ဒီတစ်ခါတော့ တောင်းဆိုမှုများကြောင့် အမဲသားနှပ်ချက်ဖြစ်ပါတယ်။
ဒါပေမယ့် ဗမာစတိုင်မဟုတ်ပဲ အနောက်တိုင်းစတိုင် အမဲသားစတူးပါ။
ဆီလည်း အများကြီးထည့်စရာမလိုပဲ အရသာလည်း အရမ်းရှိတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အဆင့်ဆင့်လုပ်နည်းကတော့ အဆင်မပြေတာကြောင့် မရိုက်ထားလိုက်ရဘူး။ ဒါပေမယ့်လည်း ဟင်းချက်တာဆိုတော့လည်း မုန့်လုပ်သလို သိပ်တိတိကျကျမလိုတာမို့ အများစုကပြောပြရုံနဲ့ လုပ်တတ်ကြမှာပါနော်။
ပါဝင်ပစ္စည်းများ
- အမဲသား ၃၀၀ ဂရမ် (အတုံးလေးတွေတုံးထား)
- မုန်လာဥနီ ၂ ဥ ( ခပ်ကြီးကြီးလေးတွေလှီးထားပါ)
- ကြက်သွန်နီ ဥကြီး ၁ ဥ (နုတ်နုတ်စဉ်းထားပါ)
- ကြက်သွန်ဖြူ ၅ မွှာ (နုတ်နုတ်စဉ်းထားပါ)
- ချင်း အနည်းငယ်
- ဆီ
- ပြောင်းဖူးမှုန့် စားပွဲဇွန်း ၁ ဇွန်း
- သစ်ဂျပိုးမှုန့် လက်ဖက်ရည် ဇွန်းထက်ဝက်
- တရုပ်မာဆလာ လက်ဖက်ရည် ၁ ဇွန်း
- အရောင်တင်မှုန့် စားပွဲဇွန်း၁ ဇွန်း
- ဟင်းချက် ဆန်ဝိုင် စားပွဲဇွန်း ၃ ဇွန်း
- သကြား လက်ဖက်ရည် ၁ ဇွန်း
- ဆား လက်ဖက်ရည် ၁ ဇွန်းခွဲခန့်
ချက်ပြုတ်နည်း
- ပထမဆုံး အမဲသားကို ဆား၊ ငရုပ်ကောင်းနဲ့ ဆုပ်နယ်ပြီးနာရီဝက်လောက်နှပ်ထားပါ။
- နောက်ဆီပူပူမှာ ၂ မိနစ်လောက် အပေါ်ယံလေးတင်းလာအောင်ကြော်ပြီး ဆီစစ်ထားပေးပါ
- ဆီစားပွဲဇွန်း ၂ ဇွန်းခန့်ကို ပူအောင်တည်ပြီး ကြက်သွန်ဖြူ၊နီ၊ချင်း ထည့်ကြော်ပါ။
- ကြက်သွန်များ ပျော့လာရင် အရောင်တင်မှုန့်၊ မာဆလာ ၊ကရဝေး၊ သစ်ဂျပိုးမှုန့်များကို ထည့်မွှေပါ။ နောက် ဟင်းချက်ဝိုင်ကိုလည်း ထည့်ပေးပါ။
- အဲဒီနောက်မှာတော့ ခုနကကြော်ထားတဲ့ အမဲသားတွေကိုထည့်ပေးပါ။
- ဆား၊သကြား လည်းတစ်ပါတည်းထည့်မွှေပေးပါ။
- မုန်လာဥနီများကိုလည်းထည့် ရေကို အသားမမြုပ်တမြုပ်လေးထည့်ပြီး pressure cooker မှာ နာရီဝက်ခန့်ပေါင်းပေးပါ။
- ရလာရင် အပေါ့အငံမြည်းပြီး လိုရင်ဆားထပ်ထည့်ပေးပါ (သတိ- အမဲသားချက်ရင် ငါးငံပျာရည်လုံးဝမသုံးရပါ)
- အရသာအနေတော်ဖြစ်ပြီဆိုရင် ရေတရုပ်ပန်းကန်လုံး တစ်ဝက်နဲ့ ပြောင်းဖူးမှုန့်ဖျော်ပြီး ပျစ်လာအောင်တည်ပေးပါ။
ဒါဆိုရင်တော့ အရသာရှိလှတဲ့ အမဲသားဟင်း အဆင်သင့်ဖြစ်ပါပြီ။ ပေါင်မုန့်နဲ့ပဲစားစား၊ ထမင်းနဲပဲစားစားအဆင်ပြေပါတယ်။
3 comments:
အမဲနှပ်လေးမြည်းသွားပါတယ် သမီးရေ
EVYရဲ့အမဲနှပ်လေးမြည်းစမ်းလို့အားပေးသွားပါတယ်
ခင်တဲ့အန်တီလေးမေခင်
လုပ်ကြည့်ဦးမယ် အစ်မ
Post a Comment