မာလာဟင်းကိုတော့ တော်တော်များများ သိပြီး မြည်းဖူးပြီးသား ဖြစ်ကြမှာပါ။ ကျွန်မကတော့ မာလာဟင်းကို အခုမှကြိုက်တတ်သွားတာ။ ဘာလို့လဲဆိုတော့ သူနဲ့ ပတ်သက်ပြီး ဆိုးဝါးတဲ့ အတွေ့အကြုံရခဲ့လို့ပါ။ ဖြစ်ချင်တော့ ၂၀၀၉ မှာ ကျွန်မနဲ့ အမျိုးသား ဗမာပြည်ပြန်ကြပါတယ်။ အဲဒီအချိန်တုန်းကတော့ ရန်ကုန်မှာ မာလာဟင်း ခေတ်စားကာစလားမသိဘူး။ သူ့အစ်ကို တစ်ဝမ်းကွဲက မာလာဟင်းလိုက်ကျွေးပါတယ်။ ဒါပေမယ့် အဲဒီမာလာဟင်းကလေ အရသာကလည်း လုံးဝမကောင်းတဲ့အပြင် နောက်ဆက်တွဲအနေနဲ့ ကျွန်မ မှာ နေမကောင်းတွေဖြစ်ပြီး သွားဖို့စီစဉ်ထားတဲ့ နေရာတွေ တစ်ခုမှကို မရောက်လိုက်ဘဲ စလုံးကိုပြန်လာခဲ့ရပါတယ်။ အဲဒီမှာတင် ဒီဟင်းကို အတော်စိတ်နာသွားခဲ့တာ။
အဲဒီကတည်း မာလာဟင်းဆိုရင် ယောင်လို့တောင် လှည့်မကြည့်တော့ဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ညီမမွေးနေ့ကို အကင်ဆိုင်မှာလိုက်ကျွေးပါတယ်။ အဲဒီဆိုင်က မာလာဟင်းကောင်းတယ်ဆိုပြီး သူတို့က မာလာဟင်းမှာကြပါတယ်။ ကျွန်မကတော့ မာလာဟင်းဆိုတာနဲ့ ရှုံမဲ့ပြီး ငါမစားဘူးနော်လို့ အကြောက်အကန်ငြင်းတာ။ သူတို့မှာတော့လည်း တို့ကနန်းဆိတ်ကနန်း လိုက်စားပြီး မဆိုးပါလားဆိုတာသိသွားတယ်။ အဲဒီဆိုင်က မာလာဟင်းက တကယ့်ကိုကောင်းပါတယ်။ မန္တလေး လက်ရာဆိုလားပဲ။ ရန်ကုန်ဆိုင်က မာလာဟင်းနဲ့တော့ အများကြီးကွာပါတယ်။ ကျွန်မလို တူးတူးခါးခါး ဖြစ်နေတဲ့လူတောင် ကြိုက်သွားတာကြည့်။
ကြိုက်မိတော့လည်း ထုံးစံအတိုင်း လိုက်လုပ်ကြည့်ရမှ စိတ်ကျေနပ်တာမို့ မာလာဟင်း ချက်နည်းတွေကို သိသမျှဘလော့တွေထဲမှာ မွှေတော့တာပါဘဲ။ နောက်ဆုံး မမလု ရဲ့ နည်းနဲ့ ချက်မယ်လို့ ဆုံးဖြတ်ပြီး ချက်လိုက်ပါတယ်။ မမလု လောက်တော့ အမယ်မစုံဘူး။ ကြိုက်တာတွေကို ကြိုက်သလိုစုပြုံထည့်လိုက်တာပါ ဘဲ။ မာလာဟင်းကို အဓိကကောင်းစေတာက မြေပဲထောင်းလို့ထင်တယ်။ မြေပဲထောင်း ထည့်တာကို သိပ်မနှစ်သက်ကြတဲ့လူလည်း ရှိမှာပါ။ ကျွန်မကတော့ အဲဒါလေးပါမှ ဆိမ့်ဆိမ့်လေးနဲ့ စာကောင်းလို့ ပိုသဘောကျပါတယ်။
လုပ်နည်း (အိမ်မှာ ချက်သောနည်း - ၂ ယောက်စာအတွက်)
- ပဲပြား - သေးသေးလှီးထား
- မုန်ညှင်းရွက်အသေး - ရေဆေးထား
- မုန်လာဥနီ တစ်ဝက် - ပါးပါးလှီး
- ပြောင်းဖူးသေးသေး ၄ခု- အရှည်လိုက်လှီးထား
- ကြွက်နားရွက်မှို - ရေစိမ်ထား
- ကျောက်ပွင့် အဖြူ - ရေစိမ်ထား
- ရွှေပဲသီး ၁၀ခု
- မုန်ညှင်းထုပ်အဖြူ- ၁လက်မလောက်လေးတွေလှီးထား
အနှစ်အတွက်
- မောရှမ်းမြေ မာလာဟင်း အနှစ် တစ်ဝက်
- ကြက်သားမှုန့် ၁ဇွန်း
- ငံပျာရည် - သင့်သလို
- ကြက်သွန်နီ အ၇ွယ်တော် တစ်လုံး - နုတ်နုတ်စဉ်းထား
- ကြက်သွန်ဖြူ ၃၊ ၄ မွှာ- - နုတ်နုတ်စဉ်းထား
- မြေပဲထောင်း လက်တစ်ဆုပ်စာ
- ပထမဆုံး ရွှေပဲသီး၊ မုန်ညှင်း စတဲ့ အသီးအရွက်တွေကို ရေနွေးဆူဆူမှာ ၁ မိနစ်ခန့်ပြုတ်ပြီး ရေခဲရေထဲမှာ စိမ်ထားလိုက်ပါ။ အဲဒါမှာ အသီးအရွက်တွေ အရောင်မ၀ါသွားပဲ ကြွပ်ကြွပ်ကလေးဖြစ်မှာ။ နောက် မှိုတွေကိုလည်း ၁မိနစ်ခန့်ပြုတ်ပေးပီး ဆယ်ထားလိုက်ပါ
- ဟင်းအနှစ်အတွက် ဆီ ထမင်းစားဇွန်း ၅ ဇွန်း ၊ နှမ်းဆီမွှေး ထမင်းစားဇွန်း ၁ ဇွန်းကို အပူပေး၊ ကြက်သွန်ဖြူ၊နီ ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန် နွမ်းရင် မာလာဟင်း အနှစ်ကိုထည့် ၊ ပြောင်းဖူး မုန်လာဥနီနဲ့ မှို၊ ကျောက်ပွင့်ကို ထည့်မွှေပေးပါ။ အဖုံးအုပ်ပြီး ၁ မိနစ်ခန့်ထားပါ။ ဟင်းခတ်မှုန့်များကိုလည် ထည့်မွှေပါ
- ပြီးရင် မြေပဲမှုန့်ထည့်မွှေပေး ပြီး ဟင်းရွက်အားလုံးကို နောက်ဆုံးမှထည့်ပြီး မီးပြင်းပြင်းနဲ့ ၁မိနစ်လောက်ကြော်ပါ။ ပြီးမှ ပြောင်းဖူးမှုန့်ကို ရေဖျော်ပြီး လောင်းထည့်ပေးလိုက်ပါ။ အပျစ်အကျဲကတော့ စိတ်ကြိုက်ချိန်ပါ။ မိနစ်ဝက်လောက်နေရင် မီးပေါ်မှ ချလို့ရပါပြီ။
အရမ်းကောင်းလွန်းလို့ ထမင်းလွတ် ၂ပွဲစားလိုက်တယ် :D
7 comments:
အစ်မအိုင်ဗီရေ... ပြောရင် ယုံမှာတောင် မဟုတ်ဘူး။ မာလာဟင်းကို ရို့စ် တစ်ခါမှ မစားဖူးသေးဘူး။ သူများတွေ ချက်တာ တွေ့တွေ့နေပေမယ့် ဒီမှာ မာလာဟင်း အနှစ်ထုပ်က ၀ယ်မရတော့ စမ်းပြီး မချက်နိုင်သေးဘူး ဖြစ်နေတာ။ အသားမပါတဲ့ အသီးအရွက် အစုံဟင်းပဲနော်။
စားချင်တှား) ကိုယ်လည်း ဘလောဂ့်တွေ လိုက်
ဖတ်မှ မာလာဟင်း ဆိုတာကို သိတာ
တခါတော့ စားဖူးပြီးသွားပြီး)
ညီမလည်း ဂနေ့ချက်စားပလိုက်မယ် ရှလွတ်
:)))
မာလာဟင်းတော့ ကြိုက်တယ်..
ဆိုင်တွေမှာလည်း အရသာအမျိုးမျိုးဘဲ ကောင်းတဲ့ဆိုင်တော့ တကယ်ကောင်းတာ..
ကိုယ့်ဖာကိုယ်လုပ်စားတော့ စိတ်ကြိုက်ထည့်လို့ရတာပေါ့နော်..
ခုလည်း ပုံလေးကြည့်ရတာ တော်တော် ပြည့်စုံပါတယ်.. မစားဖြစ်တာကြာတဲ့သူတောင် လုပ်စားချင်စိတ်ပေါက်သွားပြီ
မာလာဟင်း အရမ်းကြိုက်တယ်
မစားရတာအတော်ကြာပြီ ...
စကားမစပ် မုန့်လုပ်နည်းလေးတွေအမြဲလာလာဖတ်ပေမယ့် တစ်ခါမှကွန့်မန့်မချန်ခဲ့ဖူးဘူး
cheek cake အရမ်းကြိုက်တယ်
အမနည်းလေးအတိုင်းလုပ်စားမလို့စဉ်းစားနေတာ ခုထိတော့မလုပ်ဖြစ်သေးဘူး
မာလာဟင်းကြိုက်တယ်၊
ဆိုင်မှာစားရင်၊
ဆီလျှော့၊အချိုမူန့် လျှော့၊အစပ်လျှော့၊
ဒီလိုဂျီးများပြီးမှာတာ။
ဆိုင်ရှင်မျက်စောင်းထိုးလေးတော့နဲနဲခံရတာပေါ့။
တခါမှကိုယ်တိုင်မလုပ်စားဖူးဘူး။
ပုံလေးကြည့်ရတာကောင်းမှာ..။
မာလာဟင်း စပ်စပ်လေးစားချင်တယ်။ ရန်ကုန်ပြန်တုံးက ရယ်ဒီမိတ်အထုတ်ဝယ်လာတာ သိပ်ကောင်းတယ်။ ၃ခါလောက်စားရတယ်။
Post a Comment