Thursday, November 8, 2012

ဆေးဘဲဥ ဟင်းနုနယ်ကြော်




ဒီတစ်ခါမှာ ဆေးဘဲဥကို အရည်သောက်ဆမ်းပုံစံမျိုးလေးလုပ်ကြည့်ကြရအောင်။ ဒီဟင်းလေးက စင်္ကာပူက Food court တွေ့မှာတွေ့နိုင်တဲ့ ဟင်းတစ်မျိုးပါ။ ဟင်းနုနယ်ကိုသုံးပြီး ချက်ထားတာကြောင့် ဟင်းရည်လေးက ချိုချိုလေးနဲ့ စားလို့ကောင်းပါတယ်။(ဒီဟင်းခွက်လေးက အောက်တိုဘာလ Food Magazine မှာပါတဲ့ နောက်ဆုံး ဟင်းခွက်လေးပါ။ Blog မှာ မတင်ရသေးလို့ပြန်မျှဝေပေးလိုက်ပါတယ်

ပါဝင်ပစ္စည်းများ
  • ဟင်းနုနယ် ၁၀၀ ဂရမ် (ရေဆေးပြီးချွေထားပါ)
  • ဆေးဘဲဥ ၁ လုံး (သေးသေးစိတ်ထား)
  • ဆားဘဲဥ ၁ လုံး (အကာနဲ့ အနှစ်ခွဲထားပါ)
  • ကြက်သွန်ဖြူ ၂ မွှာ (နုတ်နုတ်စဉ်းထားပါ)
  • ပြောင်းဖူးမှုန့်စားပွဲဇွန်း တစ်ဝက်ကို ရေတရုပ်ပန်းကန်လုံးတစ်လုံးနဲ့ရောဖျော်ထားပါ

ချက်ပြုတ်နည်း
  • ဟင်းနုနယ်တွေကို ရေနွေးပွက်ပွက်ဆူထဲမှာ ၁မိနစ်လောက်စိမ်၊ရေစစ်ပြီးပွဲပြင်မယ့် ပန်းကန်ထဲထည့်ထားပေးပါ။
  • ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးပြီး ကြက်သွန်ဖြူကို ဆီသတ်ပေးပါ။
  • ကြက်သွန်ဖြူနွမ်းတာနဲ့ ဆားဘဲဥအကာကိုထည့်မွှေပေးပါ။
  • ပြီးရင်ဖျော်ထားတဲ့ကော်ရည်ကို ထည့်ပြီးဆေးဘဲဥကိုပါထည့်ပေးပါ။
  • ကော်ရည်ဆူရင် ဆားဘဲဥ အနှစ်ကိုထည့်ပြီး မွှေပေးပါ။
  • နဲနဲလေးစပြီးပျစ်လာရင်ချပြီး ဟင်းနုနယ်ပေါ်ကိုလောင်းပြီး ချက်ချင်းသုံးဆောင်ပါ။ ကျွန်မကတော့ ငရုပ်သီးကြိုက်တာကြောင့် အပေါ်မှာနဲနဲဖြူးစားပါတယ်။

Tuesday, November 6, 2012

Metabolic Rate ကိုအထောက်အကူပြုသော အစားအစာ ၁၁ မျိုး

ကျန်းမာရေးဆောင်းပါးလေးတစ်ပုဒ်ကို ဘာသာပြန်ကြည့်ထားတာပါ။ ကိုယ်ကလည်း အစားသမားဆိုတော့ အစားစားပြီး ၀ိတ်ထိန်းနိုင်တဲ့ နည်းလေးဘာလေးများရလိုရငြားရှာကြည့်လိုက်တော့ ဒီဆောင်းပါးလေးကို သွားတွေ့တယ်။ တခြားဟာတွေကတော့ ဟုတ်မဟုတ်မပြောတတ်ဘူး။ ရေသောက်တာကတော့ ကိုယ်တွေ့ပဲ။ တစ်နေ့ကို ၃ လီတာနီးပါးသောက်တာ ၀ိတ်ကိုနဲနဲထိန်းထားသလိုဖြစ်တယ်။



ပိန်သွယ်တဲ့ ခန္ဒာကိုယ်ပိုင်ရှင်တွေဟာ လူအများ အားကျခံရတဲ့သူတွေဆိုရည်လည်း မမှားပါဘူး။ အဲဒါကြောင့်လည်း အခုခေတ်မှာ လူတော်တော်များများ (အထူးသဖြင့် အမျိုးသမီးအများစု)ဟာ သွယ်လျစေဖို့အတွက် နည်းအမျိုးမျိုးကို သုံးပြီးကြိုးစားလာကြတာတွေ့ရပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ အများစုဟာ ကိုယ်လက်လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အလုပ်တွေမလုပ်ရပဲ အထိုင်များတဲ့ အလုပ်တွေသာလုပ်နေရတာ များပါတယ်။ ဒါ့အပြင် အိမ်ပြန်ရောက်ရင်လဲ တီဗီကြည့်ရင် ကြည့် ၊မကြည့်ရင် Facebook, ဒါမှမဟုတ် ကွန်ပြူတာနဲ့ ဂိမ်းဆော့ တာတွေနဲ့ အပန်းဖြေလေ့ရှိတာမို့ ကိုယ်လက်လှုပ်ရှားမှုဆိုတာ တော်တော်နဲ့သွားပြီလို့ ပြောလို့ရပါတယ်။ ဒီလို ဘ၀လူနေမှုပုံစံ အနေအထားဟာ ငယ်ရွယ်တုန်းမှာ သိပ်မသိသာလှပေမယ့် အသက်ကြီးလာတဲ့အခါ ကိုယ်ခန္ဒာကို သိသိသာသာပြောင်းလဲစေပါတယ်။ အသက်ငယ်တုန်းတော့ metabolic rate (ခန္ဒာကိုယ်လည်ပတ်လှုပ်ရှားမှု အတွက် လိုအပ်တဲ့ စွမ်းအင် ) ကမြင့်နေတာမို့ စားသမျှကို ခြေဖျက်နိုင်ပြီး အဆီသိပ်မစုပါဘူး။




 အသက်ကြီးလာတာနဲ့ အမျှ အဲဒီနှုန်းဟာ လည်း တဖြည်းဖြည်းကျလာပြီး အဆီပိုစုစေတော့တာပါပဲ။ ကိုယ်နေထိုင်ရတဲ့ အနေအထားက ခုနက ပြောခဲ့သလိုမျိုး ကိုယ်လက်လှုပ်ရှားမှုကို အားမပေးတဲ့ ပတ်ဝန်းကျင်မျိုးဆိုရင်တော့ ပိုဆိုးတော့တာပေါ့နော်။ အဲဒီတော့ metabolic rate ကိုမြှင့်တင်နိုင်မယ့် အလုပ်မျိုးလေးတွေကို ကြိုးစားပြီးလုပ်မှသာ အဆီစုခြင်းကို ကာကွယ်နိုင်မှာပါ။ အကောင်းဆုံးကတော့ လေ့ကျင့်ခန်းယူတာ (သို့) နှစ်သက်တဲ့ ကိုယ်လက်လှုပ်ရှား အားကစားမျိုးကို တစ်နေ့ နာရီဝက်လောက် အချိန်ပေးလုပ်တာမျိုးပေါ့။ အိပ်ရေး၀၀ အိပ်တာကလည်း metabolic rate ကိုမြှင့်စေနိုင်ပါတယ်။ အဲလိုမှ လေ့ကျင့်ခန်းလုပ်ဖို့၊ အိပ်ချိန်၀၀ ရဖို့ အခွင့်အရေး မရနိုင်ရင်တော့ နောက်တစ်မျိုးကတော့ metabolic rate ကိုမြင့်စေတဲ့ အစားတဲ့အစားအသောက်မျိုးလေးတွေကို ရွေးချယ်စားသောက်ဖို့ပါပဲ။ ဒီဆောင်းပါးမှာတော့ metabolic rate ကိုအထောက်အကူပြုတဲ့ အစားအသောက် ၁၁ မျိုးကို ဖော်ပြပေးထားပါတယ်



 


၁။ ငရုပ်သီး
ငရုပ်သီးစပ်စပ်စားခြင်းဟာ metabolic rate ကို မြင့်တက်စေယုံမက အစားစားချင်တဲ့စိတ်ကိုပါ ထိန်းချုပ်ပေးပါတယ်။ အဲဒါကတော့ ငရုပ်သီးထဲမှာပါဝင်တဲ့ capsaicin လို့ခေါ်တဲ့ ဓာတ်ကြောင့်ပါ။ လေ့လာတွေ့ရှိချက်အရ ငရုပ်သီးစားရင် metabolic rate ကို ၂၅% အထိမြင့်တက်စေပါတယ်တဲ့။ 



 



၂။ ဂျုံကြမ်းနှင့် ပတ်သက်သော အစားအသောက်များ
ဂျုံကြမ်း၊ ဆန်လုံးညိုများ ကတော့ အာဟာရပြည့်ဝတဲ့ ဓာတ်တွေ နဲ့ metabolic rate ကိုမြင့်တက်စေတဲ့ ကာဗိုဟိုက်ဒရိတ် ဓာတ်တွေပါဝင်ပြီး Insulin ပမာဏကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် အဆာလဲခံတာကတော့ တကယ့်ကိုကိုယ်တွေ့ပါ။ တကယ်တော့ ပေါင်မုန့်အဖြူတွေဟာ နူးညံ့ပေမယ့် ဖြူဖွေးအောင်လုပ်ရတဲ့အဆင့်တွေကြောင့် အာဟာရ ဓတ်ပါဝင်မှု သိပ်နည်းသွားပါပြီ။ ပေါင်မုန့်အကြမ်းရဲ့ အရသာဟာ ပိုပြီးလေးပင်တာကြောင့် သူ့ကိုစားနေကြလူတွေဟာ ပေါင်မုန့်အဖြူကိုပြန်ပြီးစားလို့ မရကြတာ များပါတယ်။ သကြားများများပါဝင်တဲ့ အစားအသောက်တွေက အဆာမခံတဲ့အပြင် အင်ဆူလင် ပမာဏကို မြင့်တက်စေတာကြောင့် အဆီပိုစုစေပါတယ် ။ဒါ့ကြောင့် ဂျုံကြမ်းနဲ့ပြုလုပ်ထားတဲ့ အစားအသာက်မျိုးကို ရွေးချယ်စားသောက်သင့်ပါတယ်။




Saturday, November 3, 2012

အမဲသားနှပ် (အနောက်တိုင်းစတိုင်)

ကျွန်မတို့အိမ်မှာ အချက်များတဲ့ အသားက ကြက်သားပါ။ ပင်လယ်စာလည်း တစ်ခါတစ်လေချက်ဖြစ်ပါတယ်။ ဒါပေမယ့် အမဲသားကတော့ မေ့နေလျော့နေမှတစ်ခါဆိုသလိုချက်ဖြစ်တယ်။
ဒီတစ်ခါတော့ တောင်းဆိုမှုများကြောင့် အမဲသားနှပ်ချက်ဖြစ်ပါတယ်။
ဒါပေမယ့် ဗမာစတိုင်မဟုတ်ပဲ အနောက်တိုင်းစတိုင် အမဲသားစတူးပါ။
ဆီလည်း အများကြီးထည့်စရာမလိုပဲ အရသာလည်း အရမ်းရှိတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။  အဆင့်ဆင့်လုပ်နည်းကတော့ အဆင်မပြေတာကြောင့် မရိုက်ထားလိုက်ရဘူး။ ဒါပေမယ့်လည်း ဟင်းချက်တာဆိုတော့လည်း မုန့်လုပ်သလို သိပ်တိတိကျကျမလိုတာမို့ အများစုကပြောပြရုံနဲ့ လုပ်တတ်ကြမှာပါနော်။

ပါဝင်ပစ္စည်းများ
  • အမဲသား ၃၀၀ ဂရမ် (အတုံးလေးတွေတုံးထား)
  • မုန်လာဥနီ ၂ ဥ ( ခပ်ကြီးကြီးလေးတွေလှီးထားပါ)
  • ကြက်သွန်နီ ဥကြီး ၁ ဥ (နုတ်နုတ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၅ မွှာ (နုတ်နုတ်စဉ်းထားပါ)
  • ချင်း အနည်းငယ်
  • ဆီ
  • ပြောင်းဖူးမှုန့် စားပွဲဇွန်း ၁ ဇွန်း
  • သစ်ဂျပိုးမှုန့် လက်ဖက်ရည် ဇွန်းထက်ဝက်
  • တရုပ်မာဆလာ လက်ဖက်ရည် ၁ ဇွန်း
  • အရောင်တင်မှုန့် စားပွဲဇွန်း၁ ဇွန်း
  • ဟင်းချက် ဆန်ဝိုင် စားပွဲဇွန်း ၃ ဇွန်း
  • သကြား လက်ဖက်ရည် ၁ ဇွန်း
  • ဆား လက်ဖက်ရည် ၁ ဇွန်းခွဲခန့်

ချက်ပြုတ်နည်း
  1. ပထမဆုံး အမဲသားကို ဆား၊ ငရုပ်ကောင်းနဲ့ ဆုပ်နယ်ပြီးနာရီဝက်လောက်နှပ်ထားပါ။
  2. နောက်ဆီပူပူမှာ ၂ မိနစ်လောက် အပေါ်ယံလေးတင်းလာအောင်ကြော်ပြီး ဆီစစ်ထားပေးပါ
  3. ဆီစားပွဲဇွန်း ၂ ဇွန်းခန့်ကို ပူအောင်တည်ပြီး ကြက်သွန်ဖြူ၊နီ၊ချင်း ထည့်ကြော်ပါ။
  4. ကြက်သွန်များ ပျော့လာရင် အရောင်တင်မှုန့်၊ မာဆလာ ၊ကရဝေး၊ သစ်ဂျပိုးမှုန့်များကို ထည့်မွှေပါ။ နောက် ဟင်းချက်ဝိုင်ကိုလည်း ထည့်ပေးပါ။
  5. အဲဒီနောက်မှာတော့ ခုနကကြော်ထားတဲ့ အမဲသားတွေကိုထည့်ပေးပါ။
  6. ဆား၊သကြား လည်းတစ်ပါတည်းထည့်မွှေပေးပါ။
  7. မုန်လာဥနီများကိုလည်းထည့် ရေကို အသားမမြုပ်တမြုပ်လေးထည့်ပြီး pressure cooker မှာ နာရီဝက်ခန့်ပေါင်းပေးပါ။
  8. ရလာရင် အပေါ့အငံမြည်းပြီး လိုရင်ဆားထပ်ထည့်ပေးပါ (သတိ- အမဲသားချက်ရင် ငါးငံပျာရည်လုံးဝမသုံးရပါ)
  9. အရသာအနေတော်ဖြစ်ပြီဆိုရင် ရေတရုပ်ပန်းကန်လုံး တစ်ဝက်နဲ့ ပြောင်းဖူးမှုန့်ဖျော်ပြီး ပျစ်လာအောင်တည်ပေးပါ။


ဒါဆိုရင်တော့ အရသာရှိလှတဲ့ အမဲသားဟင်း အဆင်သင့်ဖြစ်ပါပြီ။ ပေါင်မုန့်နဲ့ပဲစားစား၊ ထမင်းနဲပဲစားစားအဆင်ပြေပါတယ်။