Wednesday, March 30, 2011

Korean style vegetable pancake

Korean style vegetable pancake တဲ့။  ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ မြိုထဲလျှောက်သွားရင်းနဲ့ ကိုရီးယား အစားအသောက်ရောင်းတဲ့ဆိုင်ကို မျက်စေ့လည်ပြီးရောက်သွားတာကနေစတာ။ တစ်ဆိုင်လုံး ကိုးရီးယား စားစရာတွေလဲ စုံလို့ပါဘဲ။ ဒါပေမယ့်လို့ ကျွန်မ ကိုရီးယား အစားအသောက်နဲ့ သိပ်မရင်းနှီးလေတော့ ဘာဝယ်လို့ဝယ်ရမှန်းမသိဘူး။ ငရုပ်ဆီဗူးလေးတွေ၊ တခြား ဆော့စ်လေးတွေလဲ မျိုးစုံပဲ။ ဘယ်လိုသုံးရမှန်း မသိတာနဲ့ ကြည့်ဘဲကြည့်ခဲ့တယ်။ လျှောက်ကြည့်ရင်းနဲ့ ဒီဟင်းသီးဟင်းရွက် ပန်ကိတ်လုပ်တဲ့ အထုပ်ကိုတွေ့ပါလေရော။ အဲဒီတော့မှ အရင်တုန်းက ကျွန်မညီမ လုပ်ကျွေးဖူးတာကို သတိရသွားပြီး စမ်းကြည့်မယ်ဆိုပြီး ၀ယ်လာခဲ့တာ။ ဘာမှမဆိုင်တဲ့ ကြက်သားကြော်တဲ့ Shrimp Paste တစ်ပုလင်းလဲ ဆွဲလာသေးတယ်။ အဲဒါတော့ ကိုရီးယားစာ ဟုတ်မယ်မထင်ပါဘူး။ ဒီကထမင်းဆိုင်တွေမှလဲ အဲလိုကြက်ကြော်မျိုးကိုရောင်းတာတွေ့ရလေ့ရှိပါတယ်။ ခပ်နီနီနဲ့လေ သိကြမလားတော့ မသိဘူး။ အဲဒါကို အိမ်ကလူချဉ်ခြင်း တပ်နေတာကြာပြီ။ ဘယ်လိုကြော်ရမလဲ မသိလို့ငြိမ်နေတာ။ ခုလို နယ်ဖို့ အနှစ်ရည်ကို ပုလင်းနဲ့တွေ့တော့ အဆင်သင့်လိုက်လေခြင်း။ ကြက်ကြော်ကို ခုလာမယ့် ရုံးပိတ်ရက်မှာ စမ်းမယ်။ ခုလောလောဆယ်တော့ veggie pancake လုပ်နည်းလေး တင်ပေးလိုက်ဦးမယ်
 
သူရဲ့ အညွှန်းမှာတော့ ကြက်သွန်မိတ်၊ Zucchini နဲ့ ကျူဆိုင်ကိုပဲသုံးထားတာပါ။ ကျွန်မကတော့ အိမ်မှာ အဲဒါတွေ မရှိတော့ ပဲပင်ပေါက်၊ မုန်ညှင်း နဲ့ မုန်လာဥနီ ကိုသုံးလိုက်တယ်။ ဟင်းရွက် နဲ့ ဥနီတွေကို ပါးပါးလှီးပြီး ပဲပင်ပေါက်နဲ့ရောပြီး ရေဆေးထားပါတယ်။ ပြီးတော့ ဇလုံတစ်လုံးထဲမှာ အဲဒီအမှုန့် (ရိုးရိုးဂျုံမှုန့် သုံးလဲရပါတယ်) ၁ဆ ရေ ၂ဆနီးပါး ၊ဆားလေး နဲနဲထည့်ပြီး ရောဖျော်လိုက်တယ် (ကိုယ်ထည့်မယ့် အသီးအရွက် ပမာဏကိုလိုက်ပြီး မုန့်နှစ်ကိုဖျော်ပါ)။  မုန့်နှစ်ရပြီဆိုရင် အသီးအရွက်တွေကိုထည့်ပြီး သမအောင်ရောမွှေပေးပါ။ နောက် ကြော်မယ့်အိုးထဲမှာ ဆီစားပွဲဇွန်းတစ်ဇွန်းခွဲလောက်ကို ထည့်ပြီး ပူအောင်တည်ပါ ။ အိုးမျက်နှာပြင် အကုန်လုံးကိုဆီနှံ့ပါစေ။ ဆီပူပြီဆိုရင် ခုနကအသီးအရွက်မုန့်နှစ်အရောကို ဒယ်အိုးမျက်နှာပြင် အနှံဖြန့်ထည့်ပြီးကြော်ပေးပါ။ ခပ်ပါးပါးဖြစ်အောင် ဖြန့်ပါ။ ၅ မိနစ်လောက်နေရင် တစ်ဖက်ကိုလှန်ပေးပြီး နောက်၅မိနစ်လောက်ထပ်ကြော်ပေးပါ။ ဒါဆို အသီးအရွက်ပန်ကိတ် ရပါပြီ။ ပိုစားကောင်းအောင် မရိုးနိစ်နဲ့ ငရုပ်ရည်လေးပါ တင်ပြီး စားလိုက်တယ်။ မြန်ဆန်ပြီး စားလို့ကောင်းတဲ့ သရေစာပါ။
 
 

6 comments:

Anonymous said...

Evyလေး
စားချင်လိုက်တာ ခုပဲနိုးတယ်
ဗိုက်ဆာပြီ သိလာ

Baby taster

ချော(အစိမ်းရောင်လွင်ပြင်) said...

သိပ်လဲမခက်ဘူး စားလို့လည်းကောင်းမဲ့ပုံဘဲ
လုပ်စားကြည့်မယ်နော်
စိတ်ဝင်စားတယ် ကျေးဇူး

Anonymous said...

အဲလောက်မြန်လား
ကောင်းမယ့်ပုံပဲနော်
Evy ကောင်းမှုကြောင့် အခု ခနခန ဖက်ထုပ်လုပ်စားဖြစ်တယ် :)

စူးနွယ်လေး

Shinlay said...

ကောင်းမဲ့ပုံပဲ။စမ်းကြည့်အုံးမှ။

စံပယ်ချို said...

စမ်းလုပ်ကြည့်တယ်..ဟားဟား
လုံးဝ...မကောင်းဘူး
လက်ရာကွာတယ်နော်..လုပ်ပြီးပါဆယ်နဲ့ပို့လို့
ရ ရင်ကောင်းမယ်....

စံပယ်ချို said...

လာလည်ပြီးစပ်စုစိန်လုပ်သွားတယ်...
စာဖတ်ပြီးအစမ်းချက်ကြည့်မယ်နော်..