Monday, October 3, 2011

စတော်ဘယ်ရီ မီနီကိတ်လေးများ - မွေးနေ့အမှတ်တရ


မနေ့က ကျွန်မညီမ အငယ်ဆုံးမွေးနေ့ပေါ့။ ကိုယ့်မွေးနေ့သာ ကိတ်မလုပ်ဖြစ်တာ မိသားစု၊ သူငယ်ချင်းမွေးနေ့တွေဆိုရင် အချိန်ရရင် ရသလို့ ကိတ်မုန့်လုပ်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ စုပြီးတွေ့တဲ့ပွဲတို့၊ ကလေးမွေးနေ့တွေမျိုးတို့ ဆိုတာ မုန့်ဖုတ်ချင်တဲ့ ကျွန်မအတွက်တော့ အကြောင်းပြချက်ကောင်းပါဘဲ။ မဟုတ်လည်း အကြောင်းရှာပြီးတော့ မုန့်ဖုတ်ဦးမှာကိုး။ မွေးနေ့အတွက်တို့လိုမျိုးဆိုရင်တော့ ပိုပြီးသဘောကျတာပေါ့။ ကိတ်မုန့်ကို မွေးနေ့စာတမ်းလေးတွေနဲ့ အလှပိုဆင်လို့ရတယ်လေ။ ပြီးတော့ ကိုယ်လုပ်ထားတဲ့ မုန့်ကို မိသားစု၊ သူငယ်ချင်းတွေ အားပေးရင်လိုက်ရင် ပင်ပန်းထားတာတွေ အားလုံးပျောက်သွားသလိုကို ၀မ်းသာတာပါ။

ခုတစ်ခါတော့ သာမန်မွေးနေ့ကိတ်အစား cup cake လေးတွေလုပ်ဖြစ်ပါတယ်။ ခလယ်ခေါင်က ရိုးရိုး cup cake အရွယ်အစား နဲ့ ဘေးကဟာလေးတွေက သေးသေးလေးတွေ။ ချစ်စရာလေးတွေနော်။ အဲဒီ အသေးလေးတွေလုပ်တဲ့ မုန့်ဗန်းလေးကို တစ်နေ့ကမှ သွားဝယ်ထားတာ အတော်ပဲ ဖြစ်သွားပါတယ်။ ကိတ်လေးတွေပေါ်မှာ တကယ်တမ်းပုံဖော်ချင်တာက နှင်းဆီပွင့်၊ ဖြစ်သွားတာကတော့ အောက်မှာမြင်ကြရတဲ့ အတိုင်းပါဘဲ။ ပုံဖေါ်တဲ့ ကတော့လေးက နံပါတ်မှားနေလို့ နှင်းဆီပွင့်မထွက်တဲ့ အဆုံးရသလိုပဲ လုပ်လိုက်တော့တာ။

မုန့်ကတော့ ရိုးရိုးမုန့်နှစ်မှာ စတော်ဘယ်ရီအနှစ်ကလေးတွေရောထည့်လိုက်တာ စတော်ဘယ်ရီကိတ်ဖြစ်ရောပေါ့။ အိမ်မှာ ရှိတဲ့ စတော်ဘယ်ရီခပ်ချဉ်ချဉ် ပုလင်းကို အသုံးချလိုက်တာလေ။ စမ်းချင်သူများ လုပ်နည်းရေးပေးလိုက်မယ်နော်


Cake Batter

  • 120 grams all purpose flour
  • 1/2 teaspoon baking powder
  • 1/2 baking soda
  • a pinch of salt
  • 75 grams unsalted butter, at room temperature
  • 130 grams Castor white sugar
  • 1 teaspoon pure vanilla extract
  • 2 eggs
  • 75 ml milk
  • 90g of strawberry puree
  • 2 drops of red coloring
  1. ပထမဆုံး ဂျုံ၊ ဘိတ်ကင်ပေါင်ဒါ၊ ဆိုဒါ နဲ့ဆားကို ဇကာချထားပါ
  2. သကြားနဲ့ ထောပတ်ကိုပွအောင်မွှေပါ
  3. ပြီးရင် ကြက်ဥကို ၁လုံးချင်းစီထည့်ပေးပါ
  4. နောက် စတောဘယ်ရီ အနှစ်နဲ့ အရောင်အနီကို ရောမွှေပေးပါ
  5. အဲဒါပြီးမှ ခုနက ဇကာစစ်ထားတဲ့ ဂျုံရယ်၊ နွားနို့ရယ်ကို ထည့်မွှေပေးပါ။ 
  6. ဗန်းထဲမှာ စက္ကူလေးတွေခံ၊ မုန့်နှစ်ထည့်ပြီး ၁၆၀ အာဗင် မှာ ၁၅ မိနစ် (အသေးလေးတွေအတွက်) နဲ့ ၂၅ မိနစ် (ပုံမှန်size) ဖုတ်ပေးပါ။
  7. မုန့်ကျက်ရင် လုံးဝအေးသွာအောင် အအေးခံပြီးမှ ခရင်မ်နဲ့ အလှဆင်ပါ


ခရင်မ်လုပ်နည်းကတော့ အရမ်းကိုလွယ်ပါတယ်။ Whipping Cream (non dairy) ကို ၁၅၀ ဂရမ်လောက်ထည့်။ အနီရောင်ဆေးထည့်ပြီး ၄ မိနစ်လောက်မွှေလိုက်ရင် ရပါပြီ။ ခရင်မ် ရမရ စမ်းနည်းက မွှေထားတဲ့ ခရင်ခွက်ကိုယူ ဇောက်ထိုးလုပ်ကြည့် (တကယ်ပြောတာ၊ မနောက်ဘူး :D ) ဘာခရင်မ်မှ ကျမလာဘူးဆိုရင် ရပါပြီ။
 မွေးနေ့ရှင်အတွက် အနီးကပ်ရိုက်ချက်

ဒါလေးတွေက မီနီကိတ်လေးတွေ ၊ တစ်ခါစာ တစ်လုပ်စာ အတော်ပဲ။ အရမ်းစားလို့ကောင်းပါတယ်။ တကယ်ပြောတာ။ 
အဲဒီနေ့က ညီအစ်မတွေနဲ့ သူငယ်ချင်းတွေ ထမင်းသွားစားပြီး သီချင်းသွားဆိုကြတာ မှတ်မှတ်ရရပါဘဲ။ အလတ်မက ဘရဏီသီချင်းကို ၀င်းဦးသံနဲ့ လုပ်ဆိုလို့ ရယ်လိုက်ရတာ ကိုယ်တောင် မဆိုနိုင်တော့တဲ့ အထိ တကယ့်ကိုဟာသပဲ။ အဲလိုမျိုး သူကမျက်နှာပြောင်နေကျ။ သူငယ်ချင်း ၅ ယောက်နဲ့ ပျော်စရာကောင်းတဲ့ မွေးနေ့ပါ အမှတ်တရပါ။

7 comments:

Mrs. Bagel said...

အိုး so cute အစ်မ!! စားရက်ချင်စရာတောင် မရှိ။ :)

Cameron said...

cup cake လေးတွေလုပ်ကြည့်ချင်နေတာ လုပ်နည်းလေးမျှဝေပေးတဲ့အတွက် ကျေးဇူးပါ...။

ခင်တဲ့
မိုးငွေ့

Baby taster said...

Evyလေးရဲ့ ညီမလေး ဆန္ဒနဲ့ ဘ၀တထပ်တည်းကျပါစေ
ဒီလို မုန့်ဖုတ်ပေးတဲ့ အမတော် တယောက်လောက်
ရချင်တှား)

ချော(အစိမ်းရောင်လွင်ပြင်) said...

နောက်ကျဆုတောင်းလေး ပေးပါရစေ
Evy ရဲ့ညီမလေး ဘဝတစ်သက်တာ ပျော်ရွှင်ခြင်းများစွာကို ပိုင်ဆိုင်ပါစေ
စိတ်ရောကိုယ်ပါ ချမ်းသာပါစေနော်
ကိတ်မုန့်ကတော့ ပြောဖို့မလို မြင်တာနဲ့ စားချင်မိတယ်

sithuwin said...

အမ ကျွန်တော်သိချင်တာလေးတွေ မေးလို့ရမလား။
မွေးနေကိတ်အပေါ်မှာတင်တဲ့ ခရင်မ်ကို ဘယ်လိုလုပ်
ရမလဲဟင်။ ကျွန်တော်တို့ဆီမှာက ရယ်ဒီမိတ်ဝယ်မရ
လို့ပါ။ ဖြစ်နိုင်ရင်အသေးစိတ်ပြောပြပေးပါလားခင်ဗျာ။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Evy said...

ပြန်တာ နောက်ကျသွားတဲ့ အတွက် sorry ပါ စည်သူဝင်းရေ။ အစ်မကတော့ whipping cream နဲ့ပဲ ခရင်လုပ်ဖြစ်တယ်။ နောက်တစ်မျိုးကတော့ ထောပတ်နဲ့လည်း လုပ်လို့ရပါတယ်။ ထောပတ် ၁၂၀ ဂရမ်၊ icing sugar (ပေါင်ဒါလိုမှုန့်နေတဲ့သကြား) ၁၂၀ဂရမ်ကို သုံးပြီး လုပ်ရင်လဲ ခရင်မ်ဖြစ်တယ်လို့ ဖတ်ဖူးပါတယ်။ ပထမဆုံးထောပတ်ကို အခန်းအပူချိန် ရောက်အောင် ရေခဲသေတ္တာထဲက ထုတ်ထားလိုက်ပါ။ အခန်းအပူအချိန်ဆိုတာ အနောက်နိုင်ငံတွေက အခန်းအပူချိန်ကို ဆိုလိုတာပါ။ အကောင်းဆုံးစမ်းသပ်နည်းကတော့ ထောပတ်တုံးလေးကို အသာလေးလက်နဲ့ ဖိကြည့်လို့ ချိုင့်ဝင်သွားတယ်ဆိုရင် သုံးလို့ရပါပြီ။ အဲဒီထောပတ်ကို မွှေစက်နဲ့ ပွလာအောင်မွှေ။ သကြားကို ဖြေးဖြေးခြင်းထည့်။ သကြားအားလုံးသေချာပျော်ဝင်သွားပြီဆိုရင် ဖြူပြီး ပွတက်လာပါလိမ့်မယ် အဲဒါဆိုရပါပြီ။ အဲဒီခရင်ကို မသုံးသေးရင် ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး သုံးခါနီးမှထုတ်သုံးရင် ပိုအဆင်ပြေပါလိမ့်မယ်

Unknown said...

ညီမလည်းသိချင်နေတာ
ကျေးဇူးပါမမရေ