Tuesday, November 29, 2011

ခေါက်ဆွဲသုပ်



ဒါကတော့ အိမ်ကလူကြီး တောင်းဆိုလို့လုပ်ကျွေးတဲ့ အသားနဲ့ ခေါက်ဆွဲသုပ်ပါ။ သူတို့အရပ်က စားတဲ့ခေါက်ဆွဲတွေကို သိပ်မစားဖူးပါဘူး။ မြီးရှည်တော့ သူ့သူငယ်ချင်းလုပ်ကျွေးလို့စားဖူးတယ်။ စားလို့တော်တော်ကောင်းလို့ အရင်တုန်းကမြီးရှည်မကြိုက်တဲ့ ကျွန်မတောင် တစ်ခါထည်းနဲ့ ကြိုက်သွားတာပါဘဲ။ ဒီခေါက်ဆွဲကို ဘာလို့ခေါ်သလဲ ကျွန်မလဲ သေချာမသိပါဘူး။ သူက ဒီလို ဒီပုံစားချင်တယ် ချက်ကျွေးပါဆိုတာနဲ့ အထင်နဲ့ မှန်းချက်လိုက်ရတာ။

တစ်ခါကလည်း ဆီချက်စားချင်တယ်ဆိုလို့ အိမ်မှာ ဆီချက်လုပ်ကျွေးပါတယ်။ ကျွန်မသိထားတဲ့ ဆီချက်ကအသားပြုတ်တွေဘာတွေနဲ့ ကြက်သွန်ဖြူဆီချက်နဲ့ဟာကိုပဲ သိတာလေ။ ရန်ကုန်မှာ ရောင်းတဲ့ပုံစံပေါ့။ ခါတိုင်းအမေ အိမ်မှာလုပ်လဲ ဒါမျိုးပါပဲ။ အဲဒါကို သူကကြည့်ပြီး ဟင်ဆီချက်လဲ မဟုတ်ဘူးဆိုတော့ ကိုယ်တောင်ကြောင်တောင်တောင်ဖြစ်သွားတယ်။ ကျွန်မကလဲ အလျော့မပေးပဲ ဒါဆီချက်မှ ဆီချက်ပဲပေါ့။ သူက သူသိတဲ့ ရှမ်းပြည်က ဆီချက်က ဒီလိုမဟုတ်ဘူးဆိုပဲ။ အသားကို ဟင်းအနှစ်လိုချက်ပြီး ထည့်တာတဲ့။ သူပြောတဲ့ဆီချက်ကို ကျွန်မကလည်း တစ်ခါမစားဖူးတော့ သဘောမပေါက်၊ အရသာလည်း မှန်းလို့မရနဲ့လေ။ ဘာပဲဖြစ်ဖြစ် ဒီပုံစံ ဆီချက်ပဲ ကျွန်မတသက်လုံးစားလာတာ။ ဒါပဲစားဆိုပြီး ကျွေးတာ။ :D
  

နောက်တော့ သူစားချင်တဲ့ ပုံစံလေး စမ်းကြည့်ပါဦးမယ်ဆိုပြီး ဒီခေါက်ဆွဲ ဖြစ်လာတာပါဘဲ။

ခေါက်ဆွဲအတွက်
  •  အမဲသားကို ဆီများများနဲ့ အတုံးသေးသေးတုံးပြီး နှပ်ပါတယ်။
  • မြေပဲကိုလည်း မညက်တညက်ကြိတ်ထားတလိုက်တယ်။ 
  • ခေါက်ဆွဲကို ကြက်ဥခေါက်ဆွဲသုံးပါတယ်  (စားခါနီးမှ ပြုတ်ပြီးရေအေးလောင်း ရေပြန်စစ်ထားလိုက်ပါတယ်) ကင်မ်ချီ ကိုလည်း ပြင်ထားလိုက်တယ် (သူတို့ အရပ်မှာတော့ မုန်ညှင်းချဉ်ပေါ့။ ဒီမှာတော့ မုန်ညှင်းချဉ် မရှိလို့ ကင်မ်ချီ အစားထိုးပါတယ်) 



အမဲသားနှပ်


မေ့လို့နောက် အရေးကြီးတာ တစ်ခုကျန်သေးတယ်။ ငရုပ်သီးအကြမ်းမှုန့်ကို ဆီပူပူနဲ့လောင်းထားတာ။ ကြုံလို့ပြောရဦးမယ်။ အကြမ်းမှုန့်သုံးမယ် ဆိုရင် ယိုးဒယားကလာတဲ့ အကြမ်းမှုန့်လေးတွေ တော်တော် အဆင်ပြေပါတယ်။ အထုတ်ကြီး တစ်ထုတ် 3$ ဆိုရင် သုံးပါလေရော့ပဲ။ ငရုပ်သီးအစေ့လေးတွေကလဲ သေးသေးလေးတွေနဲ့ အထူးတလယ် ဖယ်နေစရာမလိုတော့ဘူး။

 ငရုပ်သီးမှုန့်ပုံ (ထပ်ဖြည့်လိုက်တာ- NTUC မှာဝယ်လို့ရပါတယ်)


စားဖို့ပွဲပြင်မယ်ဆိုရင် ခေါက်ဆွဲထည့်၊ မြေပဲ မှုန့်၊  ကင်မ်ချီ၊ ပဲငံပျာရည်အကြည်၊ ငရုပ်သီး (လိုသလို)၊ ကြက်သားမှုန့် ၊ အမဲသားနှပ် နဲ့ နှပ်ထားတဲ့ ဆီ ၂ ဇွန်းလောက်ကိုထည့်ပေးပြီးရင် သုံးဆောင်လို့ရပါပြီ။
သူကတော့ အကြိုက်တွေ့ပြီး သိပ်ကောင်းဆိုပဲ။ ဘာလို့ခေါ်မှန်းသာမသိတာ စားလို့တော့ အတော်ကောင်းပါတယ်။ အမဲသားမစားရင် ကြက်သားနဲ့လည်း ချက်လို့ရပါတယ်။ ဆီတော့အများကြီးထည့်ရတယ်၊ ဘာလို့လဲဆိုတော့ ဆီချက်သပ်သပ်မထည့်ပဲ အဲဒီကဆီတွေနဲ့ ယူသုံးတာကိုး။ ဒါပေမယ့် ဆီများများနဲ့ ရေကုန်အောင် ချက်ထားတော့ ရေခဲသေတ္တာထဲထည့်ထားရင် ၁ ပတ်လောက်တော့ အနည်းဆုံးခံပါတယ်။

အမဲသားဆိုတော့ ခဏခဏတော့ မစားဖြစ်ပါဘူး။ ၂လ တစ်ခါလောက်ပေါ့။

သုပ်ပြီး ဒီပုံထွက်လာတယ်

p.s  မကြာခင်မှာ ဗမာပြည်ကို ခဏပြန်ပါမယ်။ ဘလော့နဲ့ ရက် ၂၀ လောက်ဝေးနေမှာလို့ ပြောချင်တာပါ။ ပြန်ရောက်ရင် ဟိုကစားစရာပုံတွေကို ရနိုင်သမျှဓာတ်ပုံရိုက်ခဲ့ပါ့မယ် :D

9 comments:

Mrs. Bagel said...

လုပ်ကြည့်ကြည့်ဦးမယ်။ ဒီဆီချက် ပထမဆုံးမြင်ဖူးတာပဲ။ ညီမလည်း တရုတ်တန်းကဆီချက်ပဲသိတာ။

Baby taster said...

Evyလေး
ခေါက်ဆွဲသုပ်က စားကောင်းမဲ့ပုံပါပဲ
အစစ အရာရာအဆင်ပြေပါစေ
ပုံလေးတွေ မျှော်နေပါ့မယ်း)

T T Sweet said...

အဲဒီခေါက်ဆွဲပုံစံကလေ မန်းလေးက မုန့်တီသုတ်ရောင်းတဲ့ဆိုင်တွေက ခေါက်ဆွဲနဲ့တူတယ်နော်။ အဲဒါကို သိပ်ကြိုက်တာ။ ဒီမှာတော့ ရှာမရဘူး။ အမဲသားတော့ မစားလို့ ကြက်သားနဲ့ နန်းကြီးသုတ်လိုစားချင်တာ။ စားကောင်းမဲ့ ပုံလေး။

rose of sharon said...

ဟယ်...အဆန်းဘဲ... လုပ်စားကြည့်ဦးမယ်... ပုံလေးကြည့်ရတာ အရသာရှိမဲ့ပုံး))

Iora said...

စားချင်စဖွယ်လေးပါလား။

သက်ဝေ said...

နန်းပြားသုပ် အသွင်တမျိုးပေါ့... စားချင်စရာ...
စကားမစပ် ညီမ ပြောတဲ့ ငရုပ်သီး အကြမ်းမှုန့် ဆိုတာ အဆင်ပြေရင် ဓါတ်ပုံလေး ပြပါလားဟင်... ဘယ်မှာ ဝယ်လို့  ရလဲဆိုတာလေးလဲ ပြောပြပါနော်... ကျေးဇူး...

Have a nice trip... :-)

Evy said...

မရေ ငရုပ်သီးမှုန့်ပုံ ထည့်ဖြည့်လိုက်ပြီနော်

Snow said...

ဒီလို ခေါက်ဆွဲသုပ်မျိုး မတွေ့ဖူးသေးဘူး.. စားချင်စရာလေး..
အမဲသားနှပ်ကို အရမ်းကြိုက်ပေမယ့် လုပ်လိုက်ရင် အခုလို မဖြစ်လို့ သိပ်မလုပ်ဖြစ်တာ..
နောက်တစ်ခေါက်လောက် စမ်းလုပ်ကြည့်ပြီး ခေါက်ဆွဲသုပ် လုပ်စားကြည့်ဦးမယ် အစ်မ..
လုပ်နည်းလေးအတွက် ကျေးဇူးပါ..။

စံပယ်ချို said...

ရုတ်တရက်ကြည့်ရတာအီတလီသုပ်လိုလိုပဲ
စားချင်လိုက်တာ ခေါက်ဆွဲဆိုရင် အသေကြိုက်တယ်
ခေါက်ဆွဲပြားတာလေးကိုပိုကြိုက်တယ်
ကျေးကျေး