Tuesday, September 9, 2014

Mini Almond Tart






ဒီမုန့်လေးကတော့ အရင်ကလည်း လုပ်ပြခဲ့ဖူးပါတယ်။ အရင်ကတော့ မုန့်ဗန်း အကြီးကို သုံးပြီးလုပ်ပြတာပါ။ ခုတစ်ခါတော့ တစ်ယောက်စာ အသေးလေးတွေ လုပ်ချင်တဲ့သူများအတွက် အိုင်ဒီယာနောက်တစ်မျိုးရအောင် ခွက်အသေးလေးတွေသုံးပြီး လုပ်ပြပေးထားပါတယ်။ မုန့်အသေးလေးတွေကတော့ လှီးဖြတ်စရာမလိုပဲ တစ်ယောက်စာအနေတော်လေးတွေ ဖြစ်တာကြောင့် ဧည့်သည်တွေကို ဧည့်ခံမယ်ဆိုရင် တော်တော် အဆင်ပြေပါတယ်။ အရင်တုန်းက မဖတ်ဖူးသေးတဲ့ သူတွေအတွက်လည်း အသစ်အဆန်းပေါ့။ ဒီမုန့်က စားလို့သိပ်ကောင်းသလို အပြင်မှာလည်းရှာတွေ့ဖို့ ခက်တဲ့ မုန့်ပါ။ ဘယ်လောက်ကောင်းလဲ သိချင်ရင်တော့ ကိုယ်တိုင်စမ်းလုပ်ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်နော်။

မုန့် အသေး ၁၃ ခုစာ

မုန့်အောက်ခံအတွက်
  • သကြား ၃၀ ဂရမ်
  • ထောပတ် ၄၀ ဂရမ်
  • ကြက်ဥခေါက်ထားသော အရည် စားပွဲဇွန်း ၁ဇွန်း
  • ဂျုံ ၉၀ ဂရမ်
  • လှော်ထားသော Almond meal၂၀ ဂရမ် ( အဲဒါကို အလွယ်တကူရှာမရဘူးဆိုရင် ဆိုင်တွေမှာရောင်းတဲ့ လှော်ပြီးသား almond အစေ့ကိုဝယ်ပြီး ကိုယ့်ဘာသာကိုယ် ထောင်းပြီးသုံးနိုင်ပါတယ်၊ )

မုန့်အောက်ခံလုပ်နည်း
  1. ဂျုံ၊သကြား နှင့် Almond meal ကိုရောမွှေကာ ထောပတ်ကို ထည့်ပေးပြီးခပ်မွမွအသားရသည်အထိ ခက်ရင်းဖြင့်ရောမွှေပါ
  2. ထို့နောက်ကြက်ဥထည့်ကာ ဂျုံလုံးရသည်အထိနယ်ပါ။
  3. ဂျုံသားရလာလျှင် ပလတ်စတ်အိတ်နှင့် ထုတ်ကာရေခဲသေတ္တာထဲတွင် မိနစ် ၂၀ ခန့်ထည့်ပါ။
  4. နောက် ဂျုံလုံးကို ဒလိမ့်တုန်းနဲ့လှိမ့်ပြား ပြီး  ၂ လက်မ အချင်းခန့် အ၀ိုင်းလေးတွေ လှီးဖြတ်ပေးပါ။ ပြီးမှ မုန့်ဖုတ်မယ့်ခွက်လေးတွေထဲမှာ ထည့် ခက်ရင်းလေးတွေနဲ့ ထိုးပေးပြီး ၁၈၀ ဒီဂရီ oven မှာ ၆ မိနစ်လောက်ဖုတ်ပေးပါ။ပြီးရင်oven ထဲကထုတ်ပြီး အအေးခံထားပေးပါ။


မုန့်သားအတွက်
  • သကြား ၁၀၀ ဂရမ်
  • ထောပတ် ၁၀၀ ဂရမ်
  • ဂျုံ ၂၀ ဂရမ်
  • Almond meal ၁၆၀ ဂရမ်
  • ခေါက်ထားသော ကြက်ဥ ၂လုံး
  • Almond Flake အနည်းငယ်


မုန့်သားပြင်နည်း

·         ပထမဆုံး သကြားနဲ့ ထောပတ်ကိုပွလာအောင် ခေါက်ထားပါ။
·         ဂျုံနဲ့ almond အမှုန့်ကိုထည့်မွှေပေးပါ။
·         ခေါက်ထားတဲ့ကြက်ဥကိုလည်းထည့်မွှေပေးပါ။
·         ပြီးရင် ခုနက ဖုတ်ပြီးသား မုန့်အောက်ခံများ ပေါ်မှာဖြည့်ပြီး Almond flake ဖြူးကာ ၁၇၀ degree oven မှာ မိနစ် ၂၀ခန့်ဖုတ်ပေးရင်ရပါပြီ။




1 comment:

Aunty Tint said...

နောက်တစ်ကြိမ် မုန့်လုပ်နည်းလေး ထပ်ယူသွားတယ် .. ကျေးဇူးပါ Evy ရေ...