Saturday, September 4, 2010

ထောပတ်သီး ဖျော်ရည်

တစ်နေ့ NTUC ကနေ ထောပတ်သီး ၀ယ်လာဖြစ်လို့ လုပ်သောက်ဖြစ်တဲ့ ထောပတ်သီး ဖျော်ရည်ပါ။ ထောပတ်သီး ဖျော်ရည်ကို ဗမာပြည်မှာကတည်းက သိပ်ကြိုက်ခဲ့တာ။ ကြိုက်တဲ့ အကြောင်းအရင်းကလည်း ဒီလို။ "မောင်" ဇတ်ကား (မေသန်းနု + ရန်အောင်) ကားကနေစ တာ။ အဲဒီ ကားစပေါ်တဲ့ အချိန်မှာ ကျွန်မက ကလေးသာသာပဲ ရှိသေးတာ။ ၁၂-၁၃ လောက်ပဲလားမမှတ်မိတော့ဘူး။ အဲဒီကားထဲမှာ ရန်အောင်က ထောပတ်သီး ဖျော်ရည်ကို နေ့တိုင်းမှာသောက်တာလေ။ သူလည်းအဲလိုသောက်တာလည်းတွေ့ရော အမေ့ကိုမေးရော အဲဒါဘာဖျော်ရည်လဲပေါ့။ သောက်ချင်တယ်ဆိုပြီး စပြီးရောဂါတက်တာ (အဲဒီ အချိန်အထိ ထောပတ်သီးဖျော်ရည်ကို တစ်ခါမှမသောက်ဖူးသေးဘူး)

အဲဒီနောက်ပိုင်းကစပြီး အအေးဆိုင်သွားထိုင်တိုင်း မှာလိုက်ရင်ထောပတ်သီးပဲ။ စက်ဖျော်လည်းမကြိုက်ဘူး။ အဖတ်ကလေးတွေပါမှပိုသောက်ချင်တာ။ ပြီးခဲ့တဲ့ နှစ် ဗမာပြည်ပြန်တုန်းကတော့ အ၀သောက်ခဲ့ရတယ်။ ရပ်စောက်မှာ ထောပတ်သီးတွေ အရမ်းပေါဆိုတော့ နေ့တိုင်း အိမ်မှာ ထောပတ်သီးမပြတ်ဘူး။ အဲဒီတစ်ခေါက်ပြန်ပြီးကတည်းက မသောက်ဖြစ်တာခုထိပါဘဲ။ ဒီမှာ ထောပတ်သီးတွေလဲ တွေ့နေရဲ့သားနဲ့ မ၀ယ်ဖြစ်တာ။ ခုတော့ အိမ်မှာထောပတ်သီးရှိနေတာနဲ့ ကြုံတုန်းလက်ဖျော်လုပ်သောက်လိုက်ပါတယ်။ မသောက်ရတာကြာလို့လားမသိ၊ သောက်ရတာ အရမ်းအရသာရှိနေပါတယ်။

အိမ်မှာဖျော်တဲ့ဖျော်နည်းကတော့
  • ထောပတ်သီးတစ်လုံး (ဇွန်းနဲ့ချေထား)
  • ရေ ၁ ခွက်
  • နို့ဆီ စားပွဲဇွန်း ၁ ဇွန်းခွဲ (အချိုကြိုက်ရင်ပိုထည့်ပါ)

အာလုံးရောပြီးသမအောင်မွှေလိုက်ရင် ထောပတ်သီးလက်ဖျော်ဖြစ်ရောပေါ့။

4 comments:

subuueain said...

သောက်လိုက်ရင် အားရှိသွားသလို ခံစားရတယ် :)

Anonymous said...

အော်.. ထောပတ်သီးဖျော်ရည်က အလွယ်သားဘဲ၊၊
ခက်တယ်ထင်လို့ လုပ်မသောက်ဖြစ်တာ၊၊
YIT တက်တုန်းက နွေးအေး ကအမြဲသောက်ဖြစ်တယ်၊၊
အရမ်းကြိုက်တယ်၊၊ အခု နည်းသိရလို့ ကျေးဇူးတင်ပါတယ် နော်၊၊

Mamoonn said...

ကြိုက်တယ်...။
လုပ်သောက်အုံးမှပဲ။
ကျေးဇူးတင်ပါတယ်နော်။

စန္ဒကူး said...

ထောပတ်သီးဆိုအရမ်းကြိုက်တယ်..
ထောပတ်သီးဖျော်ရည် ရွှေအင်းလေးဆိုင်က အကြိုက်ဆုံးဘဲ..သိပ်လဲမချိုဘူး..သောက်လို့ကိုမ၀နိုင် ဘူး။..