Saturday, August 24, 2013

ကြက်ကုန်းဘောင်ကြော်

ထမင်းဖြူနဲ့ ဖြစ်ဖြစ် ကြက်ဥထမင်းကြော် လေးနဲ့ဖြစ်ဖြစ်တွဲစားလို့ အရသာရှိတဲ့ ကြက်ကုန်းဘောင်ကြော်လေးပါ။ ချက်ရတာလည်း မြန်ဆန်ပြီးလွယ်ကူပြီး တော်တော်များများချက်တတ်မယ်ထင်ပါတယ်နော်။ ကျွန်မကတော့ ကုန်းဘောင်ကြီးကြော်မှာ အဓိက အကျဆုံးက ငရုပ်သီးတောင့်ကြော်လို့ထင်ပါတယ်။ အဲဒီအနံ့က ကုန်းဘောင်ကြီးကို ပိုပြီးအရသာရှိစေတယ်လို့ထင်တာပါပဲ (ဒါက ကျွန်မရဲ့ အထင်သက်သက်ပါနော် :D )
ချက်နည်းလေး ကြည့်ကြရအောင်

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံ တစ်ခု (သေးသေးလှီးပြီး ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပျာရည် အနောက်အနည်းငယ်နှင့် ၁၀မိနစ်ခန့်နှပ်ထားပါ)
  • ကြက်သွန်မိတ် ၁ ပင် (လက်တစ်ဆစ်ခန့်လှီးထားပါ)
  • မုန်လာဥနီ တစ်ဝက် (သေးသေးလှီးထားပါ)
  • ကြက်သွန်နီ (လေးစိတ်စိတ်ထားပါ)
  • ချင်း အနည်းငယ် (ဓါးပြားရိုက်ထားပါ)
  • ကြက်သွန်ဖြူ ၂ မွှာ (ခပ်ရှည်ရှည်လေး လှီးထားပါ)
ချက်နည်း
  1. ဆီစားပွဲဇွန်း ၃ ဇွန်းခန့်ကို အပူပေးပြီး ငရုပ်သီးထည့်ကြော်ပြီး ၂ မိနစ်ခန့်ကြာလျှင်ဆယ်ထားလိုက်ပါ။
  2. ထိုဆီကိုပဲသုံးကာ ကြက်သားများကို ထည့်ပြီး အပေါ်ယံတင်းလာအောင် ၃မိနစ်ခန့်ကြော်ပြီး ဖယ်ထားလိုက်ပါ
  3. ထို့နောက် ကြက်သွန်ဖြူ၊ချင်းကို အရင်ထည့်ကြော်ပါ။
  4. အနံ့မွှေးလာတာနဲ့ ကြက်သွန်နီ၊ ကြက်သွန်မိတ် အဖြူအရင်းနဲ့ မုန်လာဥနီများထည့်ကြော်ပါ။ဆားအနည်းငယ်ဖြူးပေးပါ။
  5. မီးပြင်းပြင်းနဲ့ကြော်ပြီး ၂ မိနစ်ခန့်ကြာလျှင် ကြက်သားများကို ပြန်ထည့်ပေးပါ။
  6. ခရုဆီစားပွဲဇွန်း တစ်ဇွန်းနဲ့ ပဲငံပျာရည် အကြည်စားပွဲဇွန်း ၂ ဇွန်း (ကျွန်မသုံးတဲ့ ပဲငံပျာရည်က ဆားပေါ့သော အမျိုးအစားပါ) ကိုထည့်မွှေပါ။
  7. နောက်ဆုံးမှ ငရုပ်သီးတောင့်၊ ကြက်သွန်မိတ်အစိမ်းရောင်ပိုင်း နဲ့ ငရုပ်ကောင်းအနည်းငယ်ကို ထည့်မွှေပေးပြီး ၁ ၂ မိနစ်လောက်ကြာရင် မီးပိတ်ပြီး သုံးဆောင်နိုင်ပါပြီ

ကြက်ဥထမင်းကြော်လေးနဲ့ လိုက်ဖက်လွန်းတာကြောင့် အများကြီးစားဖြစ်သွားပါတယ်

3 comments:

Anonymous said...

ကိုယ်လည်းငရုတ်သီးကြော်ကအဓိကလို့ ထင်တယ်။
မဟုတ်ရင်ကုန်းဘော်ကြီးကြော်ရဲ့ သင်္ကေတဘယ်လိုရှိမလဲနော်။
အမြဲအားပေးနေတဲ့..
အိုင်အိုရာ

စံပယ်ချို said...

တနေ့ကတော့နွားနို့ခဲအဆင်ပြေပြေလေးစားလိုက်ရတယ်
ဒီတခါ တော့အိမ်မှာစားဖြစ်ခဲ့တဲ့ ကြက်ကုန်းဘောင်လေးကို နောက်ရက်စမ်းကြည့်လိုက်အုန်းမယ်ရှင်
ကျေးဇူးတင်လျှက်

Aunty Tint said...

ကြက်ကုန်းဘောင်ကြော် နည်းလေးဖတ် မှတ်သွားတယ် Evy ရေ.. ကြက်ဆိုရင် အသားထက်အရိုး ကြိုက်ပေမယ့် ကြက်ကုန်းဘောင်ဆိုရင်တော့ ကြိုက်တယ်
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်