Sunday, January 15, 2012

ဟင်းထုပ်


ဒီတစ်ခါတော့ ဟင်းထုပ်ကို အောင်မြင်စွာ လုပ်နိုင်သွားပါပြီ။ ဒီဟင်းထုပ်ကို ဘယ်လိုမှ လုပ်လို့မရလို့ လက်လျော့ထားတာ အတော်ကြာပါပြီ။ ခုတော့ FB က ရင်းနှီးတဲ့ မခမ်းရဲ့ ကျေးဇူးကြောင့် အဆင်ပြေပြေလုပ်လို့ ရသွားတာမို့ မခမ်းကို ကျေးဇူးအများကြီးတင်ပါတယ် မရေ။ ဟင်းထုပ်လုပ်နည်းကလည်း လွယ်တယ်သာထင်ရတာ အချိုးအဆကလည်း အများကြီး စကားပြောပါတယ်။ (ဒါကလည်း အကြိမ်ကြိမ်အခါခါ ပစ်လိုက်ရတဲ့ တကယ့်ကိုယ်တွေ့ပါ)။ ဒါ့အပြင် တစ်ခါမှလည်း မစားဖူးပဲ အိမ်ကလူကြီး ရဲ့  မှတ်ချက်နဲ့ လုပ်ရတာမို့ ပိုလို့ခက်ပါတယ် (သူက မဟုတ်သေးဘူး။ မာလွန်းတယ်။ ဒီလိုလည်း မဟုတ်ပြန်ဘူး စသဖြင့်ပေါ့)။ ကိုယ့်ဘာသာကိုယ် စားဖူးထားရင်တော့ နဲနဲမှန်းဆရလွယ်မယ်လို့ ထင်တယ်။ ပထမအခေါက်တွေ စမ်းကြည့်တုန်းက ဒီလိုကိုမဟုတ်တာပါ။ ခုတစ်ခါတော့ ပေါင်းပြီးပြီးချင်း ငှက်ပျောရွက်လေးကို အသာလေးဖယ်၊ ဟင်းထုပ်အသားကို ခက်ရင်းနဲ့ထိုးပြီး စမ်းကြည့်လိုက်တာနဲ့ အောင်မြင်သွားပြီဆိုတာ သိလိုက်လို့ အရမ်းကိုပျော်သွားတာပါဘဲ။ နောက်လည်း ခဏခဏလုပ်စားဖြစ်မှာ သေချာနေပါတယ်။

တခြားသူတွေအတွက်တော့ FB ကိုဘယ်လိုမြင်လဲမသိပါဘူး။ ကျွန်မအနေနဲ့ကတော့ အဲဒီကနေတဆင့် မိတ်ဆွေသစ်တွေအများကြီးရသလို ပညာတွေလည်း အများကြီးရပါတယ်။ ကျွန်မကတော့ ဟင်းချက်တာတွေလုပ်တော့ ကျွန်မမိတ်ဆွေအများစုကလည်း ဟင်းချက်တာကို စိတ်ဝင်စားတဲ့ အိမ်ရှင်မတွေပဲပေါ့ ။ တစ်ယောက်နဲ့တစ်ယောက် မသိသေးတဲ့ချက်နည်းပြုတ်နည်း၊ မုန့်ဖုတ်နည်းတွေ ဖလှယ်တဲ့အပြင် ရင်းရင်းနှီးနှီးခင်ခင် မင်မင်ရှိကြလို့ အရမ်းစိတ်ချမ်းသာစရာကောင်းပါတယ်။ အခြေအနေပေးလို့ တစ်ချို့ ညီအစ်မတွေကို အပြင်မှာတွေ့ခွင့်ရလိုက်တာဟာလဲ ရတောင့်ရခဲအခွင့်အရေးတစ်ခုပါပဲ။ ရေစက်လို့ပဲပြောရမှာပါဘဲ။

ကဲ ဟင်းထုပ်ဆီကို ပြန်သွားလိုက်ဦးမယ်။ မုန့်အကြောင်းပြောရင်း လမ်းချော်ကုန်လို့။  စမ်းကြည့်နိုင်အောင်လို့ လုပ်နည်းကို ပြန်ကူးပေးလိုက်ပါတယ်။

(ဟင်းထုပ် ၂ ထုပ်စာ အတွက်)
  • ကြက်သွန်မိတ် ၇၅ ဂရမ် (ရေဆေးပြီး လက်၁ဆစ်လောက်လေးတွေ ဖြတ်ထားပါ)
  • ခရမ်းချဉ်သီး ၁ လုံး (အစေ့ထုတ်ပြီး လှီးထားပါ)
  • ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းး
  • ဆားအနည်းငယ်
  • ဆီ စားပွဲဇွန်း ၂ ဇွန်း
  • ဆန်မှုန့် - ၈ ဇွန်း
  • ကောက်ညှင်းမှုန့်  ၁ ဇွန်း  (ဒီဟာက မုန့်သားပျော့စေတဲ့ အဓိက ပစ္စည်းလို့ထင်ပါတယ်)


ပထမဆုံး ဆန်နဲ့ ကောက်ညှင်းကို ရေ ၇ဇွန်းသာသာလောက်နဲ့ ရောမွှေပြီး ၁ညသိပ်ထားပါ
မနက်ရောက်မှကျန်သောပစ္စည်းတွေ အားလုံးရောထည့်ပြီး ငှက်ပျောဖက်ထဲထည့်၊ ၁ နာရီလောက်ပေါင်းပေးရင် ရပါပြီ။ ဟင်းထုပ်ကို ကြက်သွန်ဖြူ ဆီချက်၊ ငရုပ်သီး ဆီချက်တို့နဲ့ တွဲစားကြတာ တွေ့ဖူးပါတယ်။
မပေါင်းခင်

ငှက်ပျောရွက်ကို မထုပ်ခင်မှာ မကွဲအောင် အပူပေး၊ မီးကင်လေ့ရှိပါတယ်။ မနေ့ကတော့ နည်းသစ်တစ်မျိုးနဲ့ စမ်းကြည့်တာ အဆင်ပြေတယ်။ ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပြီး မိုက်ခရိုဝေ့ဖ် ထဲမှာ ၂ မိနစ်လောက် မီဒီယမ်နဲ့ အပူပေးရင်ရပြီ။ တကူးတက မီးကင်တာတို့ ရေနွေးလောင်းတာတို့ လုပ်စရာမလိုတော့ဘူး။ မြန်ပြီး အလုပ်ရှုပ်သက်သာပါတယ်။

စားဖို့အသင့်ပါ။ အိမ်မှာမရှိရှိတဲ့ ငရုပ်သီးနဲ့ ကြကသွန်ဖြူကြော်ကို ထည့်ထားသော ဟင်းထုပ်။

12 comments:

rose said...

I've never tried those kind of Shan food in my life, sis. Thanks for sharing.

Anonymous said...

ကောက်ညှင်းမှုန်.ကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲဟင်။
ကောက်ညှင်းဆန်ကိုတော. ဂလူတင်းနက်စ် ရိုက်စ် လို.ခေါ်တယ်မလားဟင်။
အခုလုပ်ပြထားတဲ. ဟင်းထုတ်မှာ အတိုင်းအဆက ဇွန်းဆိုတာ ရန်ကုန်မှာ ဟင်းခတ်တဲ. စတီးဇွန်းနဲ.တိုင်း တာလားမသိဘူး။
ဟင်းထုတ်မြင်တော.လုပ်စားချင်လွန်းလို.မေးတာပါ။
ကျေးဇူးတင်ပါတယ်နော်

Evy said...

ဟုတ်ကဲ့ ကောက်ညှင်းမှုန့်ကို Glutenous rice flour လို့ပဲခေါ်ပါတယ်။ အတိုင်းအဆဇွန်း ဘယ်ဇွန်းနဲ့မဆိုရပါတယ်။ ခွက်နဲ့ချင်လည်းရတယ်။ ၈ အချိုး ၁ ဖြစ်ရင် ပြီးတာပါပဲ။ ဒီမှာသုံးတဲ့ ဇွန်းကတော့ ဗမာပြည်မှာသုံးတဲ့ မြင်းခေါင်းတံဆိပ်ဇွန်းကို သုံးပြီးတိုင်းထားတာပါ။

သဇင် said...

အစ်မရေ ငှက်ပျောရွက်ဝယ်လို့မရရင် ဘာနဲ့ထုပ်လို့ရမလဲ သိခင်လို့ပါ။

မီးမီးငယ် said...

Evy..
မရေ..တနေ့ ကတဲကဟင်းထုတ်လေးကိုငမ်းနေတာ။
တကယ်စားချင်စရာလေး။
ဟင်းထုတ်က မူလအင်းသားအစားအစာပေါ့။
ကျတို့ ရှမ်းတွေကအဲဒီမုန့် ကိုညောင်ရွှေကမုန့် လို့ ။
ရှမ်းလိုခေါ်တယ်။
ရှမ်းတွေလုပ်ရင်တော့ကြက်သွန်မိတ်နဲနဲဘဲထည့်တယ်။
ငရုတ်ချည်ရည်နဲ့ စားတယ်။
အင်းသားကျတော့ကြက်သွန်မိတ်များများနဲ့ လုပ်တယ်။
ကြက်သွန်ဖြူဆီချက်နဲ့ ဂျူးမြစ် သားရေပွကြော်နဲ့ အခါးရည်၊
ကဲ..မရဲ့ မုန့် ကိုကျမတ၀ကြီးအားပေးသွားပြီနော်။

Cameron said...

ဒီမှာတော့ ဟင်းထုတ်ကို အင်းလေးဆိုင်မှာ အလွယ်တကုဝယ်စားလိုက်တာပဲ တခါမှမလုပ်ကြည့်ဖူးသေးဘူး လုပ်နည်းလေးက လွယ်သားပဲ...။

Myat Noe said...

မရေ,
SG မှာငှက်ပျောရွက်ကို ဘယ်မှာဝယ်လို့ ရပါသလဲရှင်။

Evy said...

ညီမမြတ်နိုးရေ NTUC မှာဝယ်လို့ရပါတယ်နော်

Myat Noe said...

ဟုတ်လားမ...တခါမှသတိမထားမိဘူး
ခုလိုပြောပြတာ ကျေးဇူးတင်ပါတယ်ရှင့် :)

Unknown said...

ငပျောရွက် ငပျောဖူး ပိန္နဲသီး Little India MRT
နားက ဈေးမှာဝယ်ပါ။ကုလားတန်းပါ။မုန့်လက်
ဆောင်းဖတ် ယိုးဒယားမုန့်ဟင်းခါးဖတ် အကုန်
ရပါတယ်။

Sweety said...

မရေ
တကယ်စားချင်စရာလေး
ဟင်းထုတ်က
ရှမ်းတွေလုပ်ရင်တော့ကြက်သွန်မိတ်နဲနဲဘဲထည့်တယ်။
ငရုတ်ချည်ရည်နဲ့ စားတယ်။
ရှမ်းတွေလုပ်တဲ့ချည်ရည်သိချင်ပါတယ်
လုပ်နည်းလေးပြောပေးပါ။

ကူးကူးလှိုင် said...

ဟင်းထုပ်လေးလဲ စားချင်ပြန်ပြီ...