်ဆုံးပုံကိုပဲ ရိုက်နိုင်လိုက်ပါတယ်။ နောက်များမှ တစ်ဆင့်ချင်းစီပုံကို ကြိုးစားရိုက်ပေးပါ့မယ်။

လုပ်နည်း

  • ချောကလက် ( Semi Sweet)  ၁၅၀ ဂရမ်
  • ထောပတ် ၁၂၀ ဂရမ် 
  • သကြား ၁၆၀ ဂရမ်
  • ကြက်ဥ ၃လုံး
  • ဂျုံ ၆၅ ဂရမ်
  • Baking Powder  လက်ဖက်ရည် ဇွန်း ၁ ဇွန်းခွဲ
  • ကိုကိုးအမှုန့် ၆၅ ဂရမ်
  • ဗနီလာ အမွှေးနံ့ လက်ဖက်ရည် ၁ ဇွန်း

  1. ပထမဆုံး ချောကလက်နဲ့ ထောပတ်နဲ့ကို အရည်ပျော်အောင်ကျိုပြီး အအေးခံထားပါ
  2. ဂျုံ၊ ပွဆေး နဲ့ ကိုကိုးမှုန့်ကို ဇကာချထားပါ
  3. ကြက်ဥ၊ ဗနီလာ နဲ့ သကြားကို ပွလာအောင် စက်နဲ့ ခေါက်ပေးပါ။ Ribbon like stage ဖြစ်ရပါမယ်။ အဲလိုဖြစ်ဖို့ ၅ မိနစ်လောက်တော့ကြာပါလိမ့်မယ်။ အဲလိုဖြစ်လာပြီဆိုရင်  ချောကလက်-ထောပတ်အရည်ကို ထည့်မွှေပေးပါ။ Fold လုပ်ပေးပါ။ Beat မလုပ်ပါနဲ့။
  4. နောက်ဆုံးမှ ဂျုံအရောတွေကို ထည့်မွှေပေးပါ။
  5. ပြီးရင် ၁၇၀ ဒီဂရီမှာ ၈ မိနစ် နဲ့ ၁၆၀ ဒီဂရီမှာ ၄၀ မိနစ်လောက်ဖုတ်ပေးပါ။ မုန့်ကျက်မကျက် ကိုတုတ်ချွန်လေးနဲ့ထိုးပြီး စမ်းပါ။ မုန့်သား ကပ်ပါမလာရင် ရပါပြီ။
  6. အေးသွားရင် ချောကလက် ခရင်မ်၊ သစ်ကြားသီးနဲ့ အလှဆင်ပါ။ (ခရင်မ် ဆိုင်က၀ယ်လာတာပါ)




Wednesday, March 30, 2011

Korean style vegetable pancake

Korean style vegetable pancake တဲ့။  ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ မြိုထဲလျှောက်သွားရင်းနဲ့ ကိုရီးယား အစားအသောက်ရောင်းတဲ့ဆိုင်ကို မျက်စေ့လည်ပြီးရောက်သွားတာကနေစတာ။ တစ်ဆိုင်လုံး ကိုးရီးယား စားစရာတွေလဲ စုံလို့ပါဘဲ။ ဒါပေမယ့်လို့ ကျွန်မ ကိုရီးယား အစားအသောက်နဲ့ သိပ်မရင်းနှီးလေတော့ ဘာဝယ်လို့ဝယ်ရမှန်းမသိဘူး။ ငရုပ်ဆီဗူးလေးတွေ၊ တခြား ဆော့စ်လေးတွေလဲ မျိုးစုံပဲ။ ဘယ်လိုသုံးရမှန်း မသိတာနဲ့ ကြည့်ဘဲကြည့်ခဲ့တယ်။ လျှောက်ကြည့်ရင်းနဲ့ ဒီဟင်းသီးဟင်းရွက် ပန်ကိတ်လုပ်တဲ့ အထုပ်ကိုတွေ့ပါလေရော။ အဲဒီတော့မှ အရင်တုန်းက ကျွန်မညီမ လုပ်ကျွေးဖူးတာကို သတိရသွားပြီး စမ်းကြည့်မယ်ဆိုပြီး ၀ယ်လာခဲ့တာ။ ဘာမှမဆိုင်တဲ့ ကြက်သားကြော်တဲ့ Shrimp Paste တစ်ပုလင်းလဲ ဆွဲလာသေးတယ်။ အဲဒါတော့ ကိုရီးယားစာ ဟုတ်မယ်မထင်ပါဘူး။ ဒီကထမင်းဆိုင်တွေမှလဲ အဲလိုကြက်ကြော်မျိုးကိုရောင်းတာတွေ့ရလေ့ရှိပါတယ်။ ခပ်နီနီနဲ့လေ သိကြမလားတော့ မသိဘူး။ အဲဒါကို အိမ်ကလူချဉ်ခြင်း တပ်နေတာကြာပြီ။ ဘယ်လိုကြော်ရမလဲ မသိလို့ငြိမ်နေတာ။ ခုလို နယ်ဖို့ အနှစ်ရည်ကို ပုလင်းနဲ့တွေ့တော့ အဆင်သင့်လိုက်လေခြင်း။ ကြက်ကြော်ကို ခုလာမယ့် ရုံးပိတ်ရက်မှာ စမ်းမယ်။ ခုလောလောဆယ်တော့ veggie pancake လုပ်နည်းလေး တင်ပေးလိုက်ဦးမယ်
 
သူရဲ့ အညွှန်းမှာတော့ ကြက်သွန်မိတ်၊ Zucchini နဲ့ ကျူဆိုင်ကိုပဲသုံးထားတာပါ။ ကျွန်မကတော့ အိမ်မှာ အဲဒါတွေ မရှိတော့ ပဲပင်ပေါက်၊ မုန်ညှင်း နဲ့ မုန်လာဥနီ ကိုသုံးလိုက်တယ်။ ဟင်းရွက် နဲ့ ဥနီတွေကို ပါးပါးလှီးပြီး ပဲပင်ပေါက်နဲ့ရောပြီး ရေဆေးထားပါတယ်။ ပြီးတော့ ဇလုံတစ်လုံးထဲမှာ အဲဒီအမှုန့် (ရိုးရိုးဂျုံမှုန့် သုံးလဲရပါတယ်) ၁ဆ ရေ ၂ဆနီးပါး ၊ဆားလေး နဲနဲထည့်ပြီး ရောဖျော်လိုက်တယ် (ကိုယ်ထည့်မယ့် အသီးအရွက် ပမာဏကိုလိုက်ပြီး မုန့်နှစ်ကိုဖျော်ပါ)။  မုန့်နှစ်ရပြီဆိုရင် အသီးအရွက်တွေကိုထည့်ပြီး သမအောင်ရောမွှေပေးပါ။ နောက် ကြော်မယ့်အိုးထဲမှာ ဆီစားပွဲဇွန်းတစ်ဇွန်းခွဲလောက်ကို ထည့်ပြီး ပူအောင်တည်ပါ ။ အိုးမျက်နှာပြင် အကုန်လုံးကိုဆီနှံ့ပါစေ။ ဆီပူပြီဆိုရင် ခုနကအသီးအရွက်မုန့်နှစ်အရောကို ဒယ်အိုးမျက်နှာပြင် အနှံဖြန့်ထည့်ပြီးကြော်ပေးပါ။ ခပ်ပါးပါးဖြစ်အောင် ဖြန့်ပါ။ ၅ မိနစ်လောက်နေရင် တစ်ဖက်ကိုလှန်ပေးပြီး နောက်၅မိနစ်လောက်ထပ်ကြော်ပေးပါ။ ဒါဆို အသီးအရွက်ပန်ကိတ် ရပါပြီ။ ပိုစားကောင်းအောင် မရိုးနိစ်နဲ့ ငရုပ်ရည်လေးပါ တင်ပြီး စားလိုက်တယ်။ မြန်ဆန်ပြီး စားလို့ကောင်းတဲ့ သရေစာပါ။