Sunday, June 5, 2011

ကြက်ကင်

  အိမ်မှာ ဧည့်သည်ရောက်ရင် အမြဲလုပ်ဖြစ်တာက ကြက်ကင်ပါ။ ၂ ယောက်ထဲကျတော့လည်း သိပ်လုပ်မစားဖြစ်သလောက်ပါဘဲ။ တချို့ ကင်နည်းတွေကရေကိုခြောက်အောင်သုတ်ပြီး ဆား၊ olive oil လောက်နဲ့နယ်ပြီး ကင်ကြတယ်။ အဲလိုကင်ရင် အရသာသိပ်မရှိဘူးထင်လို့ အိမ်မှာတော့ အစုံပလုံ (ထည့်ချင်ရာ) ထည့်ပြီးကင်ပါတယ် :D . ကိုယ့်ဘာသာကိုယ်ကင်တော့လည်း ကြိုက်သလိုစမ်းသပ်လို့ရတာပေါ့။ ငရုပ်သီးမှုန့်တောင်ပါသေးတယ်။ အရောင်တက်အောင် ရဲရဲလေးကင်ပါလို့ တောင်းဆိုချက်အရ ထည့်ရတာပါ။ မထည့်လည်း ဘာမှတော့ မဖြစ်ပါဘူး။ ၁ နာရီလောက်ကင်ပြီးရင်တော့ နူးမြေ့ပြီး အရသာရှိတဲ့ ကြက်ကင်ရပါပြီ။ ကြိုက်တတ်ရင်တော့ ကင်ခါနီးမှာ ခရမ်းချဉ်သီး၊ အာလူး လှီးထည့်ပြီးကင်ပါ။

စမ်းနိုင်အောင်လုပ်နည်းရေးပေးလိုက်ပါတယ်။


အိမ်မှာကင်တဲ့နည်း

  • ကြက်ကိုသန့်စင်ထားပြီးခက်ရင်းနဲ့ အပေါက်ကလေးတွေဖောက်ထားလိုက်ပါ
  • ကြက်သွန်နီတစ်လုံးကိုညက်အောင်ကြိတ်ပြီး ခရုဆီ၊ ပဲငံပျာရည် အကြည်၊ ငရုပ်သီးအရောင်တင်၊ ကြက်သားမှုန့်၊ ငရုပ်ကောင်း၊ ဆား နဲသမအောင်မွှေထားပါ။
  • ပြီးရင် ကြက်သားထဲစိမ့်ဝင်အောင် သေချာနယ်ပါ (အဲဒါကို ၁ ညရေခဲသေတ္တာထဲမှာထားတယ်၊ အရသာပိုဝင်အောင်)
  • ကင်ခါနီးမှာ olive oil နဲ့သုတ်၊ dry rosemary ဖြူးပြီး ၁၈၀ ဒီဂရီ မှာ ၁ နာရီကင်ပေးပါ။
  • ကင်ရင်းနဲ့ ၃၀ မိနစ်ကြာရင်  တစ်ဖက်ကိုလှန်ပေးပြီး ဆက်ကင်ပေးပါ။
  • ဒါဆိုရပါပြီ

Saturday, May 14, 2011

ညနေစာ

အမှန်မှာတော့ လုပ်နည်းတင်စရာမလိုအောင်လွယ်လွန်းလို့ တင်ရတာတာတောင်အားနာမိပါတယ်။ ဒါပေမယ့်လည်း ခုရက်ပိုင်းလုပ်တာက ဒါပဲရှိတာမို့လို့ မရှိရှိတာပဲ တင်လိုက်ရတာပါ။ ပုံလေးတွေကြည့်ပြီး စိတ်အပျင်းပြေတယ်ဆိုရင်လည်း မဆိုးဘူးပေါ့။

 ဒီတစ်ခါတော့ ဒီပေါင်မုန့်ကို သုံးထားပါတယ်။ အနံ့ကတော့ တော်တော်မဆိုးဘူး။ Garlic Spread ကရတဲ့ အနံ့နဲ့တော်တော်ဆင်ပါတယ်။ အဲဒါကို မကြိုက်ရင် ရိုးရိုးပေါင်မုန့်အလုံးလေးတွေသုံးလဲရမှာပါ။

 ဒါကတော့ ထည့်ရမယ့် အဆာပလာတွေ။ အသီးအရွက်ထပ်စားချင်သေးတယ်ဆိုရင် သခွားသီး၊ ငရုပ်ပွနဲ့ ကြက်သွန်နီကိုလှီးထည့်နိုင်ပါသေးတယ်။ အိမ်မှာတော့ လောလောဆယ် ဒါလေးတွေပဲရှိလို့။ ဘေးက ကြက်သား ကို နှမ်းဆီ၊ ပဲငံပျာရည်နဲ့ ပြုတ်ပြီး သေးသေးလှီးထားတာပါ။

 ပေါင်မုန့်ကို ၂ ခြမ်းခြမ်းပြီး ကင်လိုက်တယ်

ရှိသမျှအဆာပလာတွေထည့်ပြီးရင် စားလို့ရပြီပေါ့။ အိမ်မှာတော့ ညနေစာဆိုရင် အဲဒါမျိုးပဲ ဖြစ်ဖြစ်။ ခရမ်းချဉ်သီး (ချဉ်စပ်)သုပ် တို့ မြန်ပြီး မညှော်တဲ့ဟာတွေစားတာများပါတယ်။ အလုပ်ရှုပ်သက်သာမယ့် ညနေစာပေါ့။




Wednesday, May 4, 2011

Strawberry Cheese Cake

 
 
ခုတစ်လော ဒီမှာ ပိတ်ရက်တွေများနေပါတယ်။ မေဒေးနေ့ ကစနေမို့လို့ တစ်ရက်အစားပြန်ပိတ်ပေးတာရယ် ၊သူတို့ရွေးကောက်ပွဲ မေ-၇ ရက်နေ့ စနေနေ့မှာကျလို့ တစ်ရက်အစားပြန်ပိတ်ပေးမှာရယ်၊ ပြီးတော့ ကဆုန်ညောင်ရေသွန်းပွဲ ပိတ်မှာရယ် နဲ့ ၃ ပတ်ဆက်တိုက် ၄ရက်ပဲအလုပ်လုပ်ရမှာမို့ အထူးပျော်နေတာပါ။ ခုလောလောဆယ်တော့ ပထမ မေဒေး တစ်ပတ်ပြီးသွားပါပြီ။ ၃ ရက်သာပိတ်တာ ခဏလေးလိုပါဘဲ။ လုပ်စရာတွေတော့ တော်တော်များများပြီးသွားတယ်လို့ ပြောလို့ရပါတယ်။
 
နောက်တစ်ခုက ခရီးသွားတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံပြီး ဓာတ်ပုံတွေဖလှယ်၊ အစားအသောက်တွေ ဖလှယ်ကြပါတယ်။ စားစရာတော်တော်များများ လုပ်ဖြစ်ပါတယ် (ဓာတ်ပုံတော့ အကုန်မရိုက်လိုက်ရဘူး)။ လုပ်စားပြီးသားတွေများပါတယ် ။ ကြက်ကင်၊ တရုပ်ကောက်ညှင်းထုပ်၊ ချိစ်ကိတ် နဲ့ ရှမ်းအစားအစာခေါက်ဆွဲတစ်မျိုးပါ။ အစားငမ်းနေတာနဲ့ ချိစ်ကိတ်တစ်မျိုးပဲ ရိုက်နိုင်လိုက်ပါတယ်။ ရှမ်းအစားအစာက အဲဒီသူငယ်ချင်းလုပ်တာပါ (အဲဒီ အစ်မက ရှမ်းစာတွေလုပ်တာတော်ကြောင်း ကျွန်မအရင်တုန်းကပြောဖူး မယ်ထင်ပါတယ် ၊ခေါက်ဆွဲ အရမ်းစားကောင်းတယ် အသီးအရွက်တွေနဲ့ ချဉ်စပ်လေး) ။ အဲဒါနဲ့ လိုက်အောင် အချိုပွဲ ကို ချိစ်ကိတ်လုပ်လိုက်တာပါ။ အရင်ကနည်း အတိုင်းပါဘဲ။ ဒီတစ်ခါတော့ အပြောင်းအလဲ ဖြစ်အောင် ဘလူးဘယ်ရီ အစား စတော်ဘယ်ရီပဲ ထည့်လိုက်တယ်။

နောက်ဆုံး လုပ်ချင်ဆုံးအရာတစ်ခုကို မလုပ်လိုက်ရဘူး။ အဲဒါကတော့ မနော်ဖော (Rose of Sharon) နဲ့ မတွေ့လိုက်ရတာပါ။ စလုံးရောက်လာတဲ့ခဏလေးမှာ အစ်မက သတိတရဖုန်းဆက်ရှာပါတယ်။ Weekdays တွေဖြစ်နေတာရော ကျွန်မက မအားတာနဲ့ပါ ဖုန်းနဲ့နှူတ်ဆက်ပြီးပဲ ကျေနပ်လိုက်ရတယ်။  ဒါပေမယ့် မနော်က အရမ်းနားလည်မှုရှိပါတယ် ၊ ခင်စရာည်းသိပ်ကောင်းမှန်း စကားပြောရုံနဲတင် သိသာပါတယ်။ နောက်တစ်ခေါက် ကျရင်တော့ ဖြစ်အောင်တွေ့ကြမယ်လို့တိုင်ပင်ထားပါတယ်။

ကဲခုတော့ ချိစ်ကိတ်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။ လုပ်နည်းသိချင်ရင် ဒီကို သွားကြည့်လိုက်ပါနော်။

  ဒါနောက်ဆုံးပုံ

 ပထမဆုံး ဘီစကစ်တွေကို ချေပြီး base လုပ်၊ ပြီးရင် စတော်ဘယ်ရီသီးခင်း

 ဒီလိုအပြည့်ခင်း
 ပြီးမှ ချိစ်ကိတ်လုပ်မယ့် မုန့်နှစ်လောင်းထည့်

မုန့်ဖုတ်ဖို့အသင့်ဖြစ်ပြီ
မုန့်ကျက်ပြီ

စားလို့ရပါပြီ