အားလုံးပဲ Happy CNY ပါ။ တရုပ်နှစ်ကူးရောက်ပြီမို့ ရုံးတွေလဲ ရက်ရှည်ပိတ်ပါပြီ။ တရုပ်မဟုတ်လို့ နှစ်သစ်မကူးပေမယ့် မုန့်လုပ်တဲ့သူပီပီ တရုပ်နှစ်ကူးမုန့်တွေကိုလည်း စိတ်ဝင်စားလိုက်တာပါပဲ။ (အိမ်ကလူကြီးကလည်း တရုပ်ပေမယ့် နှစ်မကူးတော့ အိမ်မှာဘာမှ လုပ်စရာမလိုဘူးပေါ့။) ဒီမှာတရုပ်နှစ်ကူးနားနီးလာတာနဲ့ အတူသိသိသာသာ တွေ့လာရတာကတော့ နာနတ်သီးမုန့်လေးတွေပါ။ တခြားမုန့်တွေလဲ အစုံပါပဲ။ Bak Kwa တို့၊ အီကွေးတွေလဲ အများကြီးပဲ။ အဲဒီအထဲမှာမှ အရမ်းကြိုက်တာ နာနတ်သီးမုန့်ပါပဲ။ ဒီတနှစ်တော့ အဲဒီမုန့်လေးတွေကို ၀ယ်မစားဖြစ်ပဲ အိမ်မှာပဲ ရအောင် အကောင်အထည်ဖော်လိုက်ပါတယ်။ လုပ်နည်းကို ဒီ blog ကရတာပါ ။ အိမ်မှာ ၂ ယောက်ပဲဆိုတော့ အချိုးအစားတွေကို တ၀က်လျော့ချထားပါတယ်။
ရလာတဲ့ မုန့်လေးတွေကတော့ မဆိုးပါဘူး။ သူများတွေပြောနေသလိုမျိုး melt in the mouth ပဲ။ တစ်ခုပဲ ပုံလေးတွေတော့ သိပ်မလှဘူး။ ရေနဲနဲများသွားလို့ ကိုင်ရတော်တော်ခက်သွားတယ်။
ပါဝင်ပစ္စည်းများ
- ထောပတ် ၁၄၀ ဂရမ်
- ဂျုံ ၂၀၀ ဂရမ်
- ပြောင်းဖူးမှုန့် ၂၅ ဂရမ်
- icing sugar စားပွဲဇွနး ၃ ဇွန်း
- ကြက်ဥ အနှစ် ၁လုံးခွဲ
- ရေအေး စားပွဲဇွန်း၁ဇွန်း
- နာနတ်သီးယို
- Glaze - ကြက်ဥနှစ်၁လုံး + ရေ ၁ဇွန်းလျော့လျော့
- Vanilla လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဂျုံ၊ ပြောင်းဖူးမှုန့် သကြားတို့ကို စကာ စစ်ပြီးရောမွှေထားလိုက်ပါ
ထောပတ် (အအေးဖြစ်ရပါမယ်၊ မပျော့ရ) ကိုအတုံးသေးသေးလေတွေတုံးပြီး ခုနက ဂျုံအရောထဲ ထည့်မွှေပေးပါ။ ခက်ရင်းနဲ့ ပဲ သမအောင်မွှေပေးပါ။ လက်ကိုသုံးချင်ရင်လည်း လက်ချောင်းလေးတွေနဲ့ပဲ နယ်ပါ။ အဓိကကတော့ ထောပတ်မပျော်အောင်ဖြစ်ပါတယ်။
ဒီအနေရပြီဆိုရင် ရပ်လိုက်လို့ရပါပြီ
ပြီးတော့ ကြက်ဥနှစ်၊ရေ၊ဗနီလာကိုရောမွှေပြီး ခုနကထောပတ်- ဂျုံအရောထဲကို ရောမွှေပေးပါ။ ဖြစ်နိုင်ရင် အကုန်မထည့်ပါနဲ့။ တ၀က်ကျော်ကျောက်လောက်အရင်ထည့်ပြီး မွှေကြည့်ပါ။ လိုမှထပ်ထည့်ပေါ့။ ရေသိပ်များသွားရင် မုန့်သားတအားပျော့ပြီး ကိုင်တွယ်ရခက်ပါတယ်။ ကျွန်မကတော့ အခုတစ်ခါ အကုန်လုံးထည့်လိုက်မိလို့ တော်တော်ကို ပုံသွင်းရတာဒုက္ခရောက်သွားတယ်။ နောက်တစ်ခါဆိုရင် ခုနကပြောသလိုရေ နဲနဲစီပဲထည့်မယ်လို့ စိတ်ကူးထားပါတယ်။ မုန့်တွေအားလုံး ပေါင်းသွားပြီဆိုရင် ထပ်မနယ်နဲ့တော့နော်။ မာသွားရင်စားမကောင်းဖြစ်တတ်ပါတယ်။
ပြီးရင်ရေခဲသေတ္တာထဲမှာ ၁၅ မိနစ် ပလတ်စတစ်နဲ့ အုပ်ပြီးထည့်။ ပြီးမှ မုန့်သားနဲနဲချင်းစီယူပြီး ဒလိမ့်တုန်းနဲ့လှိမ့်၊ ဖြတ်တဲ့ပုံစံခွက်လေးနဲ့ ဖြတ်ယူပါ။ အဲဒါလေးတွေကို ဆီသုတ်ထားတဲ့မုန့်ဗန်းပေါ်တင်၊ Glaze သုတ် ပြီးမှ နာနတ်သီးယိုကို ခလယ်က အချိုင့်လေးထဲမှာ လုံးပြီတင်လိုက်ပါ။ ၁၆၀ ဒီဂရီမှာ မိနစ် ၂၀ဖုတ်ရင်ရပါပြီ။
နာနတ်သီးယို ကြိုပြီးလုံးထားတာ အလုံးနဲနဲကြီးသွားတယ်
ဒါမျိုး ၈ ခုလားပဲ လုပ်လို့ရတယ်။ တော်တော်ကိုင်ရခက်လို့ စိတ်မရှည်တာနဲ့ ကျန်တာတွေကို လက်နဲ့လုံးတဲ့ဟာလုံး။ cookie press နဲ့လုပ်တဲ့ဟာလုပ်နဲ့ ပြီးအောင်ဆက်လုပ်လိုက်တယ်။
ကြည့်ပါဦးမညီမညာ ကွတ်ကီးလေးတွေ။ စားလုက်ရင်တော့ ပါးစပ်ထဲမှာပျော်သွားအောင်ကောင်းပါတယ်။ ပျော်စရာ အားလပ်ရက်များဖြစ်ပါစေ။
7 comments:
ပါးစပ်ထဲပျော်သွားတယ်ဆိုလို့ စားလို့သိပ်ကောင်းမှာပဲ...။ နာနတ်ယိုကြိုက်တယ်..။
မုန့်တွေမလုပ်တတ်ပါဘူး
ဒါပေမယ့် စားခဲ့ပါတယ်ရှင်ကြည့်ရတာ အရမ်းကိုအရသာရှိမဲ့ပုံတွေပါပဲ
It's interesting to try new recipes. Thanks for info, sis. What should I use instead of pineapple jam?
ရို့စ်ရေ။ ဒီမှာတော့ နာနတ်သီးပဲ သုံးကြတာတွေ့ဖူးတယ်။ ဒီက တရုပ်နှစ်ကူးရာသီစာပေါ့။ တခြားယိုတော့ မတွေ့ဖူးသေးဘူး။ ရို့စ်တို့ဆီမှာ နာနတ်သီးယို အလွယ်တကူ ၀ယ်လို့မရဘူးဆိုရင် ကိုယ့်ဘာသာကိုယ် ယိုထိုးကြည့်ပါလား။ နာနတ်သီးကို blender နဲ့ကြိတ်ပြီး၊ သစ်ဂျပိုး၊ လေးညှင်း၊ သကြားအညိုနဲ့ ယိုထိုးတာတော့တွေ့ဖူးတယ်။
Evy,,
အမြဲမုန့် လေးတွေကလှလွန်းလို့ ပျင်းရင်တောင်မုန့် လေးတွေလာလာကြည့်တာ။
ကြည့်ရတာနဲ့ တောင်စားလို့ ကောင်းမဲ့ပုံ။
အိုင်အိုရာ
လုပ်ကြည့်အုံးမယ် ညီမ ကျေးဇူး
အသစ်တင်ပါအုံးဗျို့
Post a Comment