Tuesday, October 9, 2012

ဆေးဘဲဥ အစပ်ကြော် (Spicy century egg)




ဒီဆေးဘဲဥ အစပ်ကြော်ဟင်းလေးကတော့ စာအုပ်တစ်အုပ်ထဲက နမူနာယူပြီး ပြန်လုပ်ပြထားတာပါ။ သူ့ထဲက အညွှန်းတွေအတိုင်း အတိအကျမဟုတ်ဘဲ ကျွန်မတို့ ဗမာပါးစပ်နဲ့အဆင်ပြေအောင် ခပ်စပ်စပ်ကလေးလုပ်ထားလို့ ထမင်းဖြူဖြူလေးနဲ့ တွဲစားလိုက်ရင် ထမင်းမြိန်စေပါတယ်။ အသားမပါဘူး မဖြစ်ရအောင် အသားလေးတွေကိုလည်း နုတ်နုတ်စဉ်းပြီးထည့်ထားတော့ အသားအရသာနဲ့ ဆော့စ်အရသာရောပြီး အင်မတန်မှလိုက်ဖက်ညီပါတယ်။ ဒါ့အပြင် ဆေးဘဲဥအရသာ ဆိမ့်ဆိမ့်လေးပါတွဲလိုက်တော့ ပိုပြီးစားကောင်းသွားတာပေါ့နော်။ အသားကတော့ ကြက်သား (သို့) ၀က်သားသုံးနိုင်ပါတယ်။ ၀က်သားနဲ့ဆိုရင်တော့ ပိုလိုက်ဖက်မယ်ထင်ပါတယ်။ လုပ်နည်းလေးကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဆေးဘဲဥ ၂လုံး
  • ကြက်သား (သို့) ၀က်သား အနည်းငယ် (နုတ်နုတ်စဉ်း)
  • ခရုဆီ စားပွဲဇွန်း ၁ ဇွန်းလျော့လျော့
  • ငရုပ်ဆီစားပွဲဇွန်း ၂ ဇွန်း
  • ပဲငံပျာရည်အကြည် စားပွဲဇွန်း ၁ဇွန်း
  • ဟင်းခပ်မှုန့် အနည်းငယ်

ချက်ပြုတ်နည်း

  1. ပထမဆုံး ဆေးဘဲဥကို အခွံခွပြီး ရေနွေးဆူဆူမှာ ၅ မိနစ်လောက်စိမ်ထားပေးပါ
  2. ကြက်သားကို ဆားအချိုမှုန့် နယ်ထားပေးပါ
  3. နောက်ဆေးဘဲဥတွေကို ၄ စိတ်စီစိတ်ပြီး ဂျုံမှုန့်လူးပြီး ကြော်ကာ ဆီစစ်ထားပေးပါ
  4. ဆီစားပွဲဇွန်း ၁ ဇွန်းကိုပူအောင်တည်ပြီး ကြက်သားတွေကိုထည့်ကြော်ပေးပါ တဆက်ထည်းမှာပဲ ခရုဆီ၊ ငရုပ်ဆီ နဲ့ ပဲငံပျာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်ကိုထည့်ပြီးရေ တစ်ရုပ်ပန်းကန်လုံး ထက်ဝက်ထည့်ပေးပါ။
  5. ဆော့စ်တွေနဲနဲဆူလာပြီဆိုရင် ကြော်ထားတဲ့ ဆေးဘဲဥလေးတွေထည့်၊ ငရုပ်သီးတစ်တောင့် ပါးပါးလှီးထားတွေထည့်မွှေပြီး မီးပိတ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ထမင်းပူပူလေးနဲ့ တွဲစားဖို့ ဆေးဘဲဥအစပ်ကြော် အဆင်သင့်ဖြစ်ပါပြီ။

Sunday, October 7, 2012

Almond ချောကလက်ကိတ်


ဒီကိတ်မုန့်လေးကို ၀ါကျွတ်ကန်တော့ဖို့ မုန့်တစ်မျိုးအနေနဲ့ FOOD Magazine မှာထည့်သွင်းဖော်ပြပေးခဲ့ပါတယ်။ ဒီလို Almond Flakes လေးတွေနဲ့ မုန့်လုပ်တဲ့ပုံစံလေးတော့ FB က ညီမလေးတစ်ယောက်စီက ရခဲ့တာပါ။ မုန့်သားကတော့ ကိုယ့်ဘာသာစပ်ထားတဲ့ လုပ်နည်းလေးပါ။ ထောပတ်ကိတ်ဆိုပေမယ့်လို့ မုန့်သားပျော့ပျော့လေးနဲ့ တော်တော်စားလို့ကောင်းပါတယ်။



 ******************************************************************
ဒီမုန့်လေးကလည်း ၀ါကျွတ်ကန်တော့မယ်ဆိုရင် သင့်တော်တဲ့မုန့်လေးတစ်မျိုးပါဘဲ။ အချိုနည်းပြီး မုန့်သားက သိပ်ကိုနူးညံ့တဲ့အတွက် လူကြီးတွေနဲ့အထူးသင့်တော်ပါတယ်။ ခရင်မ်မပါပေမဲ့ မုန့်ကသူ့ဟာနဲ့သူကို အရသာရှိနေတာပါ။ အိမ်လုပ်မုန့်နဲ့ဆိုင်လုပ် ကွာခြားချက်ကတော့ လတ်ဆတ်မှုပါဘဲ။ လတ်လတ်ဆတ်ဆတ်မုန့်ကို စားရရင်တော်ရုံကိတ်မုန့်မကြိုက်သူတောင်မှ ကြိုက်သွားနိုင်ပါတယ်။ ဒါ့အပြင် လုပ်တဲ့သူကိုယ်တိုင်က ရောင်းတန်းလိုမဟုတ်ပဲ စေတနာ၊ မေတ္တာအပြည့်နဲ့ လူကြီးတွေကို ကန်တော့ဖို့ရည်ရွယ်ပြီးလုပ်တဲ့မုန့်ဆိုတော့ ပြောစရာမလိုအောင်ကောင်းသွားမှာပေါ့နော်။ ကိတ်မုန့်ပေါ်မှာလည်း Almond Flake လေးတွေဖြူးထားတော့ ချောကလက်ပေါ်မှာ အဖြူရောင်လေးတွေကြဲထားသလိုဖြစ်ပြီး အင်မတန်မှ မျက်နှာပန်းလှသော မုန့်လည်းဖြစ်ပါတယ်။
လုပ်နည်းလေးကြည့်ရအောင်

ပါဝင်ပစ္စည်းများ
  • ထောပတ် ၁၂၀ ဂရမ်
  • သကြား ၁၀၀ ဂရမ်
  • ဂျုံ ၁၀၀ ဂရမ်
  • ကိုကိုးမှုန့် စားပွဲဇွန်း ၂ ဇွန်းမောက်မောက်
  • ဘိတ်ကင်ပေါင်ဒါ လက်ဖက်ရည် ၁ ဇွန်း
  • ကြက်ဥ ၂လုံး
  • နို့စိမ်း စားပွဲဇွန်း ၃ ဇွန်း



လုပ်နည်းအဆင့်ဆင့်
  1. ၆လက်မ အချင်းရှိမုန့်ဖုတ်မယ့်ခွက်ကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံ၊ ပွဆေး နဲ့ ကိုကိုး မှုန့်ကို စကာ ချထားပါ
  3. သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
  4. ကြက်ဥကို တစ်လုံးချင်းစီ သမအောင် ထည့်မွှေပေးပါ။
  5. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ
  6. ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို ထည့်ပြီး ၁၆၀ ဒီဂရီမှာ ၃၅ မိနစ် ဖုတ်ပေးပါ။
  7. အာဗင်မှထုတ်ပြီး အအေးခံပြီးရင် မုန့်လေးအဆင်သင့်ဖြစ်ပါပြီ။

    

Thursday, October 4, 2012

Sambal Fried Fish





Sambal Fried Fish

ဒီငါးဟင်းကတော့ ဗမာ့ရိုးရာ ငါးဟင်းနဲ့ နဲနဲဆင်ပါတယ်။ ငါးကိုကြော်ပြီး Sambal လို့ခေါ်တဲ့စပါးလင်ထောင်းငရုပ်နှစ်နဲ့တွဲချက်ထားလို့ ဗမာပါးစပ်နဲ့တော်တော် အဆင်ပြေပြီး စားလို့ကောင်းတဲ့ ဟင်းတစ်ခွက်ပါ။ ဒါပေမယ့် ဗမာဟင်းလို ဆီကိုသိပ်အသားမပေးပဲ ငရုပ်နှစ်ကို အသားပေးထားတာတော့ ကွာခြားပါတယ်။ စပါးလင်နံ့သင်းတဲ့ ငါးကြော်ချက်ကလေးကို ငါးဟင်းအစိုမစားချင်တဲ့ အချိန်မှာ အပြောင်းအလဲ စမ်းချက်ကြည့်သင့်ပါတယ်။ ပါတဲ့ပစ္စည်းလေးတွေကလည်း အလွယ်တကူရနိုင်သော ပစ္စည်းတွေမို့ အိမ်ရှင်မတွေအတွက် မခက်ခဲတဲ့ ဟင်းလေးတစ်ခွက်ပါပဲ

ပထမဆုံးငါးနဲ့ တွဲချက်ဖို့ ငရုပ်နှစ်ကို အရင်ပြင်ဆင်ရပါမယ်။

Sambal ငရုပ်နှစ်

  • ငရုပ်ပွအတောင့် ၁၂တောင့်
  • ငရုပ်သီးအနီအသေး ၄ တောင့်
  • ကြက်သွန်ဥကြီး ၁ ဥ
  • စပါးလင် အသေး ၁ချောင်း
  • ငါးပိ ကွမ်းသီးလုံးခန့် ၂ လုံး
  • သကြား စားပွဲဇွန်တစ်ဇွန်း
  • သံပုရာသီးအသေး (ပုံပါအရွယ်လေးများ) ၃ လုံး
  • ဆနွင်း လက်ဖက်ရည် ၁ ဇွန်း
  • ငရုပ်သီးမှုန့် လက်ဖက်ရည် ၂ ဇွန်း
  • ဆီဇွန်းကြီး ၂ ဇွန်းခန့်

ပြင်ဆင်နည်း
  1. ငရုပ်သီးများ၊စပါးလင်၊ကြက်သွန်နီနဲ့ ငါးပိကိုရောကြိတ် (သို့) ထောင်းပါ
  2. ဆီကိုအပူပေးပြီး ထောင်းထားသည်များကို ဆီသတ်ပါ
  3. သကြား၊ အရောင်တင်၊ ဆနွင်း များကိုလည်း တစ်ပါတည်း ထည့်မွှေပေးပါ
  4. ဆီပြန်လာရင် သံပုရာသီး ၃ လုံးကို အရည်ညှစ်ထည့်ပေးပြီးရင် ငရုပ်နှစ်အဆင်သင့်ဖြစ်ပါပြီ

ငရုပ်နှစ်အသင့်ဖြစ်ပြီဆိုတော့ ငါးဟင်းစချက်လို့ရပါပြီ
ငါးဟင်းအတွက်ပါဝင်ပစ္စည်းများ
  • ငါး ၂၅၀ ဂရမ်
  • ကြက်သွန်နီအကြီး ၁ ဥ (အကွင်းလိုက်လှီးပေထားပါ)
  • အချိုမှုန့် အနည်းငယ်
  • သကြား စားပွဲဇွန်း ၁ ဇွန်း

  1. ငါးကို Sambal အနှစ်နဲ့ နာရီဝက်ခန့်နှပ်ပြီး ဆီပူပူမှာ ကြွပ်နေအောင်ကြော်ထားပေးပါ
  2. အိုးအသန့်တစ်ခုမှာ ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးပြီး ကြက်သွန်နီကို ဆီသတ်ပေးပါ
  3. ကြက်သွန်နီ နွမ်းရင် Sambal အနှစ် စားပွဲဇွန်း ၃ ဇွန်းထည့်၊ သကြား၊့ အချိုမှုန့် နဲ့ရေ နဲနဲထည့်ပြီး ဆူလာအောင်တည်ပေးပါ။
  4. ၂မိနစ်လောက်နေရင် ချပြီး ငါးကြော်ပေါ်ဆမ်းပြီး သုံးဆောင်ပါ။