Monday, July 4, 2011

Gathering

ခုတစ်လော တကယ်ကို မအားတာပါ။ ဒါပေမယ့်လည်း အမျိုးသားရဲ့ ငယ်သူငယ်ချင်းများနဲ့ ဆုံဖို့အကြောင်းဖန်လာပါတယ်။ သူတို့လည်း ဒီမှာရောက်နေတုန်းမို့ အချိန်ရှိတုန်းလေး ကမန်းကတန်းစီစဉ်လိုက်ရတယ်ဆိုပါတော့ ။ ကျွန်မ အားတဲ့ အချိန်အထိပြီးအောင်စောင့်နေရင်တော့ နောက် ၃ - ၄ လ လောက်တောင် တွေ့နိုင်မယ် မထင်ပါဘူး။ ဒီလို မအားတဲ့ အကြောင်းကို ရှည်ရှည်ဝေးဝေး ရှင်းပြနေရတာကလည်း အကြောင်းရှိပါတယ်။ နို့မို့ဆို တွေ့ဖိုဂျီတိုက်နေသော ၊ အိမ်မှာ မုန့်လာလုပ်ဖို့ ကြံစည်နေသော တစ်စုံတစ်ယောက်က ဒီပို့စ်ကိုမတော်တဆတွေ့သွားခဲ့ရင် ကျွန်မကို  "နင့်ကိုငါ မကျေနပ်ဘူးဟေ့" လို့ပြောပြီး အကြီးအကျယ်စိတ်ကောက်မှာ မို့လို့ပါ။ :D :D အဲဒါကြောင့် သင်းစိတ်မခုရလေအောင်လို့ စကားပလ္လင်ခံ နေရတာပါ။ သူကတော့ ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်တဲ့ အပြင် တစ်မြို့ထဲ နေနေတာမို့ နောက်တွေ့ချင်တဲ့ အချိန်ပြေးတွေ့လို့ရတယ် မဟုတ်လား။

ဧည့်သည်လာမယ်ဆိုတော့ ကျွေးဖို့ဟင်းပွဲတွေကို စဉ်းစားရပါတယ်။ မုန့်တွေသာ လျောက်လုပ်နေတာ ကတယ်တမ်းပြောရမယ်ဆိုရင်တော့ ကျွန်မက ဟင်းကို အမယ် အမျိုးမျိုးမချက်တတ်ပါဘူး။ သိတာလေး ၃ ၊ ၄ မျိုးလောက်နဲ့တင် ချာလပတ်လည်နေတာများပါတယ်။  နောက်ဆုံးစဉ်းစားရင်းနဲ့ပဲ  (အချိန်သိပ်ကြာကြာမပေးရတဲ့) အရင်အဟောင်းတွေကိုပဲ ချက်ဖို့ပဲ အလှည့်ကျသွားပြန်ပါတယ်။ ပိုလာတာလေးတစ်ခုက ဟိုတစ်လောက စမ်းသပ်ထားတဲ့ ပုဇွန် မရိုးနိစ်ပါဘဲ။ စားရတာ တော်တော်အဆင်ပြေတော့ ဧည့်သည်တွေကို ကျွေးဖို့အတော်ပါဘဲ။

(အဲဒီနေ့ကဖြစ်ချင်တော့ ဟင်းချက်တုန်းမှာ ဂက်စ်က ကုန်သွားပါလေရော၊ တကယ့်ကို ထိုင်ငိုချင်စိတ်ပေါက်သွားတာ။ ဧည့်သည်ကို ချိန်းထားတာက ၁၂ နာရီ၊ ဂက်စ်ကုန်တဲ့ အချိန်က ၁၁ နာ၇ီခွဲခါနီး။ စဉ်းစားသာကြည့်ကြပါတော့ ဘယ်လောက်ပျာယာခပ်မလဲဆိုတာကို။ ကံကောင်းလို့ ဒီတစ်ခါ ဂက်စ်မှာတာ ၁၀မိနစ်အတွင်းရောက်လာလို့ သက်ပျင်းချနိုင်တယ်။ အဲလိုမျိုး အရေးကြီးတဲ့နေ့မျိုးဆိုရင် ဖြစ်တတ်ပါ့ ။ ကျွန်မကသာပျာယာခတ်နေတာ သူကတော့ အေးဆေးအပြုံးမပျက်ဘဲသိလား။ ဘာမှလုပ်လို့မရတာတဲ့။ ဟုတ်တော့လဲဟုတ်ပါတယ် ။ဒါပေမယ့်လည်း ကိုယ်ကတော့ဒီအချိန်မျိုးမှာ ဘယ်စိတ်အေးနိုင်ပါ့မလဲနော်။

အရင်ကျောင်းတက်တုန်းကလဲ အဲလိုတစ်ခါဖြစ်ပြီးပြီ။ အိမ်တက်အတွက် ဘုန်ဘုန်းတွေကို အာရုံဆွမ်းအတွက် ပင့်ထားတာ၊ ည ၁၀နာရီခွဲမှာ ဂက်စ်ကုန်ပါလေရော။ အဲဒီတုန်းကမှ ပိုဆိုးသေးတယ်။ ဆွမ်းကပ်မှာကိုး လူကျွေးမှာတက် ပိုသောကရောက်ရတာပေါ့။  အဲလိုပဲ ကျောင်းနားနီးတော့ ကျောင်းသားတွေရှိတဲ့ အိမ်များတော့ သူများအိမ်မှာ ညနက်သန်းခေါင်ဟင်းသွားချက်လိုက်ရတာ မှတ်မှတ်ရရပါဘဲ )
ဒီတစ်ခါတော့ ပန်းကန်ကြီးကြီး အကောင်များများလေး လုပ်လိုက်ယ်။ လုပ်နည်းသိချင်ရင် ဒီမှာ ပါ။




 သူကတော့ မပါမဖြစ်လေ။ လုပ်နည်း



 နောက်တစ်ခုက ဟင်းရွက်ကြော်။ လုပ်နည်းရေးစရာမလိုအောင်လွယ်လွန်းလို့  မရေးလိုက်တော့ပါဘူး။
 ဒါကတော့ တုန်ယမ်းဟင်းရည်။ ၀တ်ရည်ဆီကနည်းနဲ့ ချက်ထားတာပါ။ စားလို့ အရမ်းအရသာရှိပါတယ်။ လုပ်နည်းလေး ပြန်ကူးပေးလိုက်တယ်နော်

နောက်ဆုံးအစာပိတ်အနေနဲ့ Fruit Salad။ ဒါကအချိုပွဲထဲမှာ အမြန်ဆုံးပါဘဲ။ လုပ်နည်း




ကြိုက်ရာသာ အားပါးတရသုံးဆောင်ကြပါ :-D

Wednesday, June 22, 2011

Oatmeal Chocolate Cookies



 ဒီတစ်ခါတော့ ကွတ်ကီးအလှည့်ရောက်ပါပြီ။ ကွတ်ကီး မလုပ်ဖြစ်တာ တော်တော့်ကိုကြာနေပြီ။ ၆လနီးပါးလောက်တောင် ရှိမလားပဲ။ ဘာရယ်လို့တော့ မဟုတ်ပါဘူး။ လုပ်စားစရာတွေများတာကတစ်ကြောင်း၊ မအားတာကလည်းတစ်ကြောင်းနဲ့ သူ့အလှည့်ကို မရောက်တော့တာ။ မနေ့ကတော့ ကွတ်ကီးလုပ်ဖို့ စိတ်ပါလာတာနဲ့ ကမန်းကတမ်းထလုပ်ထားလိုက်တာ ။ မုန့်လုပ်တာကလည်း အဲလိုစိတ်ပါတုန်းလုပ်မှ ။ တစ်ခါတစ်လေများဆို မုန့်လုပ်ဖို့ပြင်နေပြီးမှ မလုပ်ချင်ဖြစ်တာမျိုးတွေလည်း မနည်းတော့ဘူး။ အဲဒါနဲ့ဘဲ ည၁၀ကျော်ကြီး မုန့်လုပ်ဖြစ်သွားတာပါပဲ။


အရင်တုန်းကတော့ ကွတ်ကီး အကြွပ်ဘဲလုပ်ဖြစ်တယ်၊ အခုတော့ အပျော့ကိုစမ်းထားတယ်။ အိမ်မှာ Oat meal ကလည်း တစ်ပုံးကြီးရှိနေတာနဲ့ အဲဒါတွေ မပျက်ခင်အသုံးချလိုက်ရတယ်။ အဲဒီတော့ Oat meal chocolate cookie ပေါ့လေ။ ညမိုးချုပ်တော့ သိပ်နောက်မကျချင်တာနဲ့ ၂ ဗန်းပဲ ခွဲလုပ်လိုက်တာ ကွတ်ကီးတွေက oversize တွေကိုဖြစ်လို့။ အိမ်က ပရိတ်သတ်ကတော့ အဲဒီအကြီးကြီးတွေထဲမှ အကြီးဆုံးကိုရွေးစားပြီး သဘောတွေကျနေတော့တာပဲ။
 
 
လုပ်နည်း
 
  • Sunflower Oil - 110 g
  • Castor Sugar - 110g
  • 1 Egg
  • 1 tsp of vanilla extract


 
ဒါတွေအားလုံးကို သမအောင်ရောမွှေထားပါ။
 
  • 1/2 tsp of baking soda
  • 1/2 tsp of salt
  • Oatmeal - 130g
  • All purpose flour - 90g
  • Cocoa powder - 1 Tbsp
 
ဂျုံနဲ့ ကိုကိုးမှုန့်ကို စကာချ ပြီး ကျန်တဲ့ dry ingredients တွေအားလုံးနဲ့ရောမွှေထားပါ။ ပြီးရင် အဲဒါတွေအားလုံးကို ခုနက ဆီ၊ သကြား၊ ကြက်ဥရောထားတဲ့အထဲ ထည့်ပြီးသမအောင်မွှေလိုက်ပါ။ နောက်ဆုံးမှ ချောကလက် chip လေးတွေကိုရောမွှေပေးပါ။ ပမာဏကတော့ ကိုယ်ကြိုက်သလောက်ထည့်ပေါ့နော်။ များများကြိုက်ရင် များများ။ အချိုမကြိုက်ရင်တော့ မထည့်လဲ ဖြစ်ပါတယ်။
 
မုန့်နှစ်တွေကို ဇွန်းတစ်ဇွန်းမောက်မောက်လောက်နဲယူပြီး ဗန်းပေါ်မှာချ။ တစ်ခုနဲ့တစ်ခု အနဲဆုံး ၁ လက်မခွဲလောက်တော့ ကွာအောင်ချပေးပြီး နဲနဲပြန့်ပြန့်လေးဖြစ်အောင် ဖြန့်ပေးပါတယ်။ အဲဒါတွေကို ၁၇၀ဒီဂရီ အာဗင်မှာ ၁၇မိနစ်လောက်ဖုတ်ရင်ရပါပြီ။ နဲနဲမာမာလေးစားချင်ရင်တော့ ၂၅ မိနစ်လောက်ဖုတ်နိုင်ပါတယ်။ ဒီတစ်ခါ အပျော့ဆိုတော့ ၁၇ မိနစ်မှာတင်ရပ်လိုက်တယ်။  ကွတ်ကီး ၁၀ခု (အကြီးစားကြီးတွေ) လောက်တော့ရပါတယ်။

အဲမှာသာကြည့် အဲဒီကွတ်ကီးတွေဘယ်လောက်ကြီးနေလဲဆိုတာ ။ အဲဒီပန်းကန်က ၈လက်မအချင်းလောက်ရှိမယ်။ မုန့်တွေက မရှိဘူးဆိုရင် တစ်ခုတစ်ခုကို ၄" လောက်တော့ရှိမယ် :D

မုန့်ထဲမှာ ချောကလက်လေးတွေပျော်နေတာ တွေ့လား။ အပြင်ကကွတ်ကီးသဘာဝအတိုင်း နဲနဲမာပြီး အထဲမှာ ပျော့ပျော့လေးနဲ့ စားလို့တော့် တော်တော်ကောင်းပါတယ်။

Saturday, June 11, 2011

Mayonnaise Prawns

စားလို့ကောင်းတဲ့ ဟင်းတစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာဖတ်သူများ သိပြီးသားဖြစ်ရင်လဲ ဖြစ်မှာပါ။ ပုဇွန်နဲ့ Mayonnaise ကိုရောထားတဲ့ ဟင်းပါ။ တစ်ခါတစ်လေလဲ ဒီကမင်္ဂလာဆောင်တွေမှာ ကျွေးလေ့ရှိပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ပြီး မြန်လည်း အရမ်းမြန်ပါတယ်။ အရသာကတော့ အီအီဆိမ့်ဆိမ့် နဲ့ ဆိုတော့ အအီစာတွေမကြိုက်တဲ့ သူတွေတော့ ကြိုက်ချင်မှကြိုက်မှာပါ။ ကြိုက်သူများစမ်းကြည့်နိုင်အောင် လုပ်နည်းရေးပေးလိုက်ပါတယ်။

ပထမဆုံးပုဇွန်တွေကို ကျောခွဲသန့်စင်ထားပါ။ ပြီးရင် ဆားအနည်းငယ် နဲ့ corn flour နဲ့ရောနယ်ထားလိုက်ပါ။ နောက်အကြော်မှုန့်လေးနဲနဲကပ်ပြီး ဆီပူပူမှာ ၁ မိနစ်လောက်ကြော်ပေးပါ။ ပြီးမှ mayonnaise နဲ့ရောမွှေလိုက်ပြီး မိုက်ခရိုဝေ့ဖ်မှာ ၁ မိနစ်ခန့်အပူပေးပါ။ နှမ်းလေးတွေ ဖြူးလိုက်ပြီးရင် စားဖို့အသင့်ဖြစ်ပါပြီ။